ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပျက်ပြားအောင် အချိန်ကိုက် လှုပ်ရှားမှုများကို ပြည်သူများ အနေဖြင့် အထူးသတိပြုကြရန် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပျက်ပြားအောင် အချိန်ကိုက် လှုပ်ရှားမှုများကို ပြည်သူများ အနေဖြင့် အထူးသတိပြုကြရန် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 4 November 2020
နေရိုင်း၊ ဇေယျာထွန်း၊ အောင်မင်းသိန်း

ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲပျက်ပြားအောင် အချိန်ကိုက်လှုပ်ရှားမှုများကို ပြည်သူများအနေဖြင့် အထူးသတိပြုကြရန် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နိုဝင်ဘာ ၄ ရက်က နေပြည်တော်ရှိ၊ သမ္မအိမ်တော် သတင်းစာရှင်းလင်းပွဲ ခန်းမဆောင်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏မေးမြန်းမှုကို ၎င်းက ထိုသို့ ပြန်လည်ဖြေကြားခဲ့သည်။

“ဘာ message ပေးချင်းလဲဆိုတော့ ကျွန်တော်တို့ဒီရွေးကောက်ပွဲဟာ နိုင်ငံနဲ့ မြန်မာသူမြန်မာနိုင်ငံသားတွေ အတွက် အထူးပဲ အရေးကြီးတယ်။ ပြည်သူလူထုကို message ပေးချင်တာကတော့ ပြိုင်တူတွန်းရင် ရွေ့နိုင်တယ်။ကိုယ်ဆိုင်ရာဆိုင်ရာ ကဏ္ဍကနေပြီး တော့ ၀ိုင်းဝန်းပူပေါင်း ဆောင်ရွက်သွားကြဖို့။ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက် ပွဲပျက်ပြားအောင် အချိန်ကိုက်လှုပ်ရှားမှုတွေကို အထူးသတိပြုကြဖို့။ ပြီးရင်တော့ နောက်ဆုံး ကျွန်တော်တို့ရဲ့ ပန်းတိုင်းက နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်မြောက်ရေးအတွက် ဝန်းရံကြဖို့ဖြစ်ပါ တယ်။ လူထုကို အဲဒီ messasge ပေးချင်ပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ဆက်လက်၍ ၎င်းက “ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ရွေးကောက်ပွဲတွေက အရေးကြီးပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလို ကူးပြောင်းစနိုင်ငံတွေအတွက် လူထုက ကိုယ်ကြိုက်တဲ့သူကို မဲပေးရွေးချယ်နိုင်ဖို့ ဆယ်စုနှစ်နဲ့ချီပြီး ပြည်သူတွေအနေနဲ့ စောင့် ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးသလို တန်ဖိုးလည်း ထားရမှာပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်ရေးဟာ လက်ရှိ နိုင်ငံတော်အစိုးရရဲ့ ဦးစား ပေးမူဝါဒလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။

လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး  ၀ိုင်းဝန်းဆောင်ရွက်ရမည့် အချိန်ဖြစ်ပြီး အပြုသဘောဆောင်သည့် ဝေဖန်ထောက်ပြမှုများကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လျစ်လျူရှုထားမည်မဟုတ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

၎င်းက “ယခုရက်ပိုင်းအတွင်း ကြိုတင်မဲပေးခြင်းနဲ့ပတ်သက်လို့ ဝေဖန်ပြောဆိုတာတွေ ရှိနေပါတယ်။ တရားဝင်တိုင်ကြား၊ အမှုဖွင့်ထားတာများလည်း ရှိပါတယ်။ ဒီကိစ္စတွေကို ဥပဒေလမ်းကြောင်းအရ စစ်ဆေး ဆုံး ဖြတ်သွားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ အောင်မြင်စွာဖြစ်မြောက်ရေးကို ထိပါးအောင် မည်သည့်အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်များက လုပ်ဆောင်ကြတယ်ဆိုတာ အဲဒီအချိန်ကျရင် ပေါ်လွင်လာပါလိမ့်မယ်။ ယခုအချိန်ကတည်းက ရွေးကောက်ပွဲကို တရားမျှတခြင်းမရှိဘူးလို့ ကြိုတင်ပြစ်တင်ဆုံး ဖြတ်နေခြင်းဟာ မသင့်လျော်ကြောင်း ပြော ကြားလိုပါတယ်။ ယခုအချိန်မှာတော့ ကျွန်တော်တို့အားလုံး နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ဖြစ် မြောက်ရေးအတွက် ဝန်းရံကြဖို့ ဖြစ်ကြောင်း ရှင်းလင်းတင်ပြလိုပါတယ်” ဟု ဆက်လက် ပြောကြားသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ လက်ရှိ အောက်ခြေတွင်ဖြစ်ပွားနေသည့် အငြင်းပွားမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး။ ပြည်နယ်အဆင့်၊ ခရိုင်၊ မြို့ နယ်အဆင့်အထိ စေ့စပ်ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းထားပြီး နေရာအချို့တွင် အငြင်းပွားမှုများကို အားလုံးသဘောတူလက်ခံ၍ စေ့စပ်ညှိနှိုင်းရေးကော်မတီများမှ ဖြေရှင်းဆောင်ရွက်ကြောင်း၊ ရွေးကောက်ပွဲအလွန် ကာလများတွင်လည်း ကိုယ်စားလှယ်များ မဲဆွယ်စည်းရုံးမှုများနှင့်ပတ်သက်၍ ကန့်ကွက် မှုများကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ၂၀၂၀ အလွန် ရှေ့သွားမည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး အစီအစဉ်တွင် အမျိုးသားပြန် လည်သင့်မြတ်ရေးကို ဦးစားပေးထည့်သွင်းထားကြောင်း ဦးဇော်ဌေးက ဆိုသည်။