အာဆီယံထုတ်လုပ်မှုကဏ္ဍအခြေအနေ အကျဘက်နွံထဲတွင် ဆက်လက်ရုန်းကန်နေရပြီး စစ်တမ်း၌ပါဝင်သည့် ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံက ကုန်ထုတ်လုပ်ငန်းများ အဆိုးရွားဆုံးဆုတ်ယုတ်နေ

အာဆီယံထုတ်လုပ်မှုကဏ္ဍအခြေအနေ အကျဘက်နွံထဲတွင် ဆက်လက်ရုန်းကန်နေရပြီး စစ်တမ်း၌ပါဝင်သည့် ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံက ကုန်ထုတ်လုပ်ငန်းများ အဆိုးရွားဆုံးဆုတ်ယုတ်နေ
ကုန်ထုတ်စက်ရုံများလည်ပတ်လျက်ရှိသော ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ကုန်ထုတ်စက်ရုံများလည်ပတ်လျက်ရှိသော ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 4 November 2020
စည်သူအောင်

အာဆီယံထုတ်လုပ်မှုကဏ္ဍ အခြေအနေသည် အကျဘက်နွံထဲတွင် ဆက်လက်ရုန်းကန်နေရပြီး စစ်တမ်းတွင်ပါဝင်သည့် ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံက ကုန်ထုတ်လုပ်ငန်းများ အဆိုးရွားဆုံး ဆုတ်ယုတ်နေကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့်ပြုလုပ်သော အောက်တိုဘာလ IHS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

IHS Markit ဝယ်ယူရေးမန်နေဂျာများ၏အညွှန်းကိန်း (PMI) နောက်ဆုံးဒေတာအရ အာဆီယံထုတ်လုပ်ရေးကဏ္ဍ၏ အကျဘက်ဦးလှည့်မှုမှာ အောက်တိုဘာတွင် ရှေ့ဆက်ခဲ့သည်။ ကဏ္ဍအခြေအနေမှာ ရှစ်လဆက်တိုက်ဆုတ်ယုတ်လာခဲ့သော်လည်း ကျဆင်းမှုနှုန်းမှာ တစ်လအတွင်း မသိမသာ အားပျော့လာခဲ့ပြီး ညင်သာခဲ့သည်။ နောက်ဆုံးဒေတာတွင် ထုတ်လုပ်မှုရော အော်ဒါသစ် မှာယူမှုပမာဏများပါ ရှေ့ဆက်ကျဆင်းခဲ့မှုဖြစ်ပြီး ကျဆင်းမှုနှုန်းမှာ မသိမသာနည်းလာခဲ့ကာ ခြုံပြောရလျှင် အသင့်အတင့် ရှိခဲ့သည်။ သို့သော်လည်း ကုမ္ပဏီများသည် လာမည့် ၁၂ လအတွက် ထုတ်လုပ်မှုနှင့်ပတ်သက်၍ အကောင်းမြင်နေဆဲဖြစ်သည်။

အောက်တိုဘာတွင် အာဆီယံ PMI အညွှန်းသည် ၄၈ ဒသမ ၆ တွင်ရှိနေရာ စက်တင်ဘာ၏ ၄၈ ဒသမ ၃ ထက် မသိမသာမြင့်သော်လည်း အရေးပါသည့် ၅၀ အမှတ်ထက် နိမ့်ကျနေပြီး အာဆီယံကုန်ထုတ်လုပ်ရေး ကဏ္ဍအခြေအနေ အသင့်အတင့် ဆုတ်ယုတ်မှုကို ညွှန်ပြနေသည်။

နိုင်ငံအလိုက်ဆိုလျှင် ပါဝင်သည့် ခုနစ် နိုင်ငံအနက် လေးနိုင်ငံက လုပ်ကိုင်မှုအခြေအနေများ အောက်တိုဘာတွင် ဆုတ်ယုတ်လာကြောင်း မှတ်တမ်းတင်ခဲ့ပြီး အပြင်းထန်ဆုံးအဖြစ် မြန်မာနိုင်ငံက ၃၀ ဒသမ ၆ ဖြင့် ထိုးကျနေကြောင်း မှတ်တမ်းတင်ခဲ့သည်။ အခြားနိုင်ငံများကိုကြည့်လျှင် အင်ဒိုနီးရှားနိုင်ငံက အညွှန်းကိန်း ၄၇ ဒသမ ၈ ဖြင့် အသင့်အတင့်ကျဆင်းမှုကို ညွှန်ပြနေသော်လည်း စက်တင်ဘာနှင့်ယှဉ်လျှင် ညင်သာခဲ့သည်။ မလေးရှားနိုင်ငံက ပြောင်းပြန်ဖြစ်ခဲ့ပြီး ကျဆင်းမှုနှုန်းတိုးကာ အညွှန်းကိန်း ၄၈ ဒသမ ၅ ရှိကာ အသင့်အတင့် ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။

ဖိလစ်ပိုင်နိုင်ငံက အောက်တိုဘာတွင် အညွှန်းကိန်း ၅၀ မှတ်အောက်ရှိသည့် နောက်ထပ်တစ်နိုင်ငံဖြစ်ပြီး အညွှန်း ၄၈ ဒသမ ၅ ရရှိခဲ့ကာ ပြန်လည်ထိုးကျခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာနောက်ပိုင်း ပထမအကြိမ်တိုးတက်လာခဲ့ပြီး အညွှန်းကိန်း ၅၀ ဒသမ ၈ ဖြင့် တစ်နှစ်ခွဲအတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်။ ဗီယက်နမ်နိုင်ငံကလည်း အောက်တိုဘာတွင် ခိုင်မာသည့် တိုးတက်မှုကို မြင်ရပြီး အညွှန်းကိန်း ၅၁ ဒသမ ၈ ရရှိခဲ့သည်။ စင်ကာပူနိုင်ငံသည် အောက်တိုဘာတွင် ၂၀၁၈ ခုနှစ် ဇူလိုင်လမှစပြီး ထုတ်လုပ်ရေးအခြေအနေများ ပထမအကြိမ်တိုးတက်လာမှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အညွှန်းကိန်း ၅၂ အထိ တိုးတက်လာခဲ့သည်။

ခြုံပြောရလျှင် အာဆီယံထုတ်လုပ်ရေး ကဏ္ဍအခြေအနေသည် အောက်တိုဘာတွင် စိန်ခေါ်မှုများရှိနေဆဲဖြစ်ပြီး စက်ရုံများ၏ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ရှေ့ဆက်ကျဆင်းလာခဲ့မှုမှာ အခြေအနေတစ်ရပ်လုံး  ဆုတ်ယုတ်လာမှုအတွက် အဓိကအကြောင်းရင်းများ ဖြစ်သည်။ သို့သော်လည်း ကျဆင်းမှုနှုန်းမှာ စက်တင်ဘာတွင် မြင်ရသကဲ့သို့ မသိသာခဲ့ပါ။ ပြည်ပတင်ပို့ရေးအော်ဒါအသစ်များ တစ်ဟုန်ထိုး ကျဆင်းလာခဲ့သည်နှင့်အမျှ ပြည်ပတွင် ဝယ်လိုအား အားပျော့လာမှုမှာလည်း နောက်ကို ဆွဲနေသည့်အဓိက အချက်တစ်ချက်ဖြစ်သည်။

လက်ကျန်အလုပ်များ ထပ်မံကျဆင်းလာခဲ့၍ နောက်ဆုံးဒေတာက ကုန်ထုတ်စွမ်းအားအပေါ် ဖိအားများ နည်းလာနေကြောင်း လက္ခဏာများကို ထပ်မံမီးမောင်းထိုးပြနေသည်။ သို့ဖြစ်၍ အလုပ်နေရာများ ဆက်လက်ဖြတ်တောက်ခံခဲ့ရပြီး လွန်ခဲ့သည့် လနှင့်စာလျှင် ဝန်ထမ်းဦးရေလျှော့ချခံရမှု အရှိန်မှာ အနည်းငယ်သာပြောင်းခဲ့ပြီး ခြုံပြောရလျှင် ပြင်းထန်နေဆဲဖြစ်သည်။ ဖောက်သည်များဘက်မှ ဝယ်လိုအားပျော့လာခဲ့၍ ကုမ္ပဏီများက အောက်တိုဘာတွင် ၎င်းတို့၏ ဝယ်ယူမှုများကို လျှော့ခဲ့ကြသည်။ နောက်ဆုံးကျဆင်းမှုမှာ ဖေဖော်ဝါရီလမှစပြီး အညင်သာဆုံးဖြစ်ခဲ့သော်လည်း ခိုင်မာသည့်နှုန်း ဖြစ်နေဆဲဖြစ်သည်။ သို့သော်လည်း ပစ္စည်းများ ပေးသွင်းရာတွင် အခက်အခဲများဆက်ရှိခဲ့ပြီး လုပ်ငန်းပြီးဆုံးရန် ပျမ်းမျှကြာချိန်မှာ စက်တင်ဘာနှင့်ယှဉ်လျှင် ပိုကြာလာသည်။

ထုတ်လုပ်မှုစရိတ်များ စက်တင်ဘာလထက် အရှိန်ရမြင့်တက်လာခဲ့ပြီး ခြုံပြောရလျှင် သိသာခဲ့သောကြောင့် အမြတ်အစွန်းများအတွက် ဖိအားပေးမှုများတိုးလာခဲ့ပြီး ပျမ်းမျှရောင်းစျေးများမှာ ထပ်မံကျဆင်းခဲ့သည်။ အနာဂတ်သို့ မျှော်ကြည့်လျှင် ကုမ္ပဏီများက လာမည့်တစ်နှစ်အတွင်း ထုတ်လုပ်မှုတိုးလာမည်ဟု ယုံကြည်မြဲယုံကြည်ခဲ့သည်။ အကောင်မြင်မှုမှာ ဇန်နဝါရီမှစ၍ အမြင့်ဆုံးဖြစ်ခဲ့ပြီး စစ်တမ်း၏ရေရှည်ပျမ်းမျှထက် မသိမသာနိမ့်ခဲ့သည်။

IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper က “ အောက်တိုဘာဒေတာက အာဆီယံထုတ်လုပ်ရေးကဏ္ဍ အကျဘက် ဦးလှည့်မှုဆက်နေတာကို မီးမောင်းထိုးပြနေပါတယ်။ စက်ရုံထုတ်လုပ်မှုနဲ့ အော်ဒါအသစ်တွေ ဆက်လက်ကျဆင်းလာတဲ့ကြားမှာ လုပ်ကိုင်မှုအခြေအနေတွေ ရှစ်လဆက် တိုက်ဆုတ်ယုတ်ခဲ့ပြီး ကျဆင်းမှုနှုန်းကတော့ အရင်လထက် မသိမသာအားနည်းလာပါတယ်။ ဝယ်လိုအားနည်းပြီး ကုန်ထုတ်လုပ်မှု ဖိအားအားနည်းနေတာကြောင့် လုပ်သားဦးရေကိုလည်း ဆက်ပြီးဖြတ်တောက်လာကြပါတယ်။ တစ်ခုတည်းသော အပြုသဘော လက္ခဏာကတော့ အနာဂတ်ကုန်ထုတ်လုပ်မှု အညွှန်းဖြစ်ပြီး ၅၀ အထက်ရှိနေပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent