အစိုးရဖွဲ့နိုင်သော ပါတီကို မဲပုံပေးခြင်းသည် တစ်ပါတီ အာဏာရှင်စနစ်ကို ပြန်သွားခြင်းဖြစ်နေပြီး ထိုသို့ ပြောဆို မဲဆွယ်စည်းရုံးခြင်းသည် ဒီမိုကရေစီနှင့် ဆန့်ကျင်သော မဲဆွယ်စည်းရုံးမှုဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ပြောကြား

အစိုးရဖွဲ့နိုင်သော ပါတီကို မဲပုံပေးခြင်းသည် တစ်ပါတီ အာဏာရှင်စနစ်ကို ပြန်သွားခြင်းဖြစ်နေပြီး ထိုသို့ ပြောဆို မဲဆွယ်စည်းရုံးခြင်းသည် ဒီမိုကရေစီနှင့် ဆန့်ကျင်သော မဲဆွယ်စည်းရုံးမှုဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ပြောကြား
Published 4 November 2020

အစိုးရဖွဲ့နိုင်သော ပါတီကို မဲပုံပေးခြင်းသည် တစ်ပါတီ အာဏာရှင်စနစ်ကို ပြန်သွားခြင်းဖြစ်နေပြီး ထိုကဲ့သို့ ပြောဆို၍ မဲဆွယ်စည်းရုံးခြင်းသည်လည်း ဒီမိုကရေစီနှင့် ဆန့်ကျင်သော မဲဆွယ်စည်းရုံးမှု ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ပြည်သူ့ရှေ့ဆောင်ပါတီရုံးတွင် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ကြိုတင်မဲ ကောက်ယူရာတွင် ကြုံတွေ့ရသော အခြေအနေများနှင့် ပတ်သက်၍ ပြည်သူ့ရှေ့ဆောင်ပါတီက သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာ၌ ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အစိုးရဖွဲ့နိုင်တဲ့ပါတီကို မဲပေးပါဆိုရင် အစိုးရဖွဲ့နိုင်တဲ့ပါတီကိုသာ မဲပုံပေးလိုက်မယ်ဆိုရင် တစ်ပါတီအာဏာရှင် စနစ်ကို ပြန်သွားတာ ဖြစ်နေတယ်ပေါ့နော်။ အဲဒါအတွက်ကြောင့်မို့လို့ ဒီဟာကတော့ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ မဲဆွယ်စည်းရုံးမှုလို့ ကျွန်မကတော့ ယူဆပါတယ်ရှင့်” ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပြီး ဒီမိုကရေစီ၏ အလှတရားသည် အတိုက်အခံရှိခြင်း ဖြစ်ကြောင်း၊ ဥပမာအားဖြင့် အတိုက်အခံ မရှိခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်တွင် ကျင့်သုံးခဲ့သော ဆိုရှယ်လစ် စီးပွားရေးစနစ်သည် နိုင်ငံနှင့် ပြည်သူလူထုအတွက် အကျိုးမရှိသော်လည်း အဆိုပါစနစ် အပြောင်းအလဲဖြစ်ရန် ၂၆ နှစ်ကြာသည်အထိ စောင့်ခဲ့ရကြောင်းနှင့် ထိုသို့ ၂၆ နှစ်ကြာအောင် လမ်းမှားပေါ်တွင် လျှောက်ခဲ့ခြင်းသည် အတိုက်အခံ မရှိခြင်းကြောင့် ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌက ပြောကြားသည်။

အတိုက်အခံကောင်းရှိခြင်းသည် အစိုးရအနေဖြင့် လုပ်ချင်ရာ လုပ်၍မရစေရန်နှင့် ပြည်သူများ၏ အသံများအား နားထောင်စေရန်ဖြစ်ပြီး ယင်းသည် အစိုးရကို တည့်မတ်ပေးခြင်းလည်းဖြစ်ကာ အလွန်အရေးကြီးကြောင်းလည်း ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။

“တကယ်တမ်းဆိုလို့ရှိရင်တော့ ဖြစ်နိုင်တာက ကျွန်တော်တို့ အစိုးရက ပြီးခဲ့တဲ့ ငါးနှစ်က ဘာတွေလုပ်ခဲ့တယ်။ ဘာတွေကတိပေးခဲ့တယ်။ ရွေးကောက်ပွဲ ကတိကဝတ် ဘာတွေပေးခဲ့တယ်။ ဘာတွေဆောင်ရွက်နိုင်ခဲ့တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဆက်လက်ပြီး ကျွန်တော်တို့ ဆက်ပြီး အလုပ်လုပ်ခွင့်ရဖို့ ပြည်သူတွေက မဲပေးပါ။ နောက် ငါးနှစ်မှာ ကျွန်တော်တို့ ဘာလုပ်ပါမယ်ဆိုတဲ့ ဒီလိုမျိုး ပြည်သူနဲ့ အစိုးရနဲ့ နိုင်ငံရေးပါတီကြားထဲမှာ Social Contract ပေါ့နော် ပဋိညာဉ်လိုမျိုး ရှိရမယ့်အစား အစိုးရဖြစ်နိုင်တဲ့ပါတီပဲ မဲပေးပါဆိုတာကတော့ တစ်ပါတီအာဏာရှင်စနစ်ကို ပြန်ပြန်ပြီးတော့ ဂငယ်ကွေ့ ကွေ့သလို ဖြစ်တာပေါ့နော်။ နောက်ကြောင်းပြန်သလို ဖြစ်တယ်။ အဲဒါကတော့ ကျွန်မတို့ပါတီအနေနဲ့ သဘောမတူပါဘူးရှင့်”ဟု ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။

လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားညီညွတ်ရေးသည် အရေးကြီးနေကြောင်း၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခရှိနေခြင်းသည် တိုင်းရင်းသားလူနည်းစုအခွင့်အရေး နည်းပါးနေခြင်းကြောင့်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ ဦးဆောင်ပါဝင်ခြင်း မရရှိသည့်အတွက် လက်နက်ကိုင် ပဋိပက္ခများ ရှိနေခြင်းကြောင့် တိုင်းရင်းသားပါတီများလည်း ရွေးကောက်ပွဲတွင် အနိုင်ရစေလိုကြောင်းလည်း ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။

ပါတီစုံဒီမိုကရေစီစနစ် ပိုမိုရှင်သန်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုကို ခိုင်ခိုင်မာမာ တည်ဆောက်ရေးအတွက် အကောင်းဆုံးခြေလှမ်းသည် တိုင်းရင်းသားပါတီများ လွှတ်တော်ထဲ ရောက်၍ ကိုယ့်ပြည်နယ်တွင် ကိုယ်ပိုင် အစိုးရဖွဲ့ပိုင်ခွင့် ရရှိရန် လိုအပ်ကြောင်း၊ အကယ်၍ ညွန့်ပေါင်းအစိုးရ ဖွဲ့လိုက်နိုင်ပါကလည်း တိုင်းရင်းသားများ သည် ပြည်ထောင်စုအစိုးရ၏ အစိတ်အပိုင်း ဖြစ်လာနိုင်သည့်အတွက် အစိုးရဖွဲ့နိုင်သော ပါတီကိုသာ မဲပေးပါ ဟူသော ပြောဆိုချက်အပေါ် သဘောမတူကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။