ဇေယျာသီရိမြို့နယ် အနော်ရထာရပ်ကွက်ရှိ မဲရုံတွင် ကြိုတင်မဲပုံးတစ်ခု၏ လုံခြုံရေးကြိုးတစ်ချောင်း ပျက်စီးမှုဖြစ်ခဲ့ပြီး အရည်အသွေးပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပြတ်တောက်သည်ဟု သုံးသပ်ကြောင်း မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

ဇေယျာသီရိမြို့နယ် အနော်ရထာရပ်ကွက်ရှိ မဲရုံတွင် ကြိုတင်မဲပုံးတစ်ခု၏ လုံခြုံရေးကြိုးတစ်ချောင်း ပျက်စီးမှုဖြစ်ခဲ့ပြီး အရည်အသွေးပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပြတ်တောက်သည်ဟု သုံးသပ်ကြောင်း မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Published 4 November 2020
နေရိုင်း၊ အောင်မင်းသိန်း

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် အနော်ရထာရပ်ကွက်ရှိ မဲရုံတွင် ကြိုတင်ဆန္ဒမဲလက်မှတ် သိမ်းဆည်းထားသော မဲပုံးတစ်ခု၏ လုံခြုံရေးကြိုးတစ်ချောင်း ပျက်စီးမှု ဖြစ်ပွားခဲ့သော်လည်း ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ အရည်အသွေးပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပြတ်တောက်သွားသည်ဟု သုံးသပ်ကြောင်း ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောကြားသည်။

နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များ၏ ရပ်ကွက်တစ်ခုဖြစ်သော အနော်ရထာရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ရှိသည့် ကြိုတင်ဆန္ဒမဲလက်မှတ်များကို သိမ်းဆည်းထားသော မဲပုံးတစ်ခု၏ လုံခြုံရေးကြိုးတစ်ချောင်း ပျက်ဆီးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အနော်ရထာရပ်ကွက် ကြိုတင်ဆန္ဒမဲပေးတဲ့ နေရာမှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ လုံခြုံရေး၊ ကြိုတင်ဆန္ဒမဲပုံး လုံခြုံရေးကြိုးတစ်ချောင်း ပြတ်တယ်ဆိုပြီးတော့ ၈ နာရီမထိုးခင်မှာပဲ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌကို သတင်းပေးတဲ့အတွက်ကြောင့် ဖြစ်ဖြစ်ချင်းပဲ ရပ်ကွက်မဲရုံကိုလာပြီးတော့မှ စစ်ဆေးပါတယ်။ အဲလိုစစ်ဆေးတဲ့ နေရာမှာလည်း ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေ၊ မဲရုံကိုယ်စားလှယ်တွေ၊ အကူကိုယ်စားလှယ်တွေ၊ ကျွန်တော်တို့ရဲ့ ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ တပ်ရင်းတပ်ဖွဲ့ အကြီးအမှူးတွေရှေ့မှာပဲ အဲဒီလုံခြုံရေးကြိုးကို စစ်ဆေးပါတယ်။ အဲလို စစ်ဆေးတဲ့အခါမှာ ကျွန်တော် တွေ့ရှိရတာကတော့ ဒီလုံခြုံရေးကြိုးက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်ထားခြင်းမျိုး မဟုတ်ဘဲနဲ့ အဲဒီလုံခြုံရေးကြိုးရဲ့ Quality၊ အရည်အသွေးပိုင်ဆိုင်ရာ ချို့ယွင်းမှုကြောင့် ပြတ်တောက်သွားတယ်လို့ ကျွန်တော်အနေနဲ့ သုံးသပ်ပါတယ်” ဟု ဦးမောင်မောင်က ပြောကြားသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များ နေထိုင်သည့် ရပ်ကွက်များအဖြစ် အနော်ရထာရပ်ကွက်နှင့် ကျန်စစ်သားရပ်ကွက်ဟူ၍ ရပ်ကွက် (၂) ခုရှိပြီး ကြိုတင်ဆန္ဒမဲပုံးတွင် တပ်ဆင်ထားသော လုံခြုံရေးကြိုးသည် အနော်ရထာရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင်ရှိသည့် မဲပုံးတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဘာကြောင့် ဒီလိုသုံးသပ်လည်းဆိုရင် အဲဒီလုံခြုံရေးကြိုးအပြင် အခြားကြိုတင်မဲပုံးရဲ့ လုံခြုံရေး ကြိုးတစ်ချောင်းသည်လည်း အဆက်နေရာမှာ တည်းနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အဲတာမျိုးမဖြစ်အောင် ဒီကြိုတင်မဲပုံးတွေကို သက်ဆိုင်ရာ မဲရုံကိုယ်စားလှယ်တွေ၊ အကူကိုယ်စားလှယ်တွေကနေပြီး တိပ်တွေနဲ့ပတ်ပြီးတော့ မဲပုံးကိုငြိမ်အောင် ကျွန်တော်တို့ စေခိုင်းပါတယ်။ နောက် လုံခြုံရေးကြိုးပျက်နိုင်တဲ့ ကြိုးတွေအားလုံးကို လိုက်စစ်ပြီးတော့မှ လိုအပ်တဲ့ကြိုးတွေကို ထပ်မံအသစ်လဲလှယ်ကြဖို့၊ ဒါ အများရှေ့မှာပဲ ပွင့်လင်းမြင်သာ ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

ကြိုတင်ဆန္ဒမဲပုံးတွင် တပ်ဆင်ထားသော ပျက်စီးသွားသည့် လုံခြုံရေးကြိုးအစား အခြားသော လုံခြုံရေးကြိုးသစ်တစ်ချောင်းကို တာဝန်ရှိသည့် ပုဂ္ဂိုလ်များအားလုံးရှေ့တွင် ပွင့်လင်းမြင်သာစွာ လဲလှယ်သွားမည်ဖြစ်ပြီး အခြားသော ပျက်စီးရန်အခြေအနေရှိသည့် လုံခြုံရေးကြိုးများကိုလည်း အသစ်တစ်ချောင်းစီ ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း ဦးမောင်မောင်က ပြောကြားသည်။

မဲပုံး၏ လုံခြုံရေးကြိုးပျက်စီးသွားခြင်းကြောင့် ယင်းမဲပုံးအတွင်းရှိ ကြိုတင်ဆန္ဒမဲလက်မှတ်များသည် ပယ်မဲများဖြစ်သွားနိုင်သလားဆိုသည့် မေးမြန်းမှုကို “မဖြစ်ပါဘူး။ မဖြစ်ပါဘူးဆိုတာ ကျွန်တော်တို့က ၂၀၁၅ တုန်းက ကြိုတင်မဲပုံးတစ်ပုံးကို လုံခြုံရေးကြိုးနှစ်ချောင်းပဲ တပ်ပါတယ်။ အခု ၂၀၂၀ မှာ ပိုမိုလုံခြုံစိတ်ချရစေဖို့အတွက်ဆိုပြီးတော့ လုံခြုံရေးကြိုးလေးချောင်းဖြစ်တဲ့အတွက်ကြောင့် တစ်ချောင်းတည်းပြတ်ရုံနဲ့ အဲဒီမဲပုံးကို ဘယ်လိုမှ ကျွန်တော်တို့ ဖွင့်ဟပြီး အထဲကကြိုတင်မဲလက်မှတ်တွေကို ထုတ်ယူတာတို့၊ မသမာတာတို့ ပြုလုပ်ဆောင်နိုင်လို့မရပါဘူး။ ကျွန်တော်တို့က လုံခြုံရေးကြိုးတစ်ချောင်းပြတ်ရင် သုံးချောင်းကျန်ပါတယ်။ ဒါကြောင့် ဒါလည်း ဘယ်လိုမှ ထိခိုက်မှုမရှိဘူးလို့ပဲ ကျွန်တော်အနေနဲ့ ထင်မြင်ယူဆ သုံးသပ်ပါတယ်” ဟု ဦးမောင်မောင်က ပြောကြားသည်။

Most Read

Most Recent