ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူများကို မခံချင်စိတ်နှင့် တုံ့ပြန်စေချင်၍ တမင်သက်သက် ဆွနေကြခြင်းဖြစ်ပြီး ယင်းလုပ်ရပ်များနှင့် ဆင်ထားသည့် ထောင်ချောက်ထဲသို့ မဝင်ကြရန် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူများကို မခံချင်စိတ်နှင့် တုံ့ပြန်စေချင်၍ တမင်သက်သက် ဆွနေကြခြင်းဖြစ်ပြီး ယင်းလုပ်ရပ်များနှင့် ဆင်ထားသည့် ထောင်ချောက်ထဲသို့ မဝင်ကြရန် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Photo: Chair NLD Facebook
Photo: Chair NLD Facebook
Published 3 November 2020

ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူများကို မခံချင်စိတ်နှင့် တုံ့ပြန်စေချင်၍ တမင်သက်သက် ဆွနေကြခြင်းဖြစ်ပြီးယင်းလုပ်ရပ်များနှင့် ဆင်ထားသည့် ထောင်ချောက်ထဲသို့ မဝင်ကြရန် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်းအသုံးပြုသည့် Chair NLD Facebook Page တွင် ယနေ့ (နိုဝင်ဘာ ၃ ရက်) တွင် ဒီကနေ့အတွက် ဒီအတွေးခေါင်းစဉ်ဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရေးသားမှု၌ ထည့်သွင်းရေးသား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲဖြစ်ရန် နီးပြီဖြစ်ကြောင်း၊ နီးလာသည်နှင့်အမျှ ရွေးကောက်ပွဲသည် နိုင်ငံအတွက် မည်မျှအရေးပါသည်ကို ပြည်သူများ ပို၍ပို၍ သိလာကြပြီထင်ကြောင်း၊ ရွေးကောက်ပွဲ တည်တည်ငြိမ်ငြိမ်နှင့် ဖြစ်မြောက်ပြီး ပြည်သူများ၏ ဆန္ဒအမှန်ကို အောင်မြင်စွာဖော်ထုတ်ရန်သည် အဓိကလိုအပ်ချက်ဖြစ်ကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ဒါကို မလိုလားလို့ နည်းအမျိုးမျိုးနဲ့ ရွေးကောက်ပွဲ အောင်မြင်စွာ ဖြစ်မြောက်ရေးကို ထိခိုက်အောင် ဆောင်ရွက်မှုတွေ ရှိနေတယ်ဆိုတာလည်း ပြည်သူတွေအသိပါပဲ။ ဒေါသဖြစ်မယ်ဆိုရင် ဖြစ်ချင်စရာ အတော်များများ ကြုံတွေ့နေရပါတယ်။ တမင်သက်သက် ပြည်သူတွေကို မခံချင်စိတ်နဲ့ တုံ့ပြန်စေချင်လို့ ဆွနေကြတာပါ။ ဒီလိုလုပ်ရပ်တွေနဲ့ ဆင်ထားတဲ့ ထောင်ချောက်ထဲကို မဝင်မိကြပါစေနဲ့။ ကျွန်မတို့ ငယ်ငယ်တုန်းက လူတိုင်းလိုလိုသိကြတဲ့ အပြောလေးတစ်ခုကို ပြန်မှတ်မိလိုက်တယ်။ "ဘာရမလဲ သာဝရာ၊ မင်းလောက်တော့ ငါ ပါးပါသေးတယ်ကွာ"။ "သာဝ" ဆိုတာ ဘယ်သူဘယ်ဝါမှန်း မသိပါ။ ဒါပေမယ့် ကလေးတွေကတောင် အဓိပ္ပါယ်ကို နားလည်ကြပါတယ်။ ကျွန်မတို့လည်း ယခု ဒီအတိုင်းပါပဲ။ "သာဝ" တွေထက် လိမ္မာပါးနပ်ကြရမယ်။ စိတ်ထိန်းနိုင်ရမယ်။ "သာဝ" တွေထက် သာတဲ့ပြည်သူတွေပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားပြောကြားသည်။

မိမိတို့အနေဖြင့် မည်သို့ အောင်နိုင်ကို ရယူမည်နည်းဆိုသည်မှာ မခက်ကြောင်း၊ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် မိမိတို့အချင်းချင်း ပို့သနေသည့် မေတ္တာများကို အာရုံပြုပြီး စိတ်ကြည်လင်စွာနှင့် အိပ်ယာထကာ တည်ငြိမ်အေးချမ်းစွာနှင့် ယုံကြည်ချက်ကို ခိုင်ခိုင်မာမာဆုပ်ကိုင်ပြီး မဲရုံကိုသွားကာ မဲပေးကြပါဟုလည်း ၎င်းက တိုက်တွန်းရေးသားသည်။

“ Mask တွေ တပ်ထားကြရမှာဆိုတော့ တစ်ဦးနဲ့တစ်ဦး အပြုံးတွေနဲ့ အားပေးလို့ မရတော့ မျက်လုံးချင်း ဘယ်လောက် စကားပြောနိုင်မလဲ။  အကြည့်တွေနဲ့ပဲ အရေးကြီးလို့ သွေးစည်းနေကြပြီဆိုတာကို ပြသကြပါ။ အကယ်၍ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီစွာ မဲပေးရေးကို ထိပါးစေမယ့် အခြေအနေ၊ လုပ်ရပ်တွေကို သတိထားမိရင်၊ မဲရုံက တာဝန်ရှိသူတွေကို ရှင်းရှင်းလင်းလင်း၊ တည်တည်ငြိမ်ငြိမ် တင်ပြကြပါ။ ပြည်တွင်းပြည်ပက ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နေတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ ရှိပါလိမ့်မယ်။ ကျွန်မတို့ ပြည်သူတွေရဲ့ နိုင်ငံရေးရင့်ကျက်မှု၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးရေးကို အလေးထားမှု ပေါ်လွင်ထင်ရှားအောင် ပြသလိုက်ကြပါ။  ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများ အလေးထား လိုက်နာတာကိုလည်း ပြသလိုက်ကြပါ” ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အတူ မဲရုံတွင် မဲသွားပေးနိုင်သူများကို အားကျလှကြောင်း၊ မိမိအနေဖြင် ့အသက် ၆၀ ကျော်ဖြစ်သဖြင့် ကြိုတင်မဲပေးလိုက်ပြီ ဖြစ်ကြောင်း၊ သို့သော် နိုဝင်ဘာ ၈ ရက်တွင် မိမိစိတ်များသည် မြန်မာနိုင်ငံ တစ်ဝန်းလုံး မဲပေးနေကြသည့် ပြည်သူများနှင့် အတူရှိနေမည် ဖြစ်ကြောင်းနှင့် ညီညွတ်ခြင်းအင်အား၊ တည်ငြိမ်ခြင်း အင်အားများနှင့် အောင်လံခိုင်ဖို့ အင်တိုက်အားတိုက် NLD ကို မဲပေးကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသည်။

Most Read

Most Recent