“၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ” (ဧရာဝတီတိုင်းဒေသကြီး)

“၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ” (ဧရာဝတီတိုင်းဒေသကြီး)
Published 4 November 2020

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ထဲမှ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ စိတ်ဝင်စားမှု မြင့်တက်နိုင်သည့် ကိုယ်စားလှယ်လောင်းအချို့နှင့် ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည့် မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်လောင်းအချို့ကို Eleven Media Group အယ်ဒီတာအဖွဲ့က ရွေးချယ်ဖော်ပြလိုက်ပါသည်။

အမည် - ဦးစိုးနိုင်

အသက် - ၅၈ နှစ်

ပညာအရည်အချင်း - B.Sc, DSA

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးစိုးနိုင်သည် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပါတီအသစ်တစ်ခုဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းသည် အငြိမ်းစားတစ်ဦးဖြစ်ပြီး အိမ်တွင်းစက်မှုသောက်ရေသန့်လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိထားသည်။ ဦးစိုးနိုင်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသမီးပါတီ (မွန်) နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်။

အမည် - ဦးသန်းမောင်

အသက် - ၆၁ နှစ်

ပညာအရည်အချင်း - B.Sc, B.Ed

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကရင်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျိုက်လတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးသန်းအောင်သည် ကျိုက်လတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ကရင်ပြည်သူ့ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ကရင်ပြည်သူ့ပါတီသည် ဧရာဝတီတိုင်းအတွင်း ကရင်လူမျိုများ ထောက်ခံမှုမြင့်တက်နေသည့် ပါတီတစ်ခုဖြစ်ပြီး ယင်းပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ဦးသန်းမောင်ကို ဒေသခံများကြား စိတ်ဝင်စားမှုရှိနိုင်သည်ဟု သုံးသပ်ရသည်။ ထို့ပြင် ဦးသန်းမောင်သည် လက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း) တစ်ဦးလည်း ဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိခဲ့သည်။ ဦးသန်းမောင်အနေဖြင့် ယင်းမဲဆန္ဒနယ်အတွင်း NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးပါတီတို့နှင့် ယှဉ်ပြိုင်ရမည်။

အမည် - ဒေါက်တာဒေါ်ခင်ညို

အသက် - ၆၉ နှစ်

ပညာအရည်အချင်း - M.B.B.S.M.Med.Sc (ENT)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ -NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဒေးဒရဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါက်တာဒေါ်ခင်ညိုသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေးဒရဲမြို့နယ်ပြည်သူ့လွှတ်တော်နေရာကို NLD ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရရှိပြီး လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် ပြည်သူ့ဆေးရုံများတွင်် လက်ထောက်ဆရာဝန်အဖြစ်နှင့် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးမှ အငြိမ်းစားယူခဲ့သည်။ ထို့ပြင် မြို့နယ်အနှံ့ နား၊ နှာခေါင်း၊ လည်ချောင်း လူနာများအား အခမဲ့ကြည့်ရှုကုသပေးခဲ့သူလည်း ဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။ လက်ရှိလွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်သည့် ၎င်းအတွက် ရွေးကောက်ပွဲအနိုင်ရရှိရန် အလားအလာကောင်းမွန်သည်ဟု ဆိုရမည်ဖြစ်သည်။

အမည် - ဒေါက်တာစံရွှေဝင်း

အသက် - ၆၇ နှစ်

ပညာအရည်အချင်း - MIBBS, MPTM, MPA,Dip in Epi, Dip in Health Care Mgt

လူမျိုး/ ဘာသာ - ဗမာ/ ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရေကြည်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါက်တာစံရွှေဝင်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရေကြည်မြို့နယ် ပြည်သူ့လွှတ်တော်နေရာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုယှဉ်ပြိုင်အနိုင်ရရှိပြီး လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံအတွင်း မြို့နယ်အသီးသီးတွင် ဆရာဝန်တာဝန်ကိုထမ်းဆောင်ခဲ့ပြီး ကျန်းမာရေးဦးစီးဌာန (ရန်ကုန်မြို့) တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် ၂၀၀၈ မှ ၂၀၁၄ ခုနှစ်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) (ရန်ကုန်မြို့) တွင် National Consultant တို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါက်တာစံရွှေဝင်းအနေဖြင့် ယင်းမဲဆန္ဒနယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည် - ဒေါက်တာအောင်ကြီး

အသက် - ၆၇ နှစ်

ပညာအရည်အချင်း -B.V.S

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျိုက်လတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါက်တာအောင်ကြီးသည် ကျိုက်လတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် စစ်မှုထမ်းဟောင်း ဒုတိယဗိုလ်မှူးကြီး အငြိမ်းစားဖြစ်ပြီး မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ကာ အငြိမ်းစားယူထားသူလည်းဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကအနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရရှိခဲ့သဖြင့် ဒေါက်တာအောင်ကြီးအနေဖြင့် အာဏာရပါတီ NLD ပါတီကို အဓိကယှဉ်ပြိုင်ရမည်ဟု သုံးသပ်ရသည်။ ထို့ပြင် ကရင်ပြည်သူ့ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ကိုလည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည် - ဦးမောင်ပုတ်

အသက် - ၇၂ နှစ်

ပညာအရည်အချင်း - ပဥ္စမတန်း

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကရင််ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ညောင်တုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးမောင်ပုတ်သည် ညောင်တုန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ကရင်ပြည်သူ့ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ဦးမောင်ပုတ်သည် လယ်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ဒေသခံလယ်သမားများ၏ အခက်အခဲများကို နားလည်သိရှိပြီးသူတစ်ဦးဟု ဆိုနိုင်သည်။ ထို့ပြင် ၎င်းသည် ကရင်လူမျိုးဖြစ်ပြီး ယင်းဒေသတွင်း ကရင်လူမျိုးများ၏ ထောက်ခံမှုရရှိရန် အလားအလားရှိသည်ဟု ယူဆရသည်။ ယင်းမဲဆန္ဒနယ်၌ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိခဲ့သည်။ ဦးမောင်ပုတ်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင််းကျိုးဆောင်ပါတီတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည် - ဦးညွန့်သိန်း

အသက် - ၇၁ နှစ်

ပညာအရည်အချင်း - သိပ္ပံဘွဲ့ (သင်္ချာ)

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် -  ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးညွန့်သိန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော်နေရာကို NLD ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရရှိပြီး လက်ရှိပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။ ၎င်းသည် ဥယျာဉ်ခြံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ကိုင်ခဲ့ပြီး ပန်းတနော်မြို့နယ် ပြည်သူ့ကောင်စီဝင်နှင့် မိမ္မပြေး တွဲဖက် အ.လ.က ၌ အခမဲ့ဆရာအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် တစညပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိခဲ့သည်။ ယခုရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် ပြည်ခိုင်ဖြိုးပါတီနှင့် ကရင်ပြည်သူ့ပါတီကို အဓိကယှဉ်ပြိုင်ရမည်ဟု ယူဆရသည်။

အမည် - ဒေါက်တာသန်းအောင်

အသက် - ၆၉ နှစ်

ပညာအရည်အချင်း - M.B.B.S (DGM), MA (Defence Studies)

လူမျိုး/ ဘာသာ - ဗမာ/ ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါက်တာသန်းအောင်သည် တပ်မတော်အရာရှိတစ်ဦးဖြစ်ပြီး ဗိုလ်ချုပ်အဆင့်ဖြင့် အငြိမ်းစားယူထားသူ ဖြစ်သည်။ ထို့ပြင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးသည်။ ယင်းမဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီက မဲ ၈၂၁၁၈ ရရှိပြီး ပြည်ခိုင်ဖြိုးပါတီက မဲ ၇၅၈၉၂ ရရှိထားသဖြင့် ပါတီကြီးနှစ်ခုကြား ပြိုင််ဆိုင်မှုပြင်းထန်သည့် မဲဆန္ဒနယ်ဖြစ်ကြောင်း သုံးသပ်ရသည်။ ဒေါက်တာသန်းအောင်အနေဖြင့် ၂၀၂ဝရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ NLD ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီတို့ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည် - ဦးစဝင်းသန်း

အသက် - ၅၈ နှစ်

ပညာအရည်အချင်း - B.Sc, B.Ed (Q)

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကရင်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ၀ါးခယ်မမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးစဝင်းသန်းသည် ၀ါးခယ်မမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ကရင်ပြည်သူ့ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းသည် မြို့နယ်ပညာရေးမှူးအဆင့် အငြိမ်းစားယူထားသူလည်း ဖြစ်သည်။ ကရင်ပြည်သူ့ပါတီ၏ ကိုယ်စားလှယ်လောင်းဖြစ်သည့်အတွက် ဦးစဝင်းသန်းသည် ယင်းဒေသခံများ၏ စိတ်ဝင်စားမှုရှိသူဟုလည်း ဆိုနိုင်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ တွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရပြီး ၂၀၁၂ ကြားဖြတ်နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။ ဦးစဝင်းသန်းအနေဖြင့် ယင်းမဲဆန္ဒနယ်၌ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များကို ယှဉ်ပြိုင်ရမည်။

အမည် - နော်စေးခူ

အသက် - ၅၄ နှစ်

ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့ (ပထဝီ)

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကရင်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

နော်စေးခူသည် အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကရင်ပြည်သူ့ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းသည် ဥယျာဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးလည်း ဖြစ်သည်။ ကရင်ပြည်သူ့ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းဖြစ်သည့်အပြင် ကရင်လူမျိုးဖြစ်ခြင်းကြောင့် ယင်းမဲဆန္ဒနယ်အတွင်းရှိ ဒေသခံကရင်လူမျိုးများ၏ စိတ်ဝင်စားမှုရှိသူဟု ဆိုနိုင်သည်။ ယခုရွေးကောက်တွင် ယင်းမဲဆန္ဒနယ်၌ ပြိုင်ဆိုင်မှုပြင်းထန်မည်ဟု သုံးသပ်ရပြီး နော်စေးခူအနေဖြင့် NLD ၊ ပြည်ခိုင်ဖြိုး၊ ကရင်အမျိုးသားပါတီ၊ UBP ၊ PPP ၊ တစညပါတီနှင့် မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီတို့ကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည် - မန်းငြိမ်းမောင်

အသက် - ၇၇ နှစ်

ပညာအရည်အချင်း - နဝမတန်း

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကရင်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

မန်းငြိမ်းမောင်သည် ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်နေရာအတွက် ကရင်ပြည်သူ့ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းသည် ကရင်လူမျိုးများကြား နာမည်ကျော်ကြားသူဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင်တစ်ဦး ဖြစ်ကာ မဟာမိတ်ဆက်ဆံရေးဌာနတာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ပြီး ရွေးကောက်ပွဲယှဉ်ပြိုင်ရန် KNU အဖွဲ့မှ နုတ်ထွက်ထားသည်။ ၎င်းအနေဖြင့် ဒေသခံကရင်လူမျိုးများ၏ ထောက်ခံမှုရရှိရန် အလားအလာရှိသူလည်း ဖြစ်ကြောင်း သုံးသပ်ရသည်။ မန်းငြိမ်းမောင်အနေဖြင့် ယင်းမဲဆန္ဒနယ်တွင် NLD ပါတီကို အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည် - မန်းနေသူရိန်

အသက် - ၅၄ နှစ်

ပညာအရည်အချင်း - သိပ္ပံဘွဲ့ (သင်္ချာ)

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကရင်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

မန်းနေသူရိန်သည် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ကရင်ပြည်သူ့ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူလည်းဖြစ်သည်။ ကရင်ပြည်သူ့ပါတီသည် ဧရာဝတီတိုင်းအတွင်းရှိ ဒေသခံကရင်လူမျိုးများ၏ ထောက်ခံမှုရရှိနေသည့်အတွက် မန်းနေသူရိန်ကိုလည်း ယင်းမဲဆန္ဒနယ်ရှိ ဒေသခံကရင်လူမျိုးများ၏ စိတ်ဝင်စားမှုခံရသူဟု ဆိုနိုင်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၂ ကြားဖြတ်နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။ မန်းနေသူရိန်အနေဖြင့် NLD ပါတီကို အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည် - ဒေါ်သန္တာ

အသက် - ၅၄ နှစ်

ပညာအရည်အချင်း - မြန်မာစာဘွဲ့ရ

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါ်သန္တာသည် ၂၀၁ ၅ ရွေးကောက်ပွဲတွင် အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်နေရာကို NLD ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရရှိပြီး လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ်မှစတင်၍ NLD ပါတီတွင်ပါဝင်ခဲ့ပြီး  ၂၀၁၂ ခုနှစ်တွင် NLD ပါတီ အိမ်မဲမြို့နယ်အလုပ်အမှုဆောင်၊ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ၂၀၀၇ ခုနှစ် ဧပြီတွင် ပုဒ်မ ၁၂၄ ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သူသည်။ ၂၀၁၃ ခုနှစ်တွင် ငြိမ်းစုစီပုဒ်မ (၁၈) ဖြင့် ထောင်ဒဏ်ငါးလ ကျခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်သည်။

အမည် - ဦးအောင်မိုး

အသက် - ၅၁ နှစ်

ပညာအရည်အချင်း - LL.B

လူမျိုး - ပအို့ကရင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကရင်အမျိုးသားပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်      

ဦးအောင်မိုးသည် အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ကရင်အမျိုးသားပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် လက်ရှိတွင် တရားလွှတ်တော်ရှေ့နေအဖြစ် လုပ်ကိုင်နေသူလည်းဖြစ်ပြီး ကရင်အမျိုးသားပါတီကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခြင်းကြောင့် ၎င်းကို ဒေသခံများ စိတ်ဝင်စားမှုရှိသည်ဟု ဆိုနိုုင်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။ ယခုရွေးကောက်ပွဲတွင် ဦးအောင်မိုးအနေဖြင့် NLD ၊ ပြည်ခိုင်ဖြိုး၊ ကရင်ပြည်သူ့ပါတီတို့ကို အဓိကယှဉ်ပြိုင်ရမည်ဟု သုံးသပ်ရပြီး ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည်။

အမည် - စောနေလင်းမောင်

အသက် - ၄၃ နှစ်

ပညာအရည်အချင်း - AGTI (Mechanical Power)

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကရင်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

စောနေလင်းမောင်သည်သည် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ကရင်လူမျိုးများ ထောက်ခံမှုအား ကောင်းသည့်ပါတီ၏ ကိုယ်စားလှယ်လောင်းဖြစ်ခြင်းကြောင့် ဒေသခံကရင်လူမျိုးများ၏ စိတ်ဝင်စားမှုခံရသူဟု ဆိုနိုင်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကအနိုင်ရရှိထားသည်။ စောနေလင်းအောင်အနေဖြင့် ယင်းမဲဆန္ဒနယ်တွင် NLD ၊ ပြည်ခိုင်ဖြိုးပါတီတို့ကို အဓိကယှဉ်ပြိုင်ရမည်ဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ပြည်ထောင်စု ကောင်းကျိုးကောင်းဆောင်ပါတီတို့ကုုိလည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည် - ဦးစောလောလ

အသက် - ၃၃ နှစ်

ပညာအရည်အချင်း - LL.B

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကရင်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ငပုတောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးစောလောလသည်  ဥပဒေဘွဲ့ရ လူငယ်တစ်ဦးဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာမည်ဆိုပါက ဥပဒေ ပြုရေးကဏ္ဍနှင့် သင့်တော်သူဟု ဆိုရမည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီက အခြားကိုယ်စားလှယ်လောင်းတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ဖူးပြီး မဲရလဒ်ခြောက်ထောင်ကျော်သာ ရရှိပြီး NLD ပါတီက မဲရလဒ် ၆၈၀၀၀ ကျော်ဖြင့် အနိုင်ရရှိခဲ့ကာ ပြည်ခိုင်ဖြိုးပါတီက မဲရလဒ် ၆၁၀၀၀ ကျော်ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ယခုရွေးကောက်ပွဲတွင် ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည်။ တိုင်းရင်းသားပါတီးများအပေါ် သက်ဆိုင်ရာ တိုင်းရင်းသားများက ထောက်ခံမှုမြင့်တက်မှုအရ ဦးစောလောလအတွက် အခြေအနေကောင်းများ ရှိသည်။

အမည် - ဦးသိန်းထွန်း

အသက် - ၆၄ နှစ်

ပညာအရည်အချင်း - သိပ္ပံဘွဲ့ (သတ္တဗေဒ)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ -  ပြည်ခိုင်ဖြိုး

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးသိန်းထွန်းသည် ပြည်ခိုင်ဖြိုးပါတီ၏  ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ကာ အငြိမ်းစားပညာရေးမှူးတစ်ဦးလည်း ဖြစ်သည်။ ၂၀၁၀  ခုနှစ်နှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတို့တွင် ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင်  ရွေးချယ်အနိုင်ရရှိကာ နှစ်ကြိမ်ဆက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒုတိယမဲအများဆုံးရရှိခဲ့ပြီး ဦးသိန်းထွန်းအနေဖြင့် ခိုင်လုံမဲ ၃၉၉ မဲအသာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဖြင့်ပင် အဓိကယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်မည်ဖြစ်သည်။

အမည် - ဦးဝင်းသန်း (ခ) ပဒိုမန်းဝင်းသန်း

အသက် -  ၅၅ နှစ်

ပညာအရည်အချင်း - M.B.A (Swiss), B.A (DSA), D.B.L (Ygn), P.G.D.B (UK)

လူမျိုး/ ဘာသာ - ကရင်/ ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၉)

ဦးဝင်းသန်းသည်သည် ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းတွင် သာပေါင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ထိုစဉ်က ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုဖြစ်ကာ ယခုအခါ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသို့ ဝင်ရောက်ထားခြင်းဖြစ်သည်။ တပ်မတော်အရာရှိ အငြိမ်းစားတစ်ဦးဖြစ်ပြီး ၁၉၉၉ ခုနှစ်တွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးရာထူးအထိ ဆောင်ရွက်ခဲ့ဖူးသည်။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၉ ခုနှစ်ထိ ဥပဒေရေးရာ/ အထူးကော်မရှင်၏ အဖွဲ့ဝင် အဖြစ်စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေများစိစစ်ခြင်း၊ ဘတ်ဂျက်စိစစ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အမည် - စောစန်းဒို

အသက် - ၆၈ နှစ်

ပညာအရည်အချင်း - B.A (Myanmar), M.A.C.S (MIT)

လူမျိုး/ ဘာသာ - ကရင်/ ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကရင်ပြည်သူ့ပါတီ       

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျုံပျော်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

စောစန်းဒိုသည် ကရင်ပြည်သူ့ပါတီကို ကိုယ်စားပြုကာ ကျုံပျော်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။ ၎င်းအနေဖြင့် ယင်းမဲဆန္ဒနယ်တွင် အနိုင်ရရှိရန် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်းများဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ဆယ်ဦးထိပါဝင်ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီက အနိုင်ရရှိထားသည်။

အမည် - ဒေါက်တာစိုးသိန်း

အသက် - ၆၄ နှစ်

ပညာအရည်အချင်း - B.V.S (Ygn), H.G.P

လူမျိုး/ ဘာသာ - ဗမာ/ ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုး

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဒေါက်တာစိုးသိန်းသည် လက်ရှိ ငပုတောမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ၎င်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ငပုတောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြောင်းလဲယှဉ်ပြိုင်မည်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲ၌ ငပုတောပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီခြောက်ခုပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းရင်းသားပါတီတစ်ခုလည်း ပါဝင်ခဲ့သည်။ ထိုသို့ယှဉ်ပြိုင်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ခိုင်လုံမဲ ၆၈၈၄၄ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက ဒုတိယမဲအများဆုံးရရှိခဲ့သော နယ်မြေဖြစ်သည်။

အမည် - မန်းစံထွန်း

အသက် - ၇၀ နှစ်

ပညာအရည်အချင်း - B.A (His), H.G.P

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကရင်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကန်ကြီးထောင့်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ကရင်တိုင်းရင်းသားလူမျိုးတစ်ဦးဖြစ်သော မန်းစံထွန်းအနေဖြင့် ကရင်ပြည်သူ့ပါတီကို ကိုယ်စားပြုကာ လာမည့် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီငါးခုရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိထားသည်။ ယခုကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ဖြင့် အဓိကထားယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ဆန်မှု ပြင်းထန်နိုင်သည့် မဲဆန္ဒနယ်တစ်ခုဖြစ်သည်။

အမည် - ဒေါက်တာပြည့်ဖြိုး

အသက် - ၃၅ နှစ်

ပညာအရည်အချင်း - သွားဘက်ဆိုင်ရာဆရာဝန်

လူမျိုး/ ဘာသာ - ကရင်၊ ဗမာ၊ တရုတ်/ ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၉)

ဒေါက်တာပြည့်ဖြိုးသည် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၇) (ယခုရွေးကောက်ပွဲတွင် မဲဆန္ဒနယ်- ၉) လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ယင်းမဲဆန္ဒနယ်ပင် ပြန်လည်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်သော ဒေါက်တာပြည့်ဖြိုးသည် အမျိုးသားလွှတ်တော်အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီတွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် အစိုးရ၏ ရသုံးမှန်းခြေ ဘတ်ဂျက်စိစစ်ရေးပူးပေါင်းအဖွဲ့ (၁၂) တွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူဖြစ်သည်။ ၎င်းသည် လွှတ်တော်တွင်ဥပဒေကြမ်းများ အကြံပြု၊ ပြင်ဆင်၊ ပယ်ဖျက်၊ ဆွေးနွေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့သည်။

အမည် - ဒေါက်တာမြတ်မြတ်အုန်းခင်

အသက် - ၇၁ နှစ်

ပညာအရည်အချင်း - M.B.B.S, D.M.A, D.B.L, D.T.M, Ph.D (Hons)

လူမျိုး/ ဘာသာ - ဗမာ/ ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၅)

ဒေါက်တာမြတ်မြတ်အုန်းခင်သည်သည်  သမ္မတဦးသိန်းစိန်းအစိုးရလက်ထက်တွင် ကနဦး၌ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးဟောင်းတစ်ဦးဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဧရာဝတီတိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၀) (ယခုရွေးကောက်ပွဲတွင် မဲဆန္ဒနယ်- ၅) ၌ပင် NLD ကိုရှုံးနိမ့်ခဲ့ခြင်းဖြစ်ကာ ယခုထပ်မံယှဉ်ပြိုင်ခြင်းဖြစ်ပြီး NLD ပါတီကိုယ်စားလှယ်လောင်းနှင့်ပင် အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည် - ဦးမြတ်သူလင်း

အသက် - ၃၃ နှစ်

ပညာအရည်အချင်း - B.Sc (Maths), (DSA)

လူမျိုး/ ဘာသာ - ဗမာ/ ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၃)

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်သက်သက်ခိုင် ဦးစီးတည်ထောင်ထားသော ပြည်သူ့ရှေ့ဆောင်ပါတီမှ  ယှဉ်ပြိုင်မည့် ဦးမြတ်သူလင်းသည် ၎င်းယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင် NLD ပါတီ၊ ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ကို အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။ အဆိုပါ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၃) (ယခင် မဲဆန္ဒနယ်- ၁) တွင် ၂၀၁၅ ရွေးကောက်ပွဲက ဝင်ရောက်ယှဉ်ပြိုင်သော နိုင်ငံရေးပါတီရှစ်ခုရှိခဲ့ပြီး ယင်းမဲဆန္ဒနယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင် ၄၆၅၆၂၅ ရှိခဲ့ပြီး မဲပေးသူ ၃၂၂၉၀၇  ဦးရှိခဲ့ကာ NLD ပါတီက ၁၇၁၃၅၄ မဲဖြင့် အနိုင်ရရှိပြီး ပြည်ခိုင်ဖြိုးပါတီကလည်း ခိုင်လုံမဲ ၁၂၀၆၅၇ ဖြင့် ဒုတိယမဲအများဆုံးရရှိခဲ့သည့် နေရာလည်းဖြစ်သည်။

အမည် - ဦးစန်းမောင်

အသက် - ၆၅ နှစ်

ပညာအရည်အချင်း -  B.Sc (Maths), M.Sc (Q-1)

လူမျိုး - ဗမာ/ ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုး

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၄)

ဦးစန်းမောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဘိုကလေးမြို့နယ်၊ မဲဆန္ဒနယ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှု/ လူမှုရေး/ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင်ဖျာပုံခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူတစ်ဦးဖြစ်သည်။ ၎င်းယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၄) (ယခင် မဲဆန္ဒနယ်-၁၁) တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီက အနိုင်ရရှိထားပြီး ပြည်ခိုင်ဖြိုးပါတီလည်း အားကောင်းသည့် မဲဆန္ဒနယ်တစ်ခုဖြစ်သည်။

အမည် - ဦးမန်းထွန်းကြိုင်

အသက် - ၆၉ နှစ်

ပညာအရည်အချင်း - B.Sc (Physic), B.Ed

လူမျိုး/ ဘာသာ - ကရင်/ ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၈)

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၈) (ယခင် မဲဆန္ဒနယ်-၆) တွင် မြောင်းမြမြို့နယ်တစ်ခုသာ ပါဝင်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ ဦးမန်းထွန်းကြိုင်က အနိုင်ရရှိပြီး လက်ရှိအမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ၎င်းသည် မြောင်းမြမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်ဘဝတွင် လွှတ်တော်အခွင့်အရေးကော်မတီ၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုရေးရာကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီတို့တွင် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘတ်ဂျက် စိစစ်ရေးပူးပေါင်းကော်မတီအဖွဲ့ခွဲ (၂၀) တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်သည်။

အမည် - ဦးဂျော်နီ

အသက် - ၇၈ နှစ်

ပညာအရည်အချင်း - B.A, Dip-Ed

လူမျိုး/ ဘာသာ - ကရင်/ ရိုမန်ကက်သလစ်ခရစ်ယာန်

ကိုယ်စားပြုပါတီ -NLD       

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)

ဦးဂျော်နီ (မန်းဂျော်နီ) သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရသူ ဖြစ်သည်။ NLD ပါတီ ခေါင်းဆောင်ပိုင်းတွင် ပါဝင်ခဲ့သော်လည်း လက်ရှိတွင် ပါတီဗဟိုသဘာပတိအဖွဲ့ဝင် ဖြစ်သည်။ ဦးဂျော်နီသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကျုံပျော်မြို့မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးတွင် အနိုင်ရရှိပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ၎င်းသည် ကရင်တိုင်းရင်းသားတစ်ဦးပီပီ ပွင့်လင်းရိုးသားစွာပြောဆိုမှု၊ အနေအထိုင်ရိုးမှုများကြောင့် ပြည်သူများအကြား လူသိများသူဖြစ်ပြီး ဝန်ကြီးချုပ်တာဝန်သက်တမ်းမပြည့်မီ ၂၀၁၈ ခုနှစ်နှစ်ဆန်းပိုင်းတွင် တာဝန်မှ နုတ်ထွက်ခဲ့သည်။

အမည် - ဦးအေးဟန်

အသက် - ၆၆ နှစ်

ပညာအရည်အချင်း - LL.B

လူမျိုး/ ဘာသာ - ဗမာ/ ဗုဒ္ဓ

ကိုယ်စားပြုပါတီ -  ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၃)

ဦးအေးဟန်သည် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ် (၃) တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူဖြစ်သည်။ ၎င်းသည် ပါတီတွင် ဧရာဝတီတိုင်းဒေသကြီး၏ တိုင်းဥက္ကဋ္ဌတစ်ဦးဖြစ်ကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးတစ်ဦးဖြစ်သဖြင့်  အတွေ့အကြုံကောင်းများ ရှိသူဟု ဆိုနိုင်သည်။ ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် (ယခင် မဲဆန္ဒနယ်-၁) တွင် NLD ပါတီက ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုုင်ရရှိထားပြီး ပြည်ခိုင်ဖြိုးပါတီ အားကောင်းသည့် မဲဆန္ဒနယ်လည်းဖြစ်သဖြင့် ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည့် အခြေအနေရှိသည်။

အမည် - ဒေါ်မေသန်းနွဲ့

အသက် - ၅၆ နှစ်

ပညာအရည်အချင်း - B.Sc (Botany)

လူမျိုး/ ဘာသာ - ဗမာ/ ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၄)

ဒေါ်မေသန်းနွဲ့သည် လက်ရှိဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၁) (ယခုရွေးကောက်ပွဲတွင် မဲဆန္ဒနယ်-၄) လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ယင်းမဲဆန္ဒနယ်၌ပင် ပြန်လည်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ် ကာလများတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၌ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သူသည်။ ဒေါ်မေသန်းနွဲ့သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်မပါတီနှစ်ခုဖြစ်သော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြင့် ယှဉ်ပြိုင်ရွေးချယ်ခံရမည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစန်းမောင်နှင့် အဓိကယှဉ်ပြိုင်ရဖွယ်ရှိသည်။

အမည် - ဒေါက်တာစောစယ်ထူး

အသက် - ၆၅ နှစ်

ပညာအရည်အချင်း -M.B.B.S

လူမျိုး/ ဘာသာ - ကရင်/ ခရစ်ယာန်

ကိုယ်စားပြုပါတီ -  ကရင်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၈)

ဒေါက်တာစောစယ်ထူး ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၈) တွင် မြောင်းမြမြို့နယ်တစ်ခုသာပါဝင်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်သည် အမျိုးသားလွှတ်တော် အမှတ် (၆) ဖြစ်ကာ NLD ပါတီကအနိုင်ရရှိထားပြီး ပြည်ခိုင်ဖြိုးပါတီက ဒုတိယမဲအများဆုံးရရှိကာ ထိုစဉ်က ဝင်ရောက်ယှဉ်ပြိုင်သည့် ကရင်ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းသည် မဲရလဒ်အနည်းငယ်သာ ရရှိထားသည်။ သို့သော် နိုင်ငံရေးအခြေအနေပြောင်းလဲလာမှုနှင့်အတူ တိုင်းရင်းသားပါတီများထောက်ခံမှု မြင့်တက်လာမှုအရ ကရင်တိုင်းရင်းသား ဒေါက်တာစောစယ်ထူးအတွက် အခြေအနေကောင်းနိုင်သည်ဟု ဆိုနိုင်သည်။

Most Read

Most Recent