ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် တရားမျှတပြီး သမာသမတ်ကျစွာဆောင်ရွက်ပေးစေလိုကြောင်းနှင့် လက်ရှိ အနေအထားအတိုင်းဆိုပါက ကော်မရှင်အပေါ် လုံးဝ ယုံကြည်၍မရကြောင်း USDP ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပြောကြား

ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် တရားမျှတပြီး သမာသမတ်ကျစွာဆောင်ရွက်ပေးစေလိုကြောင်းနှင့် လက်ရှိ အနေအထားအတိုင်းဆိုပါက ကော်မရှင်အပေါ် လုံးဝ ယုံကြည်၍မရကြောင်း USDP ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပြောကြား
Published 3 November 2020

ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တရားမျှတပြီး သမာသမတ်ကျစွာ ဆောင်ရွက်ပေးစေလိုကြောင်းနှင့် လက်ရှိအနေအထားအတိုင်းဆိုပါက ကော်မရှင်အပေါ် လုံးဝယုံကြည်၍ မရကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ကောက်ယူသည့်လုပ်ငန်းစဉ်တွင် ကြုံတွေ့ နေရသော အခြေအနေများနှင့် ပတ်သက်၍ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများက နိုဝင်ဘာ ၃ ရက်တွင် စည်ပင်လမ်းရှိ မြို့နယ်ပါတီရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ထိုသို့  ပြောကြားခဲ့ ခြင်းဖြစ်သည်။

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေဖြင့် ရပ်ကွက်အချို့၌ ကြိုတင်မဲ ကောက်ယူရာတွင် ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်လောင်းများကို ကြိုတင်မဲကောက်ယူရန် အချိန်နီးကပ်မှသာ အကြောင်းကြား ခြင်း၊ ဘေးတွဲဆိုင်ကယ်ဖြင့် ကြိုတင်မဲကောက်ယူရာတွင် NLD ပါတီ၏ အမှတ်အသားများ အသုံးပြုခဲ့ခြင်း၊ ကြိုတင်မဲကောက်ယူမည့် မဲရုံအချို့တွင် NLD ပါတီ အလံများစိုက်ထူထား ခြင်းစသည့် အကြောင်းအရာများကို ပြည်ခိုင် ဖြိုးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းများက ရှင်းလင်းပြောကြားခဲ့ကြသည်။

“ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ တရားမျှတပြီးတော့ သမာသမတ်ကျစွာနဲ့ဆောင် ရွက်ပေးစေချင်ပါတယ်။ လက်ရှိအနေအထားအတိုင်းဆိုရင်တော့ ကျွန်မတို့သည် လုံးဝယုံကြည်လို့မရဘူးဆိုတဲ့ အနေအထားလို့ပဲ ကျွန် မသုံးသပ်တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ဒီနေရာကနေပြီးတော့ ကျွန်မတို့ တင်ပြလိုတာက ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ သမာသမတ်ကျစွာနဲ့ သေသေချာချာစိစစ် ဆောင်ရွက်ပေးပါ” ဟု ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဒေါ်စမ်းစမ်းဌေးက ပြောကြားသည်။

ထို့ပြင် ကြိုတင်မဲ ကောက်ယူရာတွင် အထူးရဲက မဲလက်မှတ်အားမဲပုံးထဲသို့ ထည့်ပေးခဲ့သည့်ဖြစ်စဉ်ကြောင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲထံ ကန့်ကွက်ထားရသည့် အခြေအနေများ၊ ကျန်မားရေးနှင့် အားကစားဝန်ကြီးဌာန က COVID-19 ရောဂါကြောင့် လူစုလူဝေးနှင့် ပတ်သက်၍ စည်းကမ်းများ သတ်မှတ်ထားသော်လည်းလူဦးရေ ၁၀၀ ခန့် ပါဝင်သော NLD ပါတီ ဝန်းရံသူများသည် မြို့နယ်အတွင်း လှည့်လည်အင်အားပြခဲ့သဖြင့် အဆိုပါဖြစ် စဉ်ကိုတိုင်း၊ ခရိုင်နှင့် မြို့နယ် ကော်မရှင်ထံ ကန့်ကွက်ထားသည့် အကြောင်းအရာများကိုလည်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများက ရှင်းလင်း ပြောကြားခဲ့ကြသည်။

“ကျွန်မတို့ကို မျှတသောပါတီတိုင်းကို မျှတသောလုပ်ဆောင်ချက်၊ လွတ်လပ်သော ပြည်သူများအတွက် လွတ်လပ်စွာမဲပေးခွင့် မဆုံးရှုံးရစေရေးကို ဆောင်ရွက်ပေးနိုင်ရေးအတွက် တောင်းဆိုပါလိုပါတယ်” ဟု ဒေါ်စမ်း စမ်းဌေးက ပြောကြားသည်။

ကြိုတင်မဲ ကောက်ယူရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစု၌ ပြဿနာများစွာနှင့်ကြုံတွေ့ရပြီး ရွေးကောက် ပွဲလုပ်ရာတွင် မည်သည့်ပါတီအနိုင်ရသည် ဖြစ်စေ တရားမျှမျှတတ ဖြစ်စေလိုသည်ဟုလည်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၏ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဒေါ်စန်းစန်းဝင်းက ပြောကြားသည်။

တရားမျှတစွာ ဆောင်ရွက်မှုအပေါ် ကျေကျေနပ်နပ်ဖြင့် ခံယူသွားမည်ဖြစ်သော်လည်း မတရားသော အနေအထားမျိုး တွေ့ ရှိလာပါက ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ် ကြောင်း၊ လက်ရှိအချိန်တွင် ကော်မရှင်အဖွဲ့ခွဲ များ၏ ဆောင်ရွက်မှုများသည် ဥပဒေနှင့် မညီညွတ်သောကိစ္စရပ်များ တွေ့နေရကြောင်း ဒေါ်စန်းစန်းဝင်းက ပြောကြားခဲ့သည်။

Most Read

Most Recent