စာအိတ်ပွင့်ကြိုတင်မဲများကို ထည့်သွင်း မရေတွက်ရန် ဒဂုံမြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ဆုံးဖြတ်ချက် ဥပဒေနှင့်ညီညွတ်ခြင်းမရှိဟု UEC က ဆုံးဖြတ်ပြီး မဲရလဒ်တွင် ပြန်လည်ထည့်သွင်း

စာအိတ်ပွင့်ကြိုတင်မဲများကို ထည့်သွင်း မရေတွက်ရန် ဒဂုံမြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ဆုံးဖြတ်ချက် ဥပဒေနှင့်ညီညွတ်ခြင်းမရှိဟု UEC က ဆုံးဖြတ်ပြီး မဲရလဒ်တွင် ပြန်လည်ထည့်သွင်း
Published 3 November 2020
ဉာဏ်လင်းထွန်း

စာအိတ်ပွင့်ကြိုတင်မဲများကို ထည့်သွင်း ရေတွက်ခြင်းမပြုရန် ဒဂုံမြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဆုံးဖြတ်ချက်သည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ဆုံးဖြတ် ပြီး အဆိုပါ ကြိုတင်မဲများကို မဲရလဒ်တွင် ထည့်သွင်း ရေတွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

တပ်မတော် အင်ဂျင်နီယာတပ်ရင်း ၉၀၅ မှ ကြိုတင်မဲ ၅၈ မဲ၏ စာအိတ်အသေးများ ပွင့်နေမှုအပေါ်  NLD ပါတီက ကန့်ကွက်ခဲ့ရာ ဒဂုံမြို့ နယ်ကော်မရှင်အဖွဲ့ခွဲက ယင်းစာအိတ်များကို ထည့်သွင်းရေတွက်ခြင်း မပြုရန် အောက်တိုဘာ ၂၂ ရက်က ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။

သို့သော် အဆိုပါဆုံးဖြတ်ချက်သည် လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ နှင့် ညီညွတ်မှုမရှိကြောင်း၊ ဥပဒေ ပြဋ္ဌာန်းချက် မရှိသည်ကို ဆုံးဖြတ်ထားသည်ဟု နိုင်ငံရေးပါတီများထံ UEC ပေးပို့သောစာတွင် ဖော်ပြ ပါရှိသည်။

ဒဂုံမြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် တပ်မတော်ကြိုတင်မဲ ၅၈ မဲအပြင် စာအိတ်ပွင့်၍ ရောက်ရှိလာသည့် မဲဆန္ဒနယ် ပြင်ပရောက် ပုံစံ (၁၅) ကြိုတင်မဲ ၃၅ မဲကို ချိတ်ပိတ်ကြိုတင်မဲပုံးသို့ ထည့်သွင်းခြင်းအား နိုဝင်ဘာ ၁ ရက် ညနေပိုင်းက နိုင်ငံရေးပါတီများ ရှေ့မှောက်တွင် ဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့ ရှေ့ဆောင်ပါတီ၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးဟန်နိုင်ဦးက ပြောကြားသည်။

အောက်တိုဘာ ၂၁ ရက်က အင်ဂျင်နီယာတပ်ရင်း ၉၀၅ မှ ပေးပို့သည့် ကြိုတင်မဲ ၅၈ စောင်ပါ စာအိတ်အသေးများအားလုံး ပွင့်လျက်ရောက်ရှိလာခဲ့ရာ အဆိုပါကြိုတင် မဲစာအိတ်များကို ထည့်သွင်းမရေတွက်ရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဆုံးဖြတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်နှင့်  ကော်မရှင်အဖွဲ့ ခွဲ အဆင့်ဆင့်ထံ တင်ပြခဲ့သည်။

ယင်းသို့ တင်ပြမှုအပေါ် ကော်မရှင်က အောက်တိုဘာ ၂၇ ရက်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး မြို့နယ် ကော်မရှင် ဆုံးဖြတ်ချက်ကို ပယ်ဖျက်ကြောင်း ကော်မရှင်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကော်မရှင် ပြန်စာကို ကိုးကားပြီး ဦးဟန်နိုင်ဦးက ပြောကြားသည်။

ယခုကဲ့သို့ စာအိတ်ပွင့် ကြိုတင်မဲများကို မဲရလဒ်တွင် ထည့်သွင်းရေတွက်ခြင်းသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာ ၃၀ ရက် ကြေညာချက်အရ ဆောင်ရွက်သည်ဟု ယူဆကြောင်း ဒဂုံမြို့ နယ်ပါဝင်သည့် NLD ပါတီ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) ကိုယ်စားလှယ်လောင်း ဦးဘမျိုးသိန်းက ပြောကြားသည်။

ရွေးကောက်ပွဲ နည်းဥပဒေတွင် ကြိုတင်မဲစာအိတ်ကို ကော်ဖြင့်ကပ်ရမည်ဟု ပြဋ္ဌာန်းထား၍ နည်းဥပဒေနှင့်မညီခြင်းကြောင့် ကန့်ကွက်ခဲ့ ခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ် ကို သဘောတူသည်ဟု ၎င်းက ဆိုသည်။

ကြိုတင်မဲပေးရာတွင် ဆန္ဒပြုပြီး ဆန္ဒမဲ စာအိတ်များ လုံခြုံစွာပိတ်မထားမှု၊ ဆန္ဒမဲ လက်မှတ်အစွန်းအထင်းဖြစ်ပေါ်မှု၊ ဆန္ဒမဲ လက်မှတ်စုတ်ပြဲမှုများ ဖြစ်ပေါ်နိုင်ခြင်း ကြောင့် အဆိုပါဆန္ဒမဲ များ လက်မှတ်များကို ပယ်မဲအဖြစ် မသတ်မှတ်ကြောင်း ကော်မရှင်၏ အောက်တိုဘာ ၃၀ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တံဆိပ်တုံးထု ဆန္ဒပြုရမည့်အစား ဘောလ်ပင်ဖြင့် အမှန်ခြစ်ထားသည့် ဆန္ဒမဲလက်မှတ်၊  ကြိုတင်မဲလက်မှတ်ပေါ်တွင် မဲရုံမှူး၏ လက်မှတ် သို့မဟုတ် ဆန္ဒမဲလက်မှတ်၏ ကျောဘက်တွင် ကော်မရှင်အဖွဲ့ခွဲ တံဆိပ်တုံး သို့မဟုတ် တာဝန်ခံ ထုတ်ပေးသူ ၏ လက်မှတ်နှင့် အမည်ပါရှိသော ဆန္ဒမဲလက် မှတ်၊ လွှတ်တော်အလိုက် ထည့်သွင်းရမည့် ကြိုတင်မဲလက်မှတ်နှင့် စာအိတ်လွဲမှားသော်လည်း မဲဆန္ဒရှင်က မှန်ကန်စွာ ဆန္ဒပြုထားသော ဆန္ဒမဲလက်မှတ်တို့လည်း ပယ်မဲမဖြစ်ကြောင်း ကော်မရှင်က ကြေညာသည်။

 

Most Read

Most Recent