ရွှေပြည်သာနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တို့တွင် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းကို ကုမ္ပဏီနှစ်ခုက ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာ ၅ ဒသမ ၉ သန်းကျော် မြှုပ်နှံလုပ်ကိုင်မည်

ရွှေပြည်သာနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တို့တွင် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းကို ကုမ္ပဏီနှစ်ခုက ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာ ၅ ဒသမ ၉ သန်းကျော် မြှုပ်နှံလုပ်ကိုင်မည်
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 28 October 2020
နီလာ

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တို့တွင် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းကို ကုမ္ပဏီနှစ်ခုက ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာ ၅ ဒသမ ၉ သန်းကျော် မြှုပ်နှံလုပ်ကိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်အပိုင်း (၄) ၌ Kamra Manufacturing (Myanmar) Co.,Ltd က CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ် လုပ်ခြင်းလုပ်ငန်းကို ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာ သုည ဒသမ ၉၀၄ သန်း မြှုပ်နှံလုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၆/ ၂၀၂၀) ကြိမ်မြောက်အစည်းအဝေးတွင် အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်အတွင်း Westwood Myanmar Co.,Ltd က CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းကို ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာငါးသန်းမြှုပ်နှံလုပ်ကိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၆/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးက အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံနီးပါး ရရှိခဲ့သော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၃ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုက ဒီနှစ်မှာ ဒေါ်လာ ၄၇၉၅ ဒသမ ၆၄၆ သန်း (ဒေါ်လာ ၄ ဒသမ ၇၉၅ ဘီလျံ) ရထားတယ်။ ပြီးခဲ့တဲ့ ကာလတူမှာက ဒေါ်လာ ၄၈၅၉ ဒသမ ၅၈၇ (ဒေါ်လာ ၄ ဒသမ ၈၅၉ ဘီလျံ) ရထားတော့ ဒီနှစ်တင်ပို့မှုက ပြီးခဲ့တဲ့နှစ် ကာလတူထက် ဒေါ်လာ ၆၃ သန်း ကျော်လောက် လျော့ကျတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုအနေဖြင့် ၂၀၁၀ ပြည့်နှစ်၌ အထည်ချုပ်တင်ပို့မှုတွင် ဒေါ်လာ ၃၃၇ သန်းသာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာ တစ်ဘီလျံနီးပါးခန့် ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်တွင် ချုပ်ပြီးအထည်တင်ပို့မှုသည် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းရောက်ရှိလာသည်အထိ အထည်ချုပ်လုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်လာခဲ့သည်။ ပို့ကုန်စျေးကွက်၌လည်း အီးယူစျေးကွက်သို့တင်ပို့မှုမှာ ယခင်နှစ်များထက် ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ အထိ မြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်းစသည်တို့အနက် CMP စနစ်ဖြင့် အထည်ချုပ်တင်ပို့မှုမှာ ပြည်ပတင်ပို့မှု အများဆုံးဖြစ်ပြီး ငါးနှစ်အတွင်း လေးဆကျော် တိုးမြှင့်တင်ပို့ထားသည်။ အထည်ချုပ် (ချုပ်ပြီးအထည်) သည် ပို့ကုန်ကဏ္ဍ၌ အတိုးတက်ဆုံးဖြစ်ခဲ့သည်။

အစိုးရသစ် စတင်တာဝန်ယူချိန်၌ CMP အထည်ချုပ်လုပ်ငန်းများ၏ ထုတ်လုပ်မှုတန်ဖိုးမှာ ဒေါ်လာသန်း ၅၀၀ နှင့် အလုပ်အကိုင် လေးသိန်းခန့် ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမားခြောက်သိန်းခန့်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ယင်းအနက်  ၉၅ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent