၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၁၄ ရာခိုင်နှုန်းကို ပြန်ပြည့်မြဲစွမ်းအင်မှပါဝင်ရေး ဆောင်ရွက်နေသဖြင့် ယင်းကဏ္ဍတွင် နိုင်ငံတကာမှ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် ပြည်ထောင်စုဝန်ကြီး ဖိတ်ခေါ်

၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၁၄ ရာခိုင်နှုန်းကို ပြန်ပြည့်မြဲစွမ်းအင်မှပါဝင်ရေး ဆောင်ရွက်နေသဖြင့် ယင်းကဏ္ဍတွင် နိုင်ငံတကာမှ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် ပြည်ထောင်စုဝန်ကြီး ဖိတ်ခေါ်
Singapore International Energy Week 2020 သို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်ဆွေးနွေးစဉ် (ဓာတ်ပုံ- MOEE)
Singapore International Energy Week 2020 သို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်ဆွေးနွေးစဉ် (ဓာတ်ပုံ- MOEE)
Published 27 October 2020
ဇေယျာငြိမ်း

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၁၄ ရာခိုင်နှုန်းကို ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) မှ ပါဝင်ရေး ဦးတည်ဆောင်ရွက်နေသဖြင့် ယင်းကဏ္ဍတွင် နိုင်ငံတကာ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကုမ္ပဏီများမှ လာရောက်ရင်းနှီးမြှုပ်နှံရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖိတ်ခေါ်ခဲ့သည်။

Singapore International Energy Week 2020 (SIEW 2020) စင်ကာပူနိုင်ငံတွင် အောက်တိုဘာ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပလျက်ရှိရာ အောက်တိုဘာ ၂၆ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့စဉ် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု တပ်ဆင်အင်အား၏ ၁၄ ရာခိုင်နှုန်းကို ပြန်လည်ပြည့်မြဲစွမ်းအင် (Renewable Energy) မှ ပါဝင်ရေး ရည်မှန်းဆောင်ရွက်နေသည်။

ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) ကဏ္ဍတွင်  နိုင်ငံတကာလျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကုမ္ပဏီများမှ လာရောက်ရင်းနှီးမြှုပ်နှံရန်  ဖိတ်ခေါ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆိုသည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၅၅ ရာခိုင်နှုန်းကို ဓာတ်အားဖြန့်ဖြူးလျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

LNG မှ လျှပ်စစ်ဓာတ်အား ၃၀၀၀ မဂ္ဂါဝပ် ပိုမိုထုတ်လုပ်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်တွင် လုပ်ကိုင်ခွင့်များ စတင်ပေးခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် LNG ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှ စတင်အသုံးပြုခဲ့ကြောင်း သိရသည်။

40 MW SolarPlant (မင်းဘူး) အား ၂၀၁၉ ခုနှစ်တွင် စတင်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍ မိမိနိုင်ငံ၏ ပထစီအနေအထား အားသာမှုအပေါ်အခြေခံကာ နိုင်ငံအတွင်း နေရောင်ခြည်ကောင်းစွာရရှိနိုင်မည့် နေရာ ၃၀ တွင် စုစုပေါင်း ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ငံမည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာ-စင်ကာပူ နှစ်နိုင်ငံလျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ဆက်လက်ပူးပေါင်းဆောင်ရွက်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်မည့်အခြေအနေ၊ လူ့စွမ်းအား အရင်းအမြစ်ကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်ရေး ကူညီပံ့ပိုးရေးအတွက် Energy Policy Program တွင် ပူးပေါင်းဆောင်ရွက်ပေးမှု၊ နယ်စပ် ဖြတ်ကျော်ဓာတ်အား ဝယ်ယူဖြန့်ဖြူးရောင်းချရေးအစီအစဉ် ဆောင်ရွက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်စီမံကိန်းများတွင် စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပံ့ပိုးကူညီပေးမည့်အခြေအနေနှင့် ASEAN Plan of Action for Energy Cooperation (APAEC) Phase-2 (2021-2025) အတည်ပြုနိုင်ရေးအတွက် ဝန်ကြီးဌာနများမှ ပ့ံပိုးကူညီပေးရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲခဲ့မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားလျှပ်စစ်မှ ကီလိုဝပ် နာရီသန်းပေါင်း ၁၁၂၂၄ သန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း  ၉၂၀၀ ကျော် ထုတ်လုပ်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီ ၁၁၅၅၃ သန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ ၇၆၉၀ သန်းကျော် ထုတ်လုပ်ခဲ့သည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်ရေအားမှ ကီလိုဝပ်နာရီ ၁၁၄၄၁ သန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ ၇၅၇၇ သန်းကျော် ထုတ်လုပ်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent