အန္တရာယ်ကြီးမားသော မြန်မာ့ရွေးကောက်ပွဲ

အန္တရာယ်ကြီးမားသော မြန်မာ့ရွေးကောက်ပွဲ
နေပြည်တော် ရှိ NLD ပါတီ ယာယီဌာနချုပ်(ရုံးခွဲ) စက်တင်ဘာ ၈ ရက်က ရွေးကောက်ပွဲ အောင်နိုင်ရေးအလံတင် အခမ်းအနားပြုလုပ်စဉ် (ဓာတ်ပုံ-အောင်မင်းသိန်း)
နေပြည်တော် ရှိ NLD ပါတီ ယာယီဌာနချုပ်(ရုံးခွဲ) စက်တင်ဘာ ၈ ရက်က ရွေးကောက်ပွဲ အောင်နိုင်ရေးအလံတင် အခမ်းအနားပြုလုပ်စဉ် (ဓာတ်ပုံ-အောင်မင်းသိန်း)
Published 19 October 2020
မြတ်သစ်

ကိုဗစ်-၁၉ ဒုတိယလှိုင်းဒဏ်ခံနေရသော စီးပွားရေးမြို့တော် ရန်ကုန်သည် နေအိမ်၌သာ နေကြရန် အမိန့်ထုတ်ပြန်ထားသဖြင့် မြို့တော်သည် ခြောက်ကပ်လျက်ရှိသည်။ ‘ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုမြင့်တက်နေချိန်တွင် နိုဝင်ဘာလ၌ ရွေးကောက်ပွဲကျင်းပရန် သင့်လျော်ပါ၏လော’ ဟူသော မေးခွန်းထွက်ပေါ်လျက်ရှိသည်။

တစ်နေ့ ရောဂါကူးစက်သူ ၁,၀၀၀ မှ ၂,၀၀၀ ကြားရှိနေခြင်းကြောင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ အသည်းအသန် ကြိုးပမ်းနေကြရပြီး မြန်မာပြည်၏ ကျန်းမာရေးစနစ်သည် စိုးရိမ်ဖွယ် အနေအထား ရောက်ရှိနေကြောင်း၊ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားလျက်ရှိသည်။ သြဂုတ် ၁၆ ရက်တွင် ရောဂါကူးစက်ခံရသူ ၃၇၄ ဦးရှိရာမှ နောက်ပိုင်း နှစ်လအတွင်း ရောဂါကူးစက်ခံရသူ ၃၂,၃၅၁ အထိ မြင့်တက်လာပြီး သေဆုံးသူ ၇၆၅ ဦး ရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က ကိုဗစ်- ၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် လူစုလူဝေးနှင့် ထောက်ခံပွဲများ ကျင်းပခြင်း၊ လှည့်လည်ခြင်းများ မပြုရန် တားမြစ်ခဲ့သော်လည်း ရွေးကောက်ပွဲရွှေ့ဆိုင်းရေး တောင်းဆိုမှုများကိုမူ လက်မခံဘဲ ရှိနေသည်။

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုတားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များ၊ အမိန့်များကြောင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများဖြစ်သည့် လူစုလူဝေးနှင့် စည်းရုံးရေးများလုပ်ခွင့် ပိတ်ပင်ထားခဲ့သကဲ့သို့ ရီးသွားလာခွင့်များကိုပါ ကန့်သတ်ထားသည်။ စက်တင်ဘာလတွင် အတိုက်အခံနိုင်ငံရေးပါတီ ၂၄ ပါတီက ရွေးကောက်ပွဲရွှေ့ဆိုင်းရေးကို တောင်းဆိုခဲ့သော်လည်း အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လက်မခံခဲ့ပေ။

မဲဆန္ဒရှင်အများစု၏ အဓိကဆန္ဒမှာ အသက်လုံခြုံရေးဖြစ်သည်။ ရွေးကောက်ပွဲကျင်းပချိန်တွင် ကိုဗစ်- ၁၉ ရောဂါကူးစက်မှုမှ ကင်းလွတ်ရေးကို ဆန္ဒရှိနေကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေကြသည့် သန်းချီပြီးရှိနေသည့်လူများကမူ ရွေးကောက်ပွဲတွင် ပါတီဥက္ကဋ္ဌလည်းဖြစ်၊ အမျိုးသားခေါင်းဆောင်လည်းဖြစ်သော ‘အမေစု မုချနိုင်ရမည်’ ဟု ယုံကြည်ထားကြသည်။ ကိုဗစ်- ၁၉ ဆက်လက်ပျံ့နှံ့နေသည့်တိုင် သူတို့သည် မဲရုံသွားပြီး မဲပေးကြရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

ပြည်သူ့ကျန်းမာရေးနှင့်ရွေးကောက်ပွဲ ရွှေ့ဆိုင်းခြင်း

ပြီးခဲ့သည့် ရက်သတ္တပတ်များက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် သေဆုံးမှုမြင့်တက်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ‘မိမိတို့သည် ကိုဗစ်-၁၉ စစ်ပွဲ ဆင်နွှဲနေကြောင်း’ ပြောကြားခဲ့သကဲ့သို့ အခြားသူများက ပြည်သူ့ကျန်းမာရေးစနစ်သည် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သတိပေးခဲ့သည်။ ဒေါက်တာဇော်ဝေစိုးက လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်ရခြင်း၏ မူလအကြောင်းရင်းကို မသိရသေးကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာလလယ်တွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ကိုဗစ်ကူးစက်မှုနှုန်း အမြင့်ဆုံး ရောက်ရှိခဲ့သည်။ အင်ဒိုပစိဖိတ်ဒေသတွင် ကူးစက်မှုနှုန်းသည် ဒုတိယနေရာရှိခဲ့သည်။ အမြင့်ဆုံးက နီပေါနိုင်ငံ ဖြစ်သည်။

ကိုဗစ်-၁၉ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် အခြေအနေတွင် ရွေးကောက်ပွဲကော်မရှင်နှင့် အစိုးရသည် ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးကို ငြင်းဆန်လျက်ရှိသည်။ ရွေးကောက်ပွဲ နောက်ဆုတ်ခြင်းအားဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ အားနည်းချက်များ၊ ဖြစ်ပေါ်လာမည့် အကျိုးဆက်များနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ မရှိခဲ့ပေ။ ဤသို့ဖြင့် မြန်မာနိုင်ငံသည် ရွေးကောက်ပွဲကျင်းပမည့် နောက်ဆုံးရက်သတ္တပတ်တွင် ကိုဗစ်-၁၉ ပျံ့နှံ့မှုမြင့်တက်လာပြီး ရွေးကောက်ပွဲဖျက်သိမ်းရမည့် အနေအထားအတွက် အသင့်ပြင်ထားသော စီမံချက်လည်း မရှိပေ။

အကယ်၍ မြန်မာနိုင်ငံသည် ရွေး ကောက်ပွဲရွှေ့ဆိုင်းမည်ဆိုပါက ဤသို့ရွှေ့ဆိုင်းရသည့်နိုင်ငံသည် မိမိတို့တစ်နိုင်ငံတည်းရှိမည်ဟု မဆိုနိုင်ပေ။ ၂၀၂၀ တွင် နိုင်ငံအတော်များများတွင် အထွေထွေရွေးကောက်ပွဲနှင့် ဒေသန္တရရွေးကောက်ပွဲတွေ ရွှေ့ဆိုင်းခဲ့ရသည်။ သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အီတလီ၊ ရိုမေးနီးယား၊ ဆားဘီးယား၊ သီရိလင်္ကာ၊ ဆွစ်ဇာလန်နှင့် ဗြိတိန်နိုင်ငံများတွင် ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ကြသည်။

တစ်ဖက်တွင် ရွေးကောက်ပွဲကျင်းပသော နိုင်ငံအဖြစ် တောင်ကိုရီးယားနိုင်ငံ ရှိခဲ့သည်။ တောင်ကိုရီးယားတွင် ပါလီမန်ရွေးကောက်ပွဲကို ဧပြီ ၁၅ ရက်က ကျင်းပခဲ့သည်။ မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု မရှိစေရန် လုံခြုံစွာ မဲပေးရန် စီစဉ်ပေးခဲ့သည်။ တောင်ကိုရီးယားအစိုးရသည် မဲပေးနိုင်ရန်အတွက် စီမံကိန်းများ စနစ်တကျ ချမှတ်ထားခဲ့သည်။ မဲပေးသူများကို ကိုယ်ပူချိန်တိုင်းခြင်း၊ မဲရုံတွင် တာဝန်ကျသူများကို ကာကွယ်ရေးဝတ်စုံများ ဝတ်စေခြင်းများ ပြုလုပ်ထားသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသော လူနာများအနေဖြင့် သူတို့ တက်ရောက်နေသည့် ဆေးရုံပြင်ပတွင် မဲပေးရန် မဲရုံများ သီးသန့်ဖွင့်ပေးခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တောင်ကိုရီး ယားနိုင်ငံကဲ့သို့ ကြိုတင်ပြင်ဆင်မှုများ ပြု လုပ်နိုင်မည့် အခြေအနေ၌ မရှိပေ။ တောင် ကိုရီးယားနိုင်ငံ၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်အတွက် ငွေကြေးပြည့်စုံ သည်။ ထို့ပြင် တောင်ကိုရီးယားနိုင်ငံသည်ရွေးကောက်ပွဲ ကျင်းပသည့်ရက် ဧပြီ ၁၅ ရက်တွင် ကိုဗစ်- ၁၉ ကူးစက်မှုနှုန်း အမြင့် မားဆုံး နေ့ရက်များကို ကျော်လွန်ခဲ့ပြီးြ့ဖစ် သည်။ ရောဂါရှိသူများကို စနစ်တကျ စမ်း သပ်စစ်ဆေးခြင်း၊ ရောဂါရှိသူများကို ခြေရာ ခံခြင်း စသည်တို့ကို ပြုလုပ်နိုင်သဖြင့် ကိုဗစ် - ၁၉ ကို ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးကာလ ရောက်ပြီဆိုသော အချက်နှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နောက်ဆုံးကိန်းဂဏန်းများ ထွက်ပေါ်လာခြင်း မရှိသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံတစ်ရုံတွင် မဲပေးသူများမှာ ၄ဝယဝ၀၀ မှ ၅ဝယဝ၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး မဲပေးကြသူများသည် တစ်ယောက်နှင့် တစ်ယောက် စည်းကမ်းချက်အတိုင်း ခပ်ခွာခွာနေခြင်း၊ မဲရုံဝန်ထမ်းများ ကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ခြင်းများ ပြုလုပ်ထားကြောင်း ပြောကြားခဲ့သည်။ မဲပေးသူများသည် မဲပုံးထဲ မဲမထည့်မီ လက်များကို စင်ကြယ်စွာဆေးရန် ညွှန်ကြားထားသည်။ ဤညွှန်ကြားချက်များသည် ရောဂါကူးစက်မှု လျှော့ချရန်အတွက် အထောက်အကူဖြစ်စေသည်မှာ မှန်သော်လည်း တောင်ကိုရီးယားအစိုးရ၏ ဆောင်ရွက်ချက်များနှင့်မူ အလှမ်းကွာနေသည်။

သီရိလင်္ကာ၏ လူမှုစီးပွားရေးပုံစံသည် မြန်မာနိုင်ငံနှင့် မခြားလှပေ။ သို့သော် ကိုဗစ်-၁၉ ကြောင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့သည်။ အကယ်၍ ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး လုံခြုံစိတ်ချရသော အနေအထားရှိပြီဆိုပါက ရွေးကောက်ပွဲကို ရှေ့နှစ်သြဂုတ်လကျမှ ကျင်းပမည်ဖြစ်သည်။

ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာတင်မြင့် (လက်ရှိတွင် ကနေဒါ နိုင်ငံ၌ နေထိုင်လျက်ရှိ) က The Diplomat မဂ္ဂဇင်းကို အောက်တိုဘာအစောပိုင်းက ပြောကြားရာတွင် “ တကယ်လို့ ပြည်သူတွေဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာမယ်ဆိုရင် ယခုအခါမှာ ရွေးကောက်ပွဲရွှေ့ဆိုင်းစရာ မလိုပါဘူး။ ဒါပေမဲ့ တကယ်လို့သာ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှု ပိုဆိုးလာမယ်ဆိုရင် လာမယ့်ရက်သတ္တပတ်တွေမှာ ရောဂါဖြစ်ပွားမှု ထိန်းချုပ်မရတော့ဘူးဆိုရင် အစိုးရအနေနဲ့ ရွေးကောက်ပွဲကို လေးပတ်ကနေ ခြောက်ပတ်အထိ ရွှေ့ဆိုင်းဖို့ စဉ်းစားသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

တပ်မတော်က လိုလားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် အတိုက်အခံနိုင်ငံရေးပါတီ ၂၄ ပါတီက ရွေးကောက်ပွဲရွှေ့ဆိုင်းရေး တောင်းဆိုမှုကို ရွေးကောက်ပွဲကော်မရှင်က လက်မခံခဲ့ပေ။ ထို ၂၄ ပါတီထဲတွင် တစ်သီးပုဂ္ဂလပါတီ သစ်များ၊ ၈၈ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ၊ စီးပွားရေးလုပ်ငန်းရှင် ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီများလည်း ပါဝင်သည်။

ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးနှင့်ပတ်သက်၍ ပြည်သူလူထု၏ တောင်းဆိုချက်များကို တစ်စုံတစ်ရာမခံယူဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က “ ရွေးကောက်ပွဲကို နောက်ဆုတ်လိုက်မယ်ဆိုရင် ကိုဗစ်ကြောင့် ဖြစ်နေတဲ့ ကျန်းမာရေးအကျပ်အတည်း၊ စီးပွားရေး အကျပ်အတည်းအပြင် နိုင်ငံရေးအကျပ်အတည်းပါ ထပ်တိုးလာနိုင်ပြီး ပိုကြီးမားတဲ့ အခက်အခဲတွေ ဖြစ်လာနိုင်တယ်” ဟု စက်တင်ဘာ ၁၇ ရက် ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဒေါက်တာမျိုးညွန့် ပြောကြားသကဲ့သို့ နိုင်ငံရေးအကျပ်အတည်း ဖြစ်လာနိုင်သည်ဆိုသော အနုမာန မှန်းဆချက်ကို နိုင်ငံရေး လေ့လာအကဲခတ်သူများက သဘောပေါက်ထားကြသည်။ အချို့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထိပ်တန်းခေါင်းဆောင်များသည် ကျိုးပဲ့လွယ်သော ဒီမိုကရေစီနိုင်ငံ အနေအထားကို ထိတ်လန့်နေသည်။ အကယ်၍ ရွေးကောက်ပွဲရွှေ့ဆိုင်းလိုက်ခြင်းသည် တပ်မတော်က လိုလားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာမည်ကိုလည်း အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက စိုးရိမ်နေသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရအဖွဲ့သစ်သည် ၂၀၂၁ ဖေဖော်ဝါရီတွင် စတင်တာဝန်ထမ်းဆောင်ရတော့မည် ဖြစ်သည်။ သို့ဖြစ်၍ ရွေးကောက်ပွဲကျင်းပမည့်ရက်သည် ဖေဖော်ဝါရီလ ကျော်လွန်သွားမည်ဆိုပါက နိုင်ငံရေးအကျပ်အတည်းနှင့် အခြေခံဥပဒေဆိုင်ရာအကျပ်အတည်းများ ပေါ်ပေါက်ဖွယ်ရာ ရှိနေသည်။

မည်သို့ပင်ဖြစ်စေ ဖေဖော်ဝါရီမကျော်လွန်စေဘဲ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပရန်အတွက် ရွေးကောက်ပွဲကို လေးပတ်မှ ခြောက်ပတ်အထိ ရွှေ့ဆိုင်းရေးကို အတိုက်အခံပါတီများက လက်ခံမည်ဆိုပါက နိုင်ငံရေးအကျပ်အတည်းနှင့် အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းများ ဖြစ်လာစရာ မရှိတော့ပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သော ဒေါက်တာမျိုးညွန့်က “ရွေးကောက်ပွဲကို တစ်လခွဲလောက် ရွှေ့ဆိုင်းခြင်းဟာ  အခြေအနေ ဘာမှထူးခြားလာမှာ မဟုတ်ပါဘူး။ တကယ်လို့ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှု အခြေအနေမဆိုးခင် ရွေးကောက်ပွဲ ကျင်းပရမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဤကဲ့သို့ ထုတ်ဖော်ပြောကြားပြီး သုံးပတ်အတွင်း မြန်မာနိုင်ငံတွင် ကိုဗစ်၁၉ ကူးစက်ပျံ့နှံ့မှု ဆိုးရွားလာသည်။

သမ္မတဦးဝင်းမြင့်၏ အရပ်သားအစိုးရနှင့် တပ်မတော်တို့အကြား ဟန်ချက်ညီစွာ ထိန်းကျောင်းနိုင်မှု မရှိခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် အခက်အခဲတစ်ရပ် ဖြစ်နေသည်။ တပ်မတော်က အရေးပါသောဝန်ကြီး ဌာနသုံးခုဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာများကို ထိန်းချုပ်ထားသည်။

ဖြစ်လာနိုင်ဖွယ်ရှိသော ‘နိုင်ငံရေးအကျပ်အတည်း’ နှင့်ပတ်သက်၍ အကြောင်းပြချက် ခိုင်ခိုင်မာမာမရှိကြောင်း မြန်မာနိုင်ငံတွင် ဥပဒေအကြံပေးတာဝန် ထမ်းဆောင်နေသူ ဂျေဆွန်ဂဲလ်ဘော့တ်က မှတ်ချက်ပေးထားသည်။ “တကယ်လို့ ရွေးကောက်ပွဲ နှောင့်နှေးသွားမယ်ဆိုရင် တပ်မတော်က ပိုမိုထိန်းချုပ်မယ်ဆိုတဲ့ အကြောင်းပြချက်ကို ကျွန်တော် မယုံကြည်ပါဘူး။ ရွေးကောက်ပွဲကော်မရှင်မှာ သဘာဝဘေးအန္တရာယ် အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲရက် ရွှေ့နိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာ ရှိပါတယ်”

အငြင်းပွားဖွယ် ရွေးကောက်ပွဲ

ပါတီစုံရွေးကောက်ပွဲပေါ်တွင် အခြေပြုထားသော ဒုတိယအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် အရေးပါသော မှတ်တိုင်တစ်တိုင်ဖြစ်သည်။ ၂၀၁၅ တွင် ကျင်းပသော ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ကြောင့် အငြင်းပွားဖွယ် အနေအထားများ ဖြစ်ပေါ်စေသကဲ့သို့ ဒီမိုကရေစီစံနှုန်းများကို ထိပါးစေသည့် လူ့အခွင့်အရေးနှင့်ပတ်သက်သော ကိစ္စများနှင့် မီဒီယာများအား ဆင်ဆာပိတ်ဆို့မှုများ ရှိနေကြောင်း စွပ်စွဲမှုများ ထွက်ပေါ်နေသည်။

တိုင်းရင်းသားများ နေထိုင်သည့် ပြည်နယ်အချို့သည် ရွေးကောက်ပွဲ ကျင်းပနိုင်မည့် နယ်မြေမဟုတ်ကြောင်း ကြေညာလိုက်ရာ ဒေသခံများ မဲပေးခွင့်ရတော့မည်မဟုတ်ပေ။ ရခိုင်၊ ကရင်၊ ကချင်နှင့် ရှမ်းပြည်နယ်ရှိ ဒေသအချို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မှု မရှိခြင်းမှာ ယင်းပြည်နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားထားသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသော်လည်း မြန်မာ့တပ်မတော်က လက်မခံသေးပေ။

‘ဖုံးကွယ်ထားသော ဗမာ့သမိုင်း’ စာအုပ်ရေးသားသူ သန်းမြင့်ဦးက နိုဝင်ဘာ ရွေးကောက်ပွဲသည် အားနည်းချက်များစွာ ရှိနေကြောင်းနှင့် အကြမ်းဖက်မှု၊ ပဋိပက္ခ၊ ရာသီဥတုပြောင်းလဲမှု၊ တန်းတူညီမျှခြင်းမရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်ခြင်း မရှိမှုစသည့် ကြီးမားသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း သူ၏တွစ်တာမှနေ၍ ရေးသားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲရုံများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးများကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်ထားသည့်တိုင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်နေချိန်တွင် ရွေးကောက်ပွဲ မကျင်းပသင့်ဟူသည့် ဝေဖန်မှုများ ရှိနေသည်။

ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးနှင့်ပတ်သက်သော တောင်းဆိုမှုများကို လက်မခံသော အာဏာရအစိုးရအနေဖြင့် ရွေးကောက်ပွဲကို ကျင်းပရခြင်းမှာ ရောဂါကုသမှုဆိုင်ရာ အကောင်းဆုံး အကြံဉာဏ်များ ရှိနေသောကြောင့်လော၊ သို့တည်းမဟုတ် နိုင်ငံရေး တွက်ချက်မှုများအပေါ် အခြေခံပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏အကျိုးစီးပွားအတွက်လောဟူသည့် မေးခွန်း ထွက်ပေါ်နေသည်။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ သူချမှတ်ထားသော သန္နိဋ္ဌာန်အတိုင်း ရွေးကောက်ပွဲ ဆက်လက်ကျင်းပမည်သာဖြစ်သည်။ ကိုဗစ်-၁၉ တိုက်ဖျက်ရေးထက် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ အနာဂတ်အတွက် ပိုမိုအရေးကြီးကြောင်း ကယား၊ ကရင်၊ ကချင်ပြည်နယ်မှ ပါတီထောက်ခံသူများနှင့် အွန်လိုင်းတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်ဟု မြန်မာတိုင်းမ်တွင် ဖော်ပြထားသည်။

ဗဟိုကူးစက်တိုက်ဖျက်ရေးဋ္ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက နိုင်ငံရေးမဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုထက် ကျန်း မာရေးက ပိုအရေးကြီးကြောင်း စက်တင်ဘာတွင် ပြောကြားခဲ့သည်။ ရန်ကုန်မြို့၏ ကျန်းမာရေးဆိုင်ရာစနစ်သည် အကန့်အသတ်တစ်ခု ရောက်လာပြီဖြစ်ကြောင်း၊ အန္တရာယ်သည် လက်တစ်လှမ်းအကွာ၌ ရှိနေကြောင်း သတိပေးခဲ့သည်။

ရွေးကောက်ပွဲမဲဆွယ်ရေးကိစ္စကိုသာ စိတ်ဝင်စားနေသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ဥက္ကဋ္ဌဖြစ်ရန် အကောင်းဆုံးပုဂ္ဂိုလ် ဖြစ်နိုင်ဖွယ် မရှိပေ။

အကယ်၍ ရွေးကောက်ပွဲကိုသာ ရွှေ့ဆိုင်းမှုမပြုလုပ်ခဲ့ပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ကိုဗစ်-၁၉ စွန်းထင်းထားသော၊ အလွန်အပြစ်အနာအဆာများသည့် ရွေးကောက်ပွဲကို အနိုင်ရရှိသူအဖြစ်သာ ပေါ်ထွက်လာရန် သေချာသလောက်ရှိနေသည်။

သို့သော် အရေးပါသော လူထုပမာဏက ရွေးကောက်ပွဲရလဒ်များကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် လက်မခံပါက လူထုကို ကိုယ်စားပြုနိုင်ကြောင်း ခိုင်မာသည့် တရားဝင်မှုကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် ဆုံးရှုံးရနိုင်သည်။

ရွေးကောက်ပွဲအလွန်ကာလ ခါးသီးမှုများက ကိုဗစ်-၁၉ ကို ထိန်းချုပ်မှုများ အောက်သို့ ရောက်ရှိအောင် အားထုတ်မှုများကိုပင် ပျက်ပြားစေလိမ့်မည် ဖြစ်သည်။ 

Ref: Tom Fawthrop: Myanmar’s High-Risk Election (The Diplomat

Most Read

Most Recent