အငြင်းပွားဖွယ် အဆင့်သတ်မှတ်ချက်များနှင့် ပြန်လည်ဖွင့်လှစ်လာသည့် CMP စက်ရုံ၊ အလုပ်ရုံများ

အငြင်းပွားဖွယ် အဆင့်သတ်မှတ်ချက်များနှင့် ပြန်လည်ဖွင့်လှစ်လာသည့် CMP စက်ရုံ၊ အလုပ်ရုံများ
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုတွင် လုပ်ငန်းခွင်ဝင်မည့် ဝန်ထမ်းများကို တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုတွင် လုပ်ငန်းခွင်ဝင်မည့် ဝန်ထမ်းများကို တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)
Published 18 October 2020
မျိုးထက်ပိုင်၊ မျိုးထွန်း

တစ်ကျော့ပြန် COVID-19 ကို ထိန်းချုပ်ဖို့ စက်တင်ဘာ ၂၀ ရက်မှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေအားလုံး (ကိုကိုးကျွန်းမြို့နယ်မှအပ) ကို Stay Home နေထိုင်ရမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်အမှတ် ၁၀၇/၂၀၂၀ ထုတ်ပြန်ခဲ့ပါတယ်။ အလားတူ အစိုးရဌာနများ၊ ဆေးဝါး၊ စားသောက်ကုန်လုပ်ငန်းတွေနဲ့ နေ့စဉ်တစ်ကိုယ်ရည်သုံး ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေမှအပ ကျန်အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေနဲ့ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်တဲ့ လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်သူတွေကို စက်တင်ဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၇ ရက်အထိ လုပ်ငန်းခွင်သွားရောက်ခွင့်မပြုဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်ကြောင့် စက်တင်ဘာ ၂၄ ရက်ကစပြီး အစိုးရဌာနတွေ၊ ဘဏ်တွေ၊ ဆေးဝါး၊ စားသောက်ကုန်လုပ်ငန်းတွေနဲ့ နေ့စဉ်တစ်ကိုယ်ရည်သုံးပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေမှအပ ကျန်အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေနဲ့ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်တဲ့ လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံအားလုံး ယာယီပိတ်သိမ်းခဲ့ရပါတယ်။

အဲဒီလိုယာယီပိတ်သိမ်းပြီး နှစ်ပတ်ပြည့်ခါနီး အောက်တိုဘာ ၅ ရက်ညပိုင်းမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထပ်မံပြီး ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ကတော့ လက်ခစား CMP လုပ်ငန်းလုပ်ကိုင်နေတဲ့ စက်ရုံ၊ အလုပ်ရုံအားလုံး အောက်တိုဘာ ၈ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ ထပ်မံ၍ နှစ်ပတ်ပိတ်မယ်လို့ ထုတ်ပြန်ခဲ့တဲ့အတွက်ကြောင့် စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ စားဝတ်နေရေးအတွက် ထပ်မံပူပန်ခဲ့ကြရပါတယ်။

ဒါပေမဲ့ အောက်တိုဘာ ၁၀ ရက်နေ့ ကျန်းမာရေးနှင် ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ လက်ခစားလုပ်ငန်း လုပ်ကိုင်သော CMP စက်ရုံ၊ အလုပ်ရုံတွေထဲက A အဆင့်ရရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို အောက်တိုဘာ ၁၂ ရက်မှာ စတင်ဖွင့်လှစ်ခွင့်ပြုမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို ထုတ်ပြန်ပြီးတဲ့နောက် အောက်တိုဘာ ၁၂ ရက်မှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လှိုင်သာယာစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်၊ မင်္ဂလာဒုံစက်မှုဇုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက ယခင် COVID-19 ပထမလှိုင်းမှာ အဆင့် A ရရှိထားတဲ့စက်ရုံတွေဟာ ပြန်လည်ဖွင့်လှစ်လာကြပါတယ်။

ရှင်းလင်းမှုမရှိဘူးလို့ ဝေဖန်ခံရတဲ့ အဆင့်သတ်မှတ်ချက်များ

အောက်တိုဘာ ၁၂ ရက်မှာ ပြန်လည်ဖွင့်လှစ်တဲ့ စက်ရုံ၊ အလုပ်ရုံအများစုဟာ ယခင် COVID-19 ပထမလှိုင်းမှာ အဆင့် A ရရှိထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေဖြစ်နေပါတယ်။ အဲဒီစက်ရုံတွေကိုတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လတ်တလော ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ထားခြင်းမရှိဘူးလို့ သက်ဆိုင်ရာစက်မှုဇုန်ဥက္ကဋ္ဌတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ အခုအဆင့်သတ်မှတ်ချက်တွေဟာ ပြီးခဲ့တဲ့ ပထမလှိုင်းကာလ ဧပြီလကတည်းက သတ်မှတ်ပေးထားခဲ့တာတွေ ဖြစ်ပါတယ်။ အဲဒီကတည်းက ရရှိတဲ့ အဆင့်သတ်မှတ်ချက်တွေနဲ့ ဖွင့်လှစ်တဲ့ စက်ရုံတွေနဲ့အတူ အများနည်းတူ ရောယောင်ပြီး ပြန်လည်လည်ပတ်လာတဲ့ စက်ရုံ၊ အလုပ်ရုံတွေလည်း ရှိနေတယ်လို့ အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြလာကြပါတယ်။

အဲဒါအပြင် ဖွင့်လှစ်ခွင့်ရရှိထားတဲ့ စက်ရုံတွေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအနေနဲ့ တရားဝင်ထုတ်ပြန်ပေးထားခြင်း မရှိသလို စက်ရုံမည်မျှကို မည်သည့်အဆင့်သတ်မှတ်ချက်တွေနဲ ့ ပြန်လည်လုပ်ကိုင်ခွင့်ပေးမယ်ဆိုတာကိုလည်း ထုတ်ပြန်ပေးထားခြင်းမရှိဘူးလို့ ဝေဖန်ထောက်ပြကြပါတယ်။

“ အဆင့်သတ်မှတ်ချက်တွေကတော့ နည်းနည်းရှုပ်ထွေးတဲ့ ပြဿနာပေါ့။ ပွင့်လင်းမြင်သာမှုမရှိတဲ့ ကိစ္စမှာ အဆင့်သတ်မှတ်ချက်တွေလည်း ပါတာပေါ့။ ကိုဗစ်ပထမလှိုင်းမှာကတည်းက ဒီပြဿနာတွေ တက်ကြတာပေါ့။ ခွင့်ပြုချက်မရသေးဘဲ စက်ရုံတွေလည်ပတ်တဲ့အခါ ကျွန်တော်တို့ကလည်း အကြောင်းကြားရတာပေါ့။ ဘယ်ကနေခွင့်ပြုချက်ရလဲဆိုတာ ကျွန်တော်တို့လည်း မသိဘူး။ အစိုးရဘက်ကလည်း အဆင့်သတ်မှတ်ချက်ပေးတာကို တရားဝင် ကြေညာဖို့လိုတာပေါ့။ ဘယ်စက်ရုံကိုတော့ တရားဝင်ခွင့်ပြုတယ်။ ဘယ်စက်ရုံကိုတော့ တရားဝင်ခွင့်မပြုဘူးဆိုတာ အလုပ်သမားတွေက မသိကြဘူး။ အစိုးရ ခွင့်ပြုချက်မရဘဲနဲ့ လည်တဲ့စက်ရုံတွေကို ကျွန်တော်တို့က လူစုလူဝေးဥပဒေနဲ့ တိုင်ကြားတယ်။ ဒါပေမဲ့ ပြဿနာရှိတာက ကိုဗစ်ကော်မတီက တရားစွဲရမှာဖြစ်တဲ့အတွက် လုပ်လို့မရဘူးဆိုပြီး ဒီအတိုင်းပဲ ထားခဲ့တယ်။ အခုလည်း ၁၀ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်တယ်။ ၁၂ ရက်နေ့မှာပြန်ဖွင့်ကြတယ်။ စက်ရုံတွေဘက်က ၁၂ ရက်နေ့မှာ အလုပ်သမားတွေအားလုံး အလုပ်ဆင်းရမယ်ဆိုပြီး ကြေညာတယ်။ စက်ရုံတွေအားလုံးကို မစစ်ဆေးနိုင်ဘူးဆိုတာ ကျွန်တော်တို့သိတယ်။ အဲဒီတော့ စက်ရုံတွေက ပြန်ဖွင့်လာတယ်။ ပထမလှိုင်းတုန်းက A ရပြီးသား စက်ရုံတွေပြန် ဖွင့်တာလား။ စစ်ဆေးပြီးမှ ပြန်ဖွင့်တာလားဆိုတာ ကျွန်တော်တို့လည်း မရှင်းလင်းဘူး။ ဘယ်နေ့က ဘယ်လိုစစ်ဆေးထားတယ်ဆိုတဲ့အချက်အလက်တွေ ကျွန်တော်တို့ မသိရဘူး” လို့ We Generation Network ရဲ့ ဒါရိုက်တာဖြစ်သူ ဦးနန္ဒာစစ်အောင်က ပြောပါတယ်။

လှိုင်သာယာမြို့နယ် လှိုင်သာယာစက်မှုဇုန်မှာ အောက်တိုဘာ ၁၂  ရက်ကစလို့ လေးရက်တာကာလအတွင်း စက်ရုံ ၅၀ အထိ ပြန်လည်ဖွင့်လှစ်လာခဲ့ပါတယ်။ လုပ်ငန်းပြန်လည် လည်ပတ်နေတဲ့ အဲဒီစက်ရုံတွေဟာ ယခုကာလမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ ကွင်းဆင်းစစ်ဆေးပြီး အဆင့် သတ်မှတ်ချက်တွေပေးပြီးတော့ ပြန်လည်ဖွင့်လှစ်လာခဲ့တာ မဟုတ်ကြပါဘူး။ ယခင်ကိုဗစ်ကာလမှာ အဆင့်သတ်မှတ်ချက် A, B ရရှိထားတဲ့အတွက် ပြန်လည်ဖွင့်လှစ်နေကြတာ ဖြစ်တယ်လို့ လှိုင်သာယာစက်မှုဇုန် ကော်မတီ အမှုဆောင်အရာရှိ ဦး အောင်ကျော်ဦးက ပြောပါတယ်။

“အဆင့် A,B တွေကတော့ ဝန်ကြီးချုပ်စာချုပ်ထားတဲ့ စာပြန်ကြည့်ရင် ဟိုပထမလှိုင်းတုန်းကဟာကိုပဲ စစ်ထားတဲ့ဟာရှိတယ်။ ပိတ်ပြီးတော့ ဒီအခြေအနေအတိုင်းရမှ ဆက်ဖွင့်ပါ။ အဆင့် B ရတဲ့စက်ရုံတွေက ပြန်ပြင်ပြီးရင် ပြန်လာပြ၊ မပြရင် ရှောင်တခင်လာပြန်စစ်မှာပေါ့။ အဆင့် B ရတဲ့ စက်ရုံတွေကို ပြန်ပြင်ခိုင်းပြီး အချိန်သုံးလေးရက်ပေးမှ မတင်ပြဘူးဆိုရင် ကျန်းမာရေးဝန်ကြီးဌာနက လာစစ်တယ်။ သူတို့မပြင်ဘဲနဲ့ နေတာလားပေါ့။ ဒါပေမဲ့ များသောအားဖြင့် တတ်နိုင်တဲ့ ပြင်ဆင်မှုတွေပါပဲ။ အခုလောလောဆယ်တော့ ကျွန်တော်တို့ဆီကို စက်ရုံ ၅၀ လောက်ရှိတယ်။ ၅၀ ထဲမှာမှ အများစုက CMP လုပ်ငန်းတွေ၊ ကျန်တာတွေက အသေးအဖွဲတွေပေါ့။ မှန်စက်ရုံတို့၊ သိုလှောင်ရုံတို့ပေါ့။ ကျွန်တော်တို့ စိုးရိမ်တာကလည်း CMP တွေပဲပေါ့။ သူက လူများတာကိုး။ ငါးရာတစ်ထောင်တွေအထိ ရှိတယ်လေ။ အဲဒါတွေ အဓိကလာတင်တာက ပိုကောင်းတာပေါ့။ ရှောင်တခင်လာစစ်မှာက ဝန်ကြီးချုပ်အပေါ်မှာ မူတည်တယ်။ ကျန်းမာရေးဝန်ကြီးဌာနအပေါ်မှာ မူတည်တယ်။ သူတို့ နဂိုဖွဲ့ထားတဲ့အဖွဲ့နဲ့ လာစစ်မလား။ ဒါမှမဟုတ် သီးသန့်ဖွဲ့ထားတဲ့အဖွဲ့နဲ့ လာစစ်မလားပေါ့။ အွန်လိုင်းက စစ်မယ်လို့လည်းထုတ်ထားတော့ ဘယ်လိုစစ်မလဲတော့ မသိဘူး။ ဒါပေမဲ့လည်း စက်ရုံတွေက ပထမလှိုင်းထက်စာရင် ပိုကြောက်တယ်။ ဘာဖြစ်လို့ ကြောက်တာလဲဆိုတော့ အခုက ရှောင်တခင်စစ်မှာဖြစ်တဲ့အတွက် မည်သူမဆို ကြောက်နေတယ်။ ပြင်ပြီးနေပြီ။ လာမစစ်ဘူးလားဆိုတာမျိုးတွေ ပြောနေကြတယ်။ အဲဒီတော့ ပြင်ပြီးနေပြီဆိုတဲ့ အသိရှိနေတာကိုက သွားမစစ်ရင်တောင် တော်တော်လေးကောင်းနေပြီ။ အလုပ်သမားတွေကလည်း များသောအားဖြင့် ကျွန်တော်တို့ဆီကို လာတယ်။ စက်ရုံတွေကစည်းကမ်းနဲ့ သိပ်မညီဘူး ဆိုပြီးလာတိုင်တာတွေ ရှိတယ်ပေါ့” လို့ ဦးအောင်ကျော်ဦးက ပြောပါတယ်။

CMP စက်ရုံ၊ အလုပ်ရုံတွေကို အဆင့်သတ်မှတ်ချက်ပေးတဲ့နေရာမှာ အချက် ၁၀ နဲ့ စစ်ဆေးဆောင်ရွက်ပါတယ်။ ဆောင်ရွက်ထားရမယ့် အချက်တွေအနေနဲ့ Stay at Home ၊ Physical Distancing (နေအိမ်မှ အလုပ်လုပ်ရန်) မဖြစ်နိုင်သော လုပ်ငန်းခွင်များအတွက်၊ အလုပ်သမားတိုင်းအတွက် ပါးစပ်နှင့် နှာခေါင်းစည်းများ၊ လက်အိတ်များ တပ်ဆင်ရန် ညွှန်ကြားထားခြင်းနှင့် လုံလောက်စွာ ထောက်ပံ့ပေးထားခြင်း၊ Staff Sickness ၊ Transporation ၊ Entrance/ Exit ၊ Hygiene ၊ Cleanliness and Disinfection ၊ Meals and Rest ၊ အထွေထွေ စတဲ့အချက် ၁၀ ချက်နဲ့တိုင်းတာပြီး စစ်ဆေးဆောင်ရွက်ကြပါတယ်။ သတ်မှတ်ချက်တွေထဲကနေ လိုအပ်ချက်တွေရှိနေပါက အဆင့် B သတ်မှတ်ပြီး စက်ရုံကို ဖွင့်လှစ်ရင်း လိုအပ်ချက်တွေကို ဆက်လက်ပြင်ဆင်ရမယ်လို့ စစ်ဆေးဆောင်ရွက်ခဲ့တဲ့ စစ်တမ်းတွေအရ သိရပါတယ်။

အဲဒါအပြင် A,B သတ်မှတ်ချက်တွေအနက် အလုပ်သမားတွေ ဖယ်ရီကားပေါ် စတက်တဲ့အချိန်က စပြီး လုပ်ငန်းခွင်အတွင်း ဝင်ရောက်ခြင်း၊ Mask တပ်ရခြင်း၊ Faceshield တပ်ရခြင်း၊ လက်ဆေးရခြင်း၊ စက်ရုံအတွင်း ကိုဗစ်အသိပညာပေးဗွီနိုင်းများ ကပ်ထားရခြင်းနဲ့ ထမင်းစားရာမှာ သုံးပေခွာရခြင်း အစရှိတဲ့ စည်းကမ်းချက် အခြေခံအကြောင်းတရားတွေ သတ်မှတ်ထားပါတယ်။

“ သူတို့က A,B နဲ့ သတ်မှတ်ပြီး စစ်တာလေ။ အဲဒီတော့သူတို့က ဖယ်ရီပေါ်ကစပြီး ပြန်စဉ်းစားကြည့်ရင် ဖယ်ရီပေါ်ကို စတက်မယ်ဆိုရင် Mask တပ်ရမယ်။ Faceshield တပ်ရမယ်။ ဖယ်ရီပေါ်မှာလည်း အတတ်နိုင်ဆုံး ခြားနေမယ်ပေါ့။ ဒါပေမဲ့ ကားကလည်း ကျပ်ချင်လည်း ကျပ်သွားနိုင်တာပေါ့။ အဲဒီတော့ ဖယ်ရီပေါ် ကဆင်းတာနဲ့ အဓိကကတော့ ကျန်းမာရေးဝန်ကြီးဌာနကလည်း Mask နဲ့ Faceshield က အဓိကပဲ။ ကူးနိုင်တာကလည်း ဒါပဲလေ။ အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက် Mask တပ်မယ်။ Faceshield တပ်ထားမယ်ဆိုရင် လုံလောက်ပြီပေါ့။ အလုပ်သမားတွေ ကားပေါ်ကဆင်းပြီဆိုတာနဲ့ စက်ရုံထဲမဝင်ခင်မှာ ဘေစင်တွေ ပေးထားတယ်။ ဘေစင်မှာ ဆပ်ပြာနဲ့ ဆေး ဒါကတစ်ပိုင်း။ စက်ရုံမှာ ဗွီနိုင်းတွေ ကပ်ထားရမယ်။ အထဲမှာလည်း ခြောက်ပေခွာတို့ လုပ်ရမယ်။ ဒါပေမဲ့ သေချာပြန်စဉ်းစားရင် Mask ကအဓိကပဲ။ သူတို့ကို လက်ခဏခဏဆေးဖို့လုပ်ရမယ်။ မဖြစ်မနေ စက်ရုံထဲဝင်တဲ့အခါကျရင် လူကိုခြားဝင်သွားရမယ်။ အထဲမှာ ဘေစင်တွေ လုံလောက်စွာထားရမယ်။ အသံဖိုင်တွေ လွှင့်ပေးရမယ်။ နေ့တိုင်းလူအများ ကိုင်တွယ်တဲ့နေရာတွေကို ဆေးဖျန်းရမယ်။ ဒါက အခြေခံအကြောင်းတရားပေါ့” လို့ ဦးအောင်ကျော်ဦးက ဆက်လက်ပြောကြားပါတယ်။

အစိုးရကနေ တရားဝင်သတင်း ထုတ်ပြန်မှုမရှိတာ၊ ပွင့်လင်းမြင်သာမှု မရှိတာတွေကြောင့် A အဆင့်ရထားတဲ့ စစ်ဆေးပြီးသား စက်ရုံ၊ အလုပ်ရုံတွေ ဖွင့်လှစ်တဲ့အခါမှာ အခုရောက်ရှိနေတဲ့ အချိန်ကာလအထိ အဲဒီစစ်ဆေးပြီးသား A အဆင့်ကို စက်ရုံပိုင်ရှင်တွေ မည်မျှထိန်းထားနိုင်သလဲဆိုတာကို မည်သူမျှ မစစ်ဆေးကြောင်း၊ အဲဒါကြောင့် ယခင်က A အဆင့်ရထားတဲ့ စိစစ်မှုတွေကို မြန်မြန်ဆန်ဆန် ပြန်လည်စစ်ဆေးဖို့လိုတယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ ဦးသက်နှင်းအောင်က ဝေဖန်ထောက်ပြပါတယ်။

“သတင်းထုတ်ပြန်မှုအားကလည်း အစိုးရက ပွင့်လင်းမြင်သာမှု မရှိတာကို တဖြည်းဖြည်းနဲ့ တွေ့လာရတယ်။ ဒီခုနစ်လပိုင်းတုန်းက စစ်ဆေးပြီးသား စက်ရုံ၊ အလုပ်ရုံတွေကပဲ A အဆင့်ရပြီးတော့ အဲဒီကတည်းက A အဆင့်ရထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေက ဖွင့်လှစ်လို့ရတယ် ဆိုတဲ့ပုံစံတွေလည်း ကျွန်တော်တို့ဘက်က တွေ့နေရတာပေါ့နော်။ အဲဒီတော့ ခုနစ်လပိုင်းကတည်းကဆိုရင်တော့ စက်ရုံပေါင်း ရာနဲ့ချီပြီးတော့ A အဆင့်က ရထားနိုင်တယ်။ သို့သော်ကျွန်တော်တို့က သတိပြုရမှာက ဒီ A အဆင့်ရသော စက်ရုံ၊ အလုပ်ရုံတွေက ခုနစ်လပိုင်းကတည်းက ရထားတာဖြစ်တယ်။ အခုဆိုရင် ၁၀ လပိုင်းထဲကို ရောက်လာပြီဖြစ်တယ်။ အဲဒီတော့ ဒီဘက်သုံးလတာကာလမှာ ဒီအဆင့်ကို သူတို့ ဘယ်လောက်ထိန်းထားနိုင်သလဲဆိုတာကတော့ ထပ်ပြီးတော့ ဘယ်သူကမှ မစစ်ဆေးတာကို တွေ့နေရတယ်ပေါ့နော်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ ဒီစက်ရုံ ရာဂဏန်းကပဲ A အဆင့်ရထားတဲ့အပေါ်မှာ စိစစ်မှုတွေပြန်ပြီးတော့ လုပ်ဖို့လိုတယ်ဆိုတာကို ကျွန်တော်တို့ မြင်တယ်။ ဒီစိစစ်မှုတွေကိုလည်း မြန်မြန်ဆန်ဆန်လုပ်ဖို့ဆိုတာကို ကျွန်တော်တို့အနေနဲ့ တိုက်တွန်းချင်ပါတယ်” လို့ ဦးသက်နှင်းအောင်က ပြောပါတယ်။

အလားတူ စက်ရုံ၊ အလုပ်ရုံ ၄၀၀ ကျော်ရှိတဲ့ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာလည်း အောက်တိုဘာ ၁၂ ရက်မှစတင်ကာ လေးရက်တာအတွင်း အဆင့် A,B သတ်မှတ်ချက်ရရှိတဲ့ စက်ရုံ၊ အလုပ်ရုံ ၇၆ ရုံအထိ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီလိုပြန်လည်ဖွင့်လှစ်လာတာနဲ့ပတ်သက်ပြီး ရွှေလင်ပန်း စက်မှုဇုန်အတွင်းရေးမှူး ဦးအောင်ငွေက “ကျွန်တော်တို့နားလည်တာကတော့ တိုင်းဒေသကြီးအစိုးရက အစည်းအဝေးလုပ်တယ်။ လုပ်တဲ့အခါမှာ A အဆင့်၊ B အဆင့်ရတဲ့ စက်ရုံတွေဆိုရင် ဖွင့်ခွင့်ပြုမယ်။ တင်တော့တင်ပေးရမှာပေါ့နော်။ B အဆင့်ရတဲ့စက်ရုံတွေကို ကျွန်တော်တို့က စာရင်းပြုစုပေးတယ်။ စာရင်းပြုစုပြီးရင် နေ့စဉ်ကျွန်တော်တို့က တင်ပေးတယ်။ A အဆင့်၊ B အဆင့်ထဲမှာ သီးခြားသတ်မှတ်တာတော့ မတွေ့ဘူး။ ကျွန်တော်တို့ ဧပြီ၊ မေတုန်းက ပူးပေါင်းစစ်ထားတဲ့ စစ်ဆေးချက်တွေရှိတယ်။ A အဆင့်၊ B အဆင့်ဆိုပြီးတော့ပေါ့။ အဲဒီအပေါ်မှာကြည့်ပြီးတော့ ခွင့်ပြုတာပေါ့။ ကျွန်တော်တို့ ရွှေလင်ပန်းစက်မှုဇုန်မှာ ဖွင့်တဲ့စက်ရုံ ၇၆ ရုံရှိတယ်။ အဲဒီစက်ရုံတွေက ဧပြီလက စစ်ဆေးထားတဲ့ စက်ရုံတွေပေါ့။ အခုချိန်မှာတော့ ပြန်စစ်ဆေးတာ မရှိသေးဘူး။ ရှောင်တခင်စစ်ဆေးမယ်လို့တော့ သိရတယ်။ ဘယ်လိုစစ်မယ်ဆိုတာတော့ မသိရသေးဘူး။ အဓိကကတော့ စက်ရုံတွေဟာ ပြန်ဖွင့်ချင်ကြတယ်။ ပြန်ဖွင့်ချင်ကြတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ အားလုံးပြည့်စုံအောင်တော့ လုပ်ကြပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်တွင် လုပ်ငန်းခွင်ဝင်ရောက်မည့် အထည်ချုပ်အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ- မျိုးထက်ပိုင်)

လုပ်ငန်းခွင်အတွင်း ပြန်လည်ဝင်ရောက်လာတဲ့ အလုပ်သမားတွေအတွက် ကျန်းမာရေးအာမခံချက်

ကိုရိုနာဗိုင်းရပ်စ်ရဲ့ တစ်ကျော့ပြန်ရိုက်ခတ်မှုကြောင့် အလုပ်လက်မဲ့ဖြစ်နေကြရတဲ့ အလုပ်သမားတွေ အတွက်တော့ CMP စက်ရုံ၊ အလုပ်ရုံတွေ ပြန်လည်ဖွင့်လှစ်လာခြင်းဟာ ဝမ်းသာစရာဖြစ်ပေမဲ့ လုပ်ငန်းခွင်ကို သွားရာလမ်းတစ်လျှောက်မှာတော့ အန္တရာယ်တွေ ရှိနေပြန်ပါတယ်။ နေ့စဉ်အလုပ်သမားအင်အား ထောင်ချီနဲ့လည်ပတ်နေရတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး ညွှန်ကြားချက်တွေနဲ့အညီ စနစ်တကျ လုပ်ဆောင်နိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အထူးသဖြင့် မိမိတို့ရဲ့နေအိမ်တွေကနေ လုပ်ငန်းခွင်ဝင်ရောက်ဖို့ ဖယ်ရီကားတွေကို စီးကြရပါတယ်။ နေရာအသီးသီးကနေ လုပ်ငန်းခွင်တစ်ခုတည်းကို ဝင်ရောက်ဖို့ စက်ရုံဖယ်ရီကားတွေပေါ်မှာ ကျပ်ကျပ်တည်းတည်း လိုက်ပါစီးနင်းနေကြရခြင်းဟာ COVID-19 ကို ကာကွယ်ဖို့အတွက် မဖြစ်နိုင်သလို ရောဂါပိုးကူးစက်နိုင်ဖို့ အလားအလာတွေ အများကြီးရှိနေပါတယ်။

အထည်ချုပ်လုပ်ငန်းတွေမှာ လူထောင်နှင့်ချီ ရှိနေတဲ့အတွက် ဖယ်ရီကားတွေနဲ့ သွားလာတဲ့အခါမှာ ယခင်က အယောက် ၄၀ စီးရာကနေ ယခုအခါ အယောက် ၃၀ သာစီး နင်းခွင့်ရပြီး သုံးပေခွာ၊ ခြောက်ပေ ခွာခြင်းမျိုးတော့ လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ ရွှေလင်ပန်းစက်မှုဇုန်အတွင်းရေးမှူး ဦးအောင်ငွေက “ အထည်ချုပ်တွေလုပ်ငန်းတွေမှာ လူက ရာထောင်ချီတော့ ဖယ်ရီကားပေါ်မှာ သွားလာတဲ့အခါမှာ အရင်က အယောက် ၄၀ လောက်စီးရရင် အခုက ၃၀ လောက်ပေါ့။ ဒါပေမဲ့ သူတို့ပြောသလို သုံးပေခွာပါ၊ ခြောက်ပေခွာပါလို့တော့ မဖြစ်နိုင်ဘူး။ ခုကျွန်တော် သိရသလောက်ကတော့ အဆိုင်းတော့ မခွဲကြပါဘူး။ ပုံမှန်ပဲ ဆင်းကြတာများတယ်။ အဆင့်သတ်မှတ်ချက်နဲ့ မညီညွှတ်ဘဲဖွင့်တဲ့စက်ရုံတွေကိုတော့ အရေးယူမှု လုပ်မယ်လို့တော့ ကြားတယ်” လို့ ၎င်းရဲ့အမြင်ကို အခုလို ဝေဖန်ထောက်ပြပါတယ်။

အဲဒါအပြင် စက်ရုံ၊ အလုပ်ရုံတွေကို သွားရောက်အလုပ်လုပ်ကိုင်နေရတဲ့ အလုပ်သမားတွေမှာ စုပ်လည်း စူး၊ စားလည်း ရူး အခြေအနေ ရောက်ရှိနေကြောင်း၊ ကိုဗစ်ရောဂါ ကူးစက်မှု များပြားနေတဲ့အတွက် စက်ရုံတွေ မဖွင့်တဲ့အခါမှာလည်း လက်ရှိအစိုးရက လုပ်ခလစာနဲ့ပတ်သက်ပြီး တာဝန်ယူပေးနိုင်ခြင်းမရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံတွေ ပြန်ဖွင့်တဲ့အခါမှာလည်း အစိုးရအနေဖြင့် ဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်ဖြစ်အောင် ဖန်တီးမပေးနိုင်ဘူးလို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်မှ ဦးသက်နှင်းအောင်က ပြောပါတယ်။

“ အဲဒီတော့ ကျွန်တော်တို့မှာက ဒီဒုက္ခကြီးနှစ်ခုနဲ့ နေ့စဉ်နဲ့အမျှ စိုးရိမ်နေတာပေါ့။ အဲဒီတော့ စက်ရုံပိတ်ပြန်ပြီဆိုတော့လည်း ကျွန်တော်တို့မှာ ပြဿနာက ဘာရှိလဲဆိုတော့ လုပ်ခလစာအတွက် ထိတ်ထိတ်လန့်လန့်နဲ့ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အသက်ရှင်နေထိုင်ရတယ်။ တစ်ခါစက်ရုံတွေဖွင့်လိုက်ပြန်ပြီ ဆိုရင်လည်း ဘေးအန္တရာယ်ကင်းပြီးတော့ လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်မရှိတော့ ကျွန်တော်တို့မှာက ဘယ်နေ့များ ကိုဗစ်ကူးမလဲ။ ဘယ်နေ့များ ဖြစ်မလဲဆိုတဲ့ စိုးရိမ်သောကတွေနဲ့ ကျွန်တော်တို့မှာ အလုပ်လုပ်နေရတာ ဖြစ်ပါတယ်” လို့ ဦးသက်နှင်းအောင်က ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း ဝင်ရောက်နေကြတဲ့ အလုပ်သမားတွေအနေနဲ့ ရောဂါကူးစက်ခံရပါက သက်ဆိုင်ရာ စက်ရုံတွေအနေနဲ့ ဘယ်လိုတာဝန်ယူမလဲဆိုတာနဲ့ ပတ်သက်ပြီး ယခုအချိန်အထိ တရားဝင်ထုတ်ပြန်ထားခြင်းလည်း မရှိပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း လုပ်ငန်းခွင်အတွင်းမှ အလုပ်သမားတစ်ဦး ရောဂါကူးစက်ခံရပါက စက်ရုံပိတ်ဖို့သာ ညွှန်ကြားထားပြီး ထိတွေ့ခဲ့သူတွေကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို ထုတ်ပြန်ထားခြင်းမရှိပါဘူး။

“ ပထမအချက် အဆင့်သတ်မှတ်ချက်ကိစ္စက အငြင်းပွားဖွယ်ရာ ကိစ္စဖြစ်နေတယ်။ ဒုတိယအချက်က အဲဒါကို အစိုးရက တရားဝင်ထုတ်ပြန်ပေးမှသာ အလုပ်သမားတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေက ဘယ်စက်ရုံက တရားဝင်ဖွင့်ခွင့်ရတယ်၊ မရဘူးဆိုတာ သိရမှာဖြစ်တဲ့အတွက် အစိုးရက တရားဝင်ထုတ်ပြန်ပေးဖို့ လိုတယ်။ တတိယအချက်ကတော့ ဖယ်ရီကားတွေကိစ္စပေါ့။ ပထမလှိုင်းမှာကတည်းက ကိုဗစ်စည်းကမ်းအတိုင်း စစ်တယ်ပြောတယ်။ တကယ်တမ်းကျတော့ ဖယ်ရီကားတွေပေါ်မှာ ကျပ်ညပ်ပြီး စီးနေကြရတယ်။ စစ်တဲ့လူတွေက ဘာကိုသွားစစ်လဲဆိုတော့ စက်ရုံအတွင်းကို ကိုဗစ်ဂိုက်လိုင်းအတိုင်း စစ်တာ။ အလုပ်သမားတွေကျတော့ စက်ရုံကိုလာမယ်ဆိုရင် ဖယ်ရီကားစီးရတာဖြစ်တဲ့အတွက် ကျပ်ညပ်ပြီး စီးလာရတာကြောင့် ကိုဗစ်ဖြစ်နိုင်ခြေက ပိုများသွားပြီ။ အဆင့်သတ်မှတ်ချက် A ပေးတဲ့အချိန်မှာ ဖယ်ရီကားတွေကို ဘယ်လိုစီစဉ်ပေးမှာလဲဆိုတာ စဉ်းစားရမယ်။ အဲဒါသည် အန္တရာယ်အကြီးမားဆုံး ကိစ္စဖြစ်နေတယ်။ နောက်ဆုံးအချက်ကတော့ စက်ရုံတွေမှာ ကိုဗစ်ဖြစ်ရင် ဘာလုပ်မှာလဲပေါ့။ CMP စက်ရုံတွေက လူအရမ်းများတာကိုး။ တကယ်လို့ အလုပ်သမားတွေ Q ဝင်ရမယ်ဆို ဘယ်မှာထားမှာလဲပေါ့။ သူတို့နေတဲ့ အဆောင်တွေမှာ ထားမှာလား။ ထားမယ်ဆို ရှုပ်ထွေးနိုင်တယ်။ စက်ရုံမှာထားမယ်ဆိုလည်း CMP စက်ရုံတွေက လူထောင်ချီရှိနေတာဖြစ်တဲ့အတွက် မလွယ်ဘူး။ အဲဒါကြောင့် စက်ရုံတစ်ရုံမှာ ပိုးတွေ့ပြီဆိုရင် ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာကိုပါ တွဲပြီး စီစဉ်ထားသင့်တယ်။ အဲဒီအချက်လေးချက်ကို ဝန်ကြီးဌာနက စိစစ်ပေးဖို့ လိုအပ်တယ်” လို့ We Generation Network ရဲ့ ဒါရိုက်တာဖြစ်သူ ဦးနန္ဒာစစ်အောင်က ပြောပါတယ်။

အဲဒါကြောင့် အလုပ်သမားတွေအတွက် ကပ်ရောဂါကာလအတွင်း ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းခွင်တွေ လိုအပ်နေသလို ကျန်းမာရေး အာမခံချက်တွေပေးဖို့၊ စည်းကမ်းလိုက်နာမှုမရှိတဲ့ အလုပ်ရှင်တွေကို ထိရောက်စွာ အရေးယူပေးဖို့ အလုပ်သမားအဖွဲ့အစည်းတွေက တောင်းဆိုထားကြပါတယ်။ အချို့သောစက်ရုံတွေဟာ A အဆင့် မရရှိဘဲ ဖွင့်လှစ်နေကြပြီး အခုလိုဖွင့်လှစ်မှုအပေါ် အစိုးရဘက်ကနေ အရေးယူမှုမရှိတာတွေဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စိစစ်ကြပ်မတ်မှု အားနည်းနေတာကြောင့်လို့ အလုပ်သမားကိုယ်စားလှယ်တွေက သုံးသပ်မှုများ ရှိနေပါတယ်။

“ ကျွန်တော်တို့က ဒီ A အဆင့်ရတဲ့ စက်ရုံ၊ အလုပ်ရုံတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာ လုံခြုံစိတ်ချရမှုရှိသော လုပ်ငန်းခွင်များလို့ဆိုပြီး အဓိပ္ပာယ်ကောက်ယူလို့ရတယ်ဆိုတာမျိုး ပြောသွားတာပေါ့။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ လုံခြုံစိတ်ချရတယ်ဆိုပြီး ဖွင့်ခွင့်ပေးလိုက်တဲ့ A အဆင့်စက်ရုံတွေမှာ ရောဂါပိုးကူးစက်မှုတွေရှိလာရင်၊ နောက်ကိုဗစ်ကြောင့် လူသေဆုံးမှုတွေ ရှိလာတယ်ဆိုရင် ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ အမျိုးသားအဆင့် ဗဟိုကော်မတီက ဘယ်လိုပုံစံနဲ့ တာဝန်ယူပေးမှာလဲပေါ့နော်။ ဒါလေးတွေကတော့ ကျွန်တော်တို့အနေနဲ့ မေးရမှာဖြစ်တယ်။ အဲဒါအပြင် လက်ရှိစီးပွားရေးအရ ပြန်ဖွင့်ရမယ်ဆိုသော်ငြားလည်း ကျွန်တော်တို့အနေနဲ့ကတော့ သတိနဲ့ ယှဉ်သောစီးပွားရေးလုပ်ငန်းဝန်းကျင်များဖြစ်ဖို့ ကြိုးစားသင့်တယ်လို့ မြင်ပါတယ်။ အဲဒီတော့ သတိလေးတစ်ချက်လွတ်တာနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ အစကတည်းက ထိန်းလို့သိမ်းလို့ မနိုင်ရတဲ့အထဲ အင်မတန်မှ လူနာတွေ တောင်လိုယာလို ပုံသွားပြီးတော့ ဒုတိယ အီတလီလို ဖြစ်သွားမှာ စိုးရိမ်ပါတယ်” လို့ ဦးသက်နှင်းအောင်က ဝေဖန်ပြောဆိုပါတယ်။

အဆင့်သတ်မှတ်ချက်မပြည့်မီဘဲ ပြန်လည်ဖွင့်လှစ်နေတဲ့ စက်ရုံတွေကို  မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၊ We Generation Network နဲ့ အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမားအဖွဲ့ အစည်းတွေက ကျန်းမာရေးဌာန၊ သက်ဆိုင်ရာ စက်မှုဇုန်ကော်မတီတွေ၊ အလုပ်ရုံနဲ့ အလုပ်သမား စစ်ဆေးဦးစီးဌာနတွေကို တိုင်ကြားထားပေမဲ့ အရေးယူမှုတစ်စုံတစ်ရာ လုပ်ဆောင်ထားတာတွေမရှိဘူးလို့ ဆိုပါတယ်။

“ ကျွန်မတို့ အောက်တိုဘာ ၁၂ ရက်တည်းကစပြီးတော့ တိုင်ထားပါပြီ။ တိုင်တော့ ကျွန်မတို့ ဇုန်ကော်မတီကို သွားပို့တယ်။ ဇုန်ကော်မတီကတော့ ဒါကို သူတို့ကတော့ ဖြေရှင်းတာ မဟုတ်ဘူး။ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးဦးစီးဌာနကို သွားပါဆိုပြီး ကျွန်မတို့ကို ပြန်လွှတ်တယ်။ ပြန်လွှတ်တော့ ကျွန်မတို့က မိတ္တူတော့ သူတို့ကို ပေးခဲ့တယ်။ ဇုန်ကော်မတီတွေကို ပေးခဲ့တယ်။ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနကို သွားပြန်တင်ပါတယ်။ ထုံးစံအတိုင်းပေ့ါ။ တိုင်ကြားရေး ယန္တရားမှာတောင် အဲဒီလောက်မလွယ်ကူပါဘူး။ သက်ဆိုင်ရာအာဏာပိုင်တွေ၊ တာဝန်ရှိတဲ့သူတွေကို ဖုန်းဆက်တဲ့အခါမှာလည်း ဖုန်းကဆက်လို့ မရပါဘူး။ အဲဒီတော့ ကျွန်မတို့က ဓာတ်ပုံမှတ်တမ်း၊ စာမှတ်တမ်းတွေနဲ့ တရားဝင်လုပ်ဆောင်ပြီးတော့ မနေ့ကတည်းကစပြီး တိုင်ကြားရေးကို A အဆင့်မရှိဘဲနဲ့ ဖွင့်တဲ့စက်ရုံတွေကို တိုင်ကြားမှု စလုပ်နေပါပြီ။ အခုကျွန်မတို့ကတော့ ကျန်းမာရေးဦးစီးဌာနကိုလည်း စာသွားပို့ခိုင်းတယ်။ စက်မှုဇုန်တွေကိုလည်း စာသွားပို့ခိုင်းတယ်။ ပြီးတော့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနကိုလည်း ကျွန်မတို့  စာသွားပို့ခိုင်းပါတယ်။ အဲဒီတော့ သုံးနေရာပို့ပါတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM) မှ လက်ထောက်အထွေထွေ အတွင်းရေးမှူး မဖြိုးစန္ဒာစိုးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကတော့ စက်ရုံ၊ အလုပ်ရုံတွေကို မြေပြင်ကွင်းဆင်းစစ်ဆေးပါက ကူးစက်ခံရမှုတွေ ရှိနိုင်တဲ့အတွက် အွန်လိုင်းကနေတင်ပြတဲ့ အချက်တွေကို ဦးစွာစစ်ဆေးသွားမှာဖြစ်ပြီး လိုအပ်မှသာ မြေပြင်ကွင်းဆင်းစစ်ဆေးမယ်လို့ ပြောကြားထားပါတယ်။

“သွားရောက်စစ်ဆေးတဲ့အဖွဲ့ကို ကျန်းမာရေးလုံခြုံမှုပေးဖို့ လိုတယ်။ သွားရောက်စစ်ဆေးခြင်းက ကူးစက်နှုန်းရဲ့ Risk ကို ပိုများစေတယ်။ ဒါကြော့င်မို့လို့ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ A အဆင့် ရရှိနိုင်ရေး စိစစ်ဆောင်ရွက်ချက်တွေကို Internal Audit များ ဖွဲ့စည်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ Imtetnal Audit အဖွဲ့မှာ အလုပ်သမားကိုယ်စားလှယ်ပါမယ်။ အလုပ်ရှင်ကိုယ်စားလှယ်ပါမယ်။ HR မန်နေဂျာ အလုပ်ရုံတိုင်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးပါမယ်။ ဒါတွေကို Internal Audit ဖွဲ့စည်းပြီးတဲ့အခါ Online workload uae ကနေ တင်ပြလာတဲ့အခါ External Audit အဖွဲ့တွေက ဒီအပေါ်ကကြည့်မယ်။ တင်ပြချက်အပေါ်မူတည်ပြီး စစ်ဆေးဆောင်ရွက်ဖိ ု့လိုအပ်တာမျိုးဖြစ်ရင် ကျန်းမာရေးလုံခြုံမှု ရယူပြီးတော့ စစ်ဆေးဖို့စီစဉ်ထားတယ်။ ကူးစက်မှုနှုန်းအနိမ့်ဆုံးဖြစ်အောင် ဆောင်ရွက်ထားတာဖြစ်တယ်” လို့ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားပါတယ်။

အစိုးရဌာနတွေအနေနဲ့ အဲဒီလိုအွန်လိုင်းကနေ စစ်ဆေးမှုအပေါ်မှာ အလုပ်သမားကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးသက်နှင်းအောင်က မေးခွန်းထုတ်ခဲ့ပါတယ်။

“အဲဒီတော့ A အဆင့်ရတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို စစ်ဆေးဖို့တောင်မှ အွန်လိုင်းကနေပြီးတော့ စစ်ဆေးမယ်လို့ပြောတာပေါ့။ တကယ်တမ်း အွန်လိုင်းကနေပြီးတော့ ဘာဖြစ်လို့ စစ်ဆေးမှာလဲလို့ ပြောလိုက်တဲ့အခါကျတော့ ဒီစစ်ဆေးမယ့်အထဲမှာ ပါမယ့်သူတွေကို ရောဂါပိုးကူးစက်ခံရမှာစိုးရိမ်ရလို့ ပြောပါတယ်။ အဲဒီတော့ စစ်ဆေးမယ့်သူတွေတောင်မှ ရောဂါပိုးကူးစက်ခံရမှာစိုးရိမ်လို့ အွန်လိုင်းက စစ်ဆေးမယ်လို့ လုပ်နေတဲ့အချိန်မှာ ဘာဖြစ်လို့ ဒီလုံခြုံစိတ်ချရမှုမရှိတဲ့ ကျွန်တော်တို့လုပ်ငန်းခွင်တွေထဲကို ဘာဖြစ်လို့ အလုပ်သမားတွေကို ထည့်ချင်တာလဲပေါ့နော်။ ဒါလေးကတော့ လူသားဆန်မှုအနေနဲ့ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကကျတော့ အခုလိုမျိုး A အဆင့်မရတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးဥပဒေအရ အရေးယူဖို့ကို လက်ရှိအစိုးရက ဘာဖြစ်လို့ ပျက်ကွက်နေတာလည်းပေါ့နော်။ ဒါကလည်း ကျွန်တော်တို့က မေးခွန်းထုတ်ရမှာ ဖြစ်တယ်” လို့ ဦးသက်နှင်းအောင်က ပြောပါတယ်။

ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုတွင် လုပ်ငန်းခွင်ဝင်မည့် အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)

 တစ်ဝက်ဆင်း တစ်ဝက်နားနဲ့ အလုပ်သမားတွေရဲ့ လက်တွေ့ဘဝ

စက်ရုံတွေပြန်လည်ဖွင့်လှစ်ပြီးတဲ့နောက် အလုပ်သမားအင်အား များစွာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေဟာ တစ်ဝက်ဆင်း၊ တစ်ဝက်နားပုံစံနဲ့ အလုပ်ဆင်းကြပါတယ်။ အလုပ်သမားတွေက ကျန်းမာရေး လမ်းညွှန်ချက်များနဲ့အညီ အဲဒီလိုမျိုးတစ်ဝက်ဆင်း တစ်ဝက်နားဆင်းကြပေမဲ့ မဆင်းရတဲ့ ရက်တွေရဲ့ လုပ်ခလစာကို အလုပ်ရှင်နဲ့ ညှိနှိုင်းနေကြပါတယ်။ အလုပ်သမားတွေမှာ မဆင်းရတဲ့ရက်တွေအတွက် လုပ်ခလစာ အနည်းဆုံးတစ်ရက်ကို ၃၅၀၀ မှ ၄၈၀၀ အထိ ရစေချင်ပါတယ်။ အလုပ်ရှင်တွေကလည်း ယင်းလုပ်ခလစာအပေါ် ပေးမယ် မပေးဘူးဆိုတာ အလုပ်သမားတွေကို တိတိကျကျ မပြောပါဘူး။

တကယ်လို့ အလုပ်သမားတွေအနေနဲ့ အလုပ်မဆင်းတဲ့ ၁၅ ရက်ခကိုသာ အလုပ်ရှင်က ပိုက်ဆံမပေးဘူးဆိုရင် စားဝတ်နေရေးကအစ အခက်အခဲတွေ အများကြီးဖြစ်ပေါ်မယ်လို့ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုအောင်ကျော်နိုင်က “အဆင့်သတ်မှတ်ချက်တွေနဲ့ ညီတာကတော့ မညီဘူး။ မညီဘူးဆိုပေမဲ့လည်း ခုလူတစ်ဝက်လျှော့ထားတော့ ညီတယ်လို့ ပြောရမှာပေါ့။ တကယ်လို့ လူတွေ အကုန်ဆင်းမယ်ဆိုရင်တော့ မညီဘူးလို့ပြောရမှာပေါ့။ ဖယ်ရီကားတွေမှာ လူမခြားပေးနိုင်တာတွေ၊ လိုင်းထဲမှာ လူမခြားပေးနိုင်တာတွေပေါ့။ ခုကျွန်တော်တို့ လူတစ်ဝက်ကို ၁၅ ရက်စီ ဆင်းရတယ်ပေါ့။ အဲဒီအပေါ်မှာ အလုပ်မဆင်းရတဲ့ ၁၅ ရက်မှာ အလုပ်ရှင်က ဘယ်လိုဆုံးဖြတ်မလဲ မသိသေးဘူး။ အစိုးရလည်း စက်ရုံတွေ ပြန်ဖွင့်ပြီဆိုတော့ မထောက်ပံ့တော့ဘူးလေ။ ပိတ်တဲ့ရက်ပဲ ထောက်ပံ့မယ်ပြောထားတာလေ။ အဲဒါ စက်ရုံက ဘယ်လိုလုပ်ပေးမလဲမသိဘူး။ အခြေခံအကြောင်း တရားတွေကတော့ အရင်က လက်ဆေးဘေစင်က တစ်စင်ပဲရှိတာ ခုမှပြန်လုပ်နေတုန်းပေါ့။ အားလုံး ငါးစင်တော့ရှိတယ်။ အရင်ကတော့ ထမင်းစားခုံတွေမှာ မခြားထားဘူး။ ခုတော့ အကာလေးတွေနဲ့ လုပ်နေတယ်။ လူတစ်ဝက်စီပဲ ဆင်းတဲ့အတွက်ကြောင့် စက်ရုံထဲမှာတော့ တော်တော်ကြီးကို ချောင်သွားမှာပေါ့။ ခု ကျွန်တော်တို့သိချင်တာက ၁၅ ရက် စီခွဲဆင်းတဲ့အပေါ်ကို ဘယ်လိုလုပ်ပေးမှာလဲဆိုတာကို သိချင်တာပေါ့။ ကျွန်တော်တို့စက်ရုံကတော့ B အဆင့်နဲ့ဖွင့်ထားတာလေ။ လိုအပ်ချက်တွေများစွာရှိတယ်။ အဲဒီထဲကမှ ဖယ်ရီကားနဲ့ လိုင်းမခြားပေးနိုင်တဲ့ ပြဿနာ။ ကျွန်တော်တို့ကတော့ အလုပ်သမားတွေ အကုန်လုံးအလုပ် ဆင်းရအောင် ညှိပေးထားတာပေါ့။ ဒါကိုမှ စက်ရုံဘက်က ကျွန်တော်တို့ မဆင်းတဲ့ရက်တွေ ၄၈၀၀ မပေးနိုင်ရင်တောင် ၃၅၀၀ သို့မဟုတ် ၄၀၀၀ တော့ ပေးသင့်တယ်ပေါ့။ မပေးဘူးဆိုရင်တော့ မဆင်မပြေဘူး။ ကျွန်တော်တို့မှာ စားဝတ်နေရေးတွေရှိတယ်။ အခက်အခဲတွေ အများကြီးဖြစ်ပေါ်မယ်” လို့ ကိုအောင်ကျော်နိုင်က ပြောပါတယ်။

အလားတူအလုပ်သမားအင်အား တစ်ထောင်ဝန်းကျင်ရှိတဲ့ တောင်ဒဂုံစက်မှုဇုန်က အထည်ချုပ်စက်ရုံမှာလည်း ဖယ်ရီကားစီးရတဲ့ ဂိတ်မှာ လူအများကြီးနဲ့ စောင့်စီးရကြပါတယ်။ အဲဒီအပြင်ဖယ်ရီကားပေါ်မှာ ခြောက်ပေခွာ၊ သုံးပေခွာစီဖို့လည်း အဆင်မပြေပါဘူး။ နှစ်ယောက်ထိုင်ခုံမှာ ကတ္တူစက္ကူတွေ ခြားထားတာကလွဲလို့ ပုံမှန်အတိုင်းပဲ စီးနေရပါတယ်။ စက်ရုံဘက်က ဘယ်လောက်ပဲ ကျန်းမာရေးနဲ့ညီညီ၊ ဝန်ကြီးဌာနက ခွင့်ပြုပါတယ်ပဲ ပြောပြော အလုပ်သမားတွေအတွက်ကတော့ အန္တရာယ်ရှိနိုင်တဲ့လုပ်ငန်းခွင်ဖြစ်ကြောင်းကို ယင်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ ကိုစိုင်းလင်းသူက “ အစကပြောမယ်ဆိုရင် ကျွန်တော်တို့ အိမ်ကနေထွက်တဲ့အချိန်မှာ ဖယ်ရီကားစီးရတယ်ပေါ့။ စီးရတဲ့နေရာမှာ ကျွန်တော်တို့ ဖယ်ရီကားဂိတ်က လူအများကြီးရှိတယ်။ ကျွန်တော်တို့ စက်ရုံတစ်ရုံတည်းမဟုတ်ဘူး။ အခြားစက်ရုံတွေက လူတွေရော၊ ဘတ်စ်ကားစောင့်တဲ့သူတွေရော အများကြီးပေါ့။ ပြီးရင် ဖယ်ရီကားပေါ်မှာ ခြောက်ပေအကွာ စီးဖို့ဘယ်လိုမှ အဆင်မပြေဘူး။ အဆင်မပြေတော့ နှစ်ယောက်ထိုင်တဲ့ခုံမှာ ကတ္တူပြားတွေ ခြားထားတာပေါ့နော်။ ပြီးရင်လည်း ဟိုဘက်အခြမ်းနဲ့ ဒီဘက်အခြမ်းကို ကာထားပေးတယ်ပေါ့။ ပြီး ရင်စက်ရုံဝင်းထဲမှာ အဆင့်သတ်မှတ်ချက်တွေနဲ့ ညီ မညီကတော့ ကျွန်တော်တို့လည်း ကျွမ်းကျင်တဲ့သူတွေမဟုတ်တော့ သေချာမသိဘူး။ သူတို့ဘက်ကနေ တတ်နိုင်သမျှတော့ စီစဉ်ပေးထားပါတယ်။ အလုပ်သမားတွေဘက်ကလည်း တတ်နိုင်သလောက် လိုက်နာပါတယ်။ စက်ရုံက ဘယ်လောက်ပဲ ကျန်းမာရေးနဲ့ ညီပါတယ်။ ဝန်ကြီးဌာနက ခွင့်ပြုပါတယ်ပြောပြော အလုပ်သမားတွေအတွက်ကတော့ အန္တရာယ် ရှိပါတယ်။ လုပ်ငန်းခွင်တွေထဲမှာ အန္တရာယ်ရှိနိုင်တဲ့ နေရာတွေ အများကြီးပေါ့နော်။ နေရာတိုင်းကတော့ ဘယ်လောက်ပဲ အန္တရာယ်ကင်းတယ်ပြောပြော နေရာတိုင်းကတော့ အန္တရာယ်ရှိပါတယ်” ဟု ကိုစိုင်းလင်းသူက ပြောပါတယ်။

အဲဒီအပြင် စက်ရုံဟာ A အဆင့်နဲ့ ဖွင့်ထားတာမဟုတ်ဘဲ B အဆင့်နဲ့ ဖွင့်ထားတာဖြစ်ပြီး ဖွင့်ရင်းနဲ့မှ A အဆင့်ရအောင် ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလားလို့ဆိုတော့လည်း မဟုတ်သလို ညီညွှတ်လားဆိုတော့လည်း ညီညွှတ်တယ်လို့ ပြောလို့မရဘူးလို့ ကိုစိုင်းလင်းသူက ဆက်လက်ပြောပါတယ်။

“ စက်ရုံကတော့ A အဆင့်နဲ့ ဖွင့်ထားတာမဟုတ်ဘူး။ B အဆင့်နဲ့ ဖွင့်ထားတာလို့တော့ ကြားတယ်။ ပြီးရင် ပြန်စစ်တဲ့အချိန်ကျရင် A အဆင့်ရအောင်လို့ ပြင်ဆင်နေကြတယ်ပေါ့။ အလုပ်ထဲမှာဆိုရင်လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို တစ်နေ့ကို နှစ်ခေါက်လောက် ကြေညာပါတယ်။ စက်ရုံဖွင့်တာကလည်း နှစ်ရက်ပဲရှိသေးတော့ အစမို့လို့ပဲလားတော့ မသိဘူးပေါ့။ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလားဆိုတော့လည်း မဟုတ်သလို ညီညွတ်တယ်လို့လည်း ပြောလို့မရပါဘူး” ဟု ကိုစိုင်းလင်းသူက ပြောပါတယ်။

လှိုင်သာယာမြို့နယ်ရှိ အလုပ်သမားအင်အား ရာဂဏန်းရှိသော အိတ်စက်ရုမှာလည်း B အဆင့်သတ်မှတ်ချက်ဖြင့် ဖွင့်လှစ်ကာ ဖယ်ရီကားစီးရတာဟာ ပုံမှန်အတိုင်းသာဖြစ်ပြီး စက်ရုံမှာတော့ အတတ်နိုင်ဆုံး ကျန်းမာရေးစည်းကမ်းချက်တွေနဲ့အညီ လုပ်ဆောင်နေတယ်လို့ ယင်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေသူ ကိုနေလင်းက ပြောပါတယ်။

“ ကျွန်တော်တို့စက်ရုံမှာ ဖယ်ရီကားစီးရတာကတော့ ပုံမှန်အတိုင်းပဲ စီးရပါတယ်။ အစကတော့ ကျွန်တော်တို့စက်ရုံက မဖွင့်ပါဘူး။ B အဆင့်ရှိတဲ့ စက်ရုံအများစု ဖွင့်တဲ့အတွက် ကျွန်တာ်တို့စက်ရုံလည်း ဖွင့်လိုက်တာပါ။ စက်ရုံထဲမှာတော့ ဖွင့်ရင်းနဲ့ပဲ ကျန်းမာရေးနဲ့ညီအောင် လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ထမင်းစားရင်လည်း တစ်ယောက်တစ်ခုံနဲ့ စားရပါတယ်။ စစ်ဆေးဦးမယ်လို့တော့ ကြားတာပဲ။ ဘယ်ချိန်စစ်မလဲဆိုတာတော့ မသိဘူးပေါ့။ စစ်လို့သတ်မှတ်ချက်နဲ့ မညီလို့ မဖွင့်ခိုင်းရင်လည်း ကျွန်တော်တို့အနေနဲ့ ဘာမှမတတ်နိုင်ပါဘူး” ဟု ကိုနေလင်းက ပြောပါတယ်။

မည်သို့ပင်ဆိုစေကာမူ အဆင့်သတ်မှတ်ချက်များဖြင့် စက်ရုံ၊ အလုပ်ရုံတွေ ပြန်လည်ဖွင့်လှစ်တဲ့အတွက် အလုပ်သမားတွေဟာ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နေကြရပါတယ်။ အဲဒီလို လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်တဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေးဟာ အစိုးရနဲ့ အလုပ်ရှင်ရဲ့ လက်ထဲမှာရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရဟာ အလုပ်သမားတွေရဲ့ စားဝတ်နေရေး၊ အလုပ်ရှင်ရဲ့ စီးပွားရေး၊ နိုင်ငံ၏ စီးပွားရေးကို ရှေးရှုပြီး စက်ရုံ၊ အလုပ်ရုုံများ ပြန်လည်ဖွင့်လှစ်ခွင့်ပေးသလို လက်ရှိအချိန်ဟာကို ဗစ်ရောဂါကူးစက်မှု မြန်ဆန်နေတဲ့အချိန်ဖြစ်တဲ့အတွက် အလုပ်သမားတွေ ရောဂါမကူးစက်စေဘဲ ကျန်းကျန်းမာမာနဲ့ အလုပ်လုပ်ကိုင်ကြစေရန် ဖွင့်လှစ်နေတဲ့ စက်ရုံတွေကို ကျန်းမာရေးစည်းကမ်းချက်များနဲ့ ညီ မညီ အမြန်ဆုံး စစ်ဆေးပေးရန် လိုအပ်နေပါတယ်။ ကာလရှည်ကြာနေပြီဖြစ်တဲ့ ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ စဉ်ဆက်မပြတ်လုပ်ကိုင်နိုင်ဖို့ လုံခြုံစိတ်ချမှုရှိတဲ့ လုပ်ငန်းခွင်တွေ လိုအပ်နေပြီး စည်းကမ်းဖောက်ဖျက်တဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရတို့က အမြန်ဆုံးစိစစ်သင့်ပါတယ်။

Most Read

Most Recent