စက်မှုဇုန်၊ အခြေခံအဆောက်အအုံတည်ဆောက်ရန် အဆိုပြုလွှာခေါ်ယူလိုက်သည့် ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြန်လည်မြင့််တက်လာသော မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုများ

စက်မှုဇုန်၊ အခြေခံအဆောက်အအုံတည်ဆောက်ရန် အဆိုပြုလွှာခေါ်ယူလိုက်သည့် ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြန်လည်မြင့််တက်လာသော မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုများ
ကုန်ထုတ်စက်ရုံများလည်ပတ်လျက်ရှိသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ကုန်ထုတ်စက်ရုံများလည်ပတ်လျက်ရှိသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 18 October 2020
စည်သူအောင်

မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့သည် တစ်နိုင်ငံလုံးအတွက် အရေးပါသည့် ကုန်ထုတ်လုပ်မှု၊ ကုန်စည်ဒိုင်များ၊ စက်မှုဇုန်များ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းများ၊ အဝေးပြေးကားဂိတ်များ၊ ပြည်တွင်း ပြည်ပလုပ်ငန်းများ အခြေစိုက်ရာ မြို့တော်တစ်ခုဖြစ်သည်။ မြို့နေ လူဦးရေများပြားသကဲ့သို့ တစ်နိုင်ငံလုံး၏ လူမှုစီးပွားရေးမှာ ရန်ကုန်ကို အဓိကအားပြုနေရခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးရှိ လူအများစု၏ ရွှေ့ပြောင်းအခြေချလိုဆုံး မြို့တော်ဖြစ်သော ရန်ကုန်မြို့၏ လက်ရှိအခြေအနေမှာ မြို့၏ခံနိုင်ဝန် ထက်ပိုလျက်ရှိပြီး ရှိပြီးသား အခြေခံအဆောက်အအုံများမှာလည်း အခြားဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက နိမ့်ကျလျက်ရှိသည်။ မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာဖြစ်သော ရန်ကုန်မြို့ကို ချဲ့ထွင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

စီးပွားဖြစ်ရပ်တည်နိုင်စွမ်းရှိမှုသေချာသည့် စက်မှုဇုန်နှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (EoI) စတင်ခေါ်ယူလိုက်သည့် ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်တွင် စီးပွားဖြစ်ရပ်တည်နိုင်စွမ်းရှိမှု သေချာသည့် စက်မှုဇုန်နှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (EoI) စတင်ခေါ်ယူထားသည်။

ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်ကို ပြည်ထောင်စုအစိုးရနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး Swiss Challenge တင်ဒါကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကာ အဆိုပြုလွှာကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက်နောက်ဆုံးထားပြီး တင်ဒါကော်မတီထံ လျှောက်ထားနိုင်ကြောင်း သိရသည်။ အဆိုပါစီမံကိန်းတွင် စက်မှုဇုန်၊ တန်ဖိုးနည်းအိမ်ရာများနှင့် အထောက်အကူပြု အခြေခံအဆောက်အအုံများ ပါဝင်မည်ဖြစ်သည်။

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်တွင် ပါဝင်သည့်လုပ်ငန်း စီမံကိန်းများအနက် စီးပွားဖြစ်ရပ်တည်နိုင်စွမ်းရှိမှု သေချာသည့် စက်မှုဇုန်နှင့် အခြေခံအဆောက်အအုံများကို ဦးစွာအကောင်အထည်ဖော်ဆောင်ရွက်ရန် ပွင့်လင်းမြင်သာမှုရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် Swiss Challenge ခေါ်ယူနိုင်ရေး အကြံပေးဝန်ဆောင်မှုလုပ်ငန်းအဖြစ် Roland Berger Co.,Ltd ကို စက်တင်ဘာ ၄ ရက်တွင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်ကို ရန်ကုန်မြို့ အနောက်ဘက်ကမ်းတွင် တည်ဆောက်သွားမည်ဖြစ်ပြီး ကနဦးတွင် စီးပွားဖြစ်ရပ်တည်နိုင်စွမ်းသေချာသည့် စက်မှုဇုန်နှင့် အခြေခံအဆောက်အအုံများ ဦးစွာအကောင်အထည်ဖော်မည်ဖြစ်သည်။ စီမံကိန်းဆောင်ရွက်ခြင်းကြောင့် ရန်ကုန်မြို့တွင် စက်မှုလုပ်ငန်းများ ပိုမိုချဲ့ထွင်လာနိုင်ရန် မျှော်လင့်ထားပြီး COVID-19 ကပ်ရောဂါအလွန်ကာလ၌ စီးပွားရေး ပြန်လည်ဦးမော့လာရေး၊ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရန် မျှော်မှန်းထားသည်။

ထို့ပြင် အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံကို ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်စေရန်နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ အများအပြားဆွဲဆောင်နိုင်ရန်အတွက် လိုအပ်လျက်ရှိသည့် ခေတ်မီအခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်အကောင်အထည်ဖော်ခြင်းလည်း ဖြစ်သည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ GDP ၏ ၂၆ ရာခိုင်နှုန်းကို ကိုယ်စားပြုထားပြီး ရန်ကုန်မြို့တော်တွင် စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး လာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာမည်ဖြစ်ပြီး အသေးစား၊ အလတ်စားလုပ်ငန်းများ အပါအဝင် စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများဖွံ့ဖြိုးလာခြင်းမှတစ်ဆင့် ရန်ကုန်တိုင်းနေ ပြည်သူလူထု၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အပံ ့ဖြစ်စေလာရန် မျှော်မှန်းထားသည်။

ရန်ကုန်မြို့အနောက်ဘက် တွံ့တေး၊ ကြည့်မြင်တိုင်၊ တောင်ဘက်ဆိပ်ကြီးခနောင်တိုတို့တွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်၊ မွန်ပြည်နယ် ကုလားဂုတ်ကျွန်း ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် Swiss Challenge တင်ဒါ ကော်မတီဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ် (၈၉/၂၀၂၀) ဖြင့် ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့အနောက်ဘက် တွံတေးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် တောင်ဘက်ဆိပ်ကြီး ခနောင်တိုမြို့နယ်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းသစ်တွင် ပါဝင်သောလုပ်ငန်းများကို အပိုင်းလိုက် (Unbundled) ခွဲထုတ်၍ စီးပွားဖြစ်  ရပ်တည်နိုင်စွမ်းရှိသည့် စက်မှုဇုန်နှင့် မြို့ပြအိမ်ရာတည်ဆောက်ခြင်းလုပ်ငန်းများအား လည်းကောင်း၊ ထားဝယ်မြို့၏မြောက်ဘက်၊ ကပ္ပလီပင်လယ်ကမ်းရိုးတန်းတွင်တည်ရှိ၍ အိန္ဒိယသမုဒ္ဒရာ ထွက်ပိုက်လည်း ရရှိနိုင်သည့် မွန်ပြည်နယ် ကုလားဂုတ်ကျွန်းကို ပင်လယ်ကူးသင်္ဘောများ ဝင်ထွက်ရန် ရေနက်ဆိပ်ကမ်းအဖြစ် အသုံးပြုပြီး အထူးစီးပွားရေးဇုန် (SEZ) အဖြစ် ဆောင်ရွက်နိုင်ရန် Feasibility Study ပြုလုပ်ခြင်းလုပ်ငန်းများအား လည်းကောင်း မိမိသဘောဆန္ဒအလျောက်တင်သွင်းသည့် စီမံကိန်းအဆိုပြုလွှာ (Unsolicited Proposal) အပေါ် အခြေခံ၍ ပွင့်လင်းမြင်သာမှုနှင့် ယှဉ်ပြိုင်မှုရှိသော တင်ဒါခေါ်ယူရန်အတွက် Swiss Challenge တင်ဒါကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၆၁၉  ဘီလျံ ကျော်ဝင်ရောက်ခဲ့သည့် ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၆၁၉ ဘီလျံကျော်ဝင်ရောက်ခဲ့ပြီး လက်ရှိအစိုးရသက်တမ်း ငါးနှစ်အတွင်း ဒုတိယမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနှစ်ဖြစ်သည်။

လက်ရှိအစိုးရလက်ထက်အတွင်း နှစ်အလိုက် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုပမာဏများမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၁၅၆၆၃၅၀ ဒသမ ၂၈၂ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၃၆၇၃၄၈၅ ဒသမ ၆၇၁ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၁၇၄၄၅၈၅ ဒသမ ၁၉၉ သန်း၊ ၂၀၁၉ ဧပြီမှ ၂၀၁၉ စက်တင်ဘာ (ဘတ်ဂျက်ကြားကာလ) တွင် ကျပ် ၅၄၆၀၃၉ ဒသမ ၁၂၄ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၂၆၁၉၃၉၅ ဒသမ ၆၂၈ သန်းရှိပြီး ၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာအထိ မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုပမာဏ ကျပ် ၁၀၁၄၉၈၅၅ ဒသမ ၉၀၄ သန်း (ကျပ် ၁၀၁၄၉ ဒသမ ၈၅၅ ဘီလျံကျော်) ရှိခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၉ ဘီလျံခန့် ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး လက်ရှိအစိုးရသက်တမ်း လေးနှစ်ခြောက်လအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၁၀၁၄၉ ဘီလျံကျော် ရှိသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၅၇၅ ခုကို လုပ်ငန်းကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားခြင်းဖြစ်ပြီး စုစုပေါင်းပမာဏ ကျပ် ၁၀၁၄၉၈၅၅ ဒသမ ၉၀၄ သန်း (ကျပ် ၁၀၁၄၉ ဘီလျံကျော်) ရှိခြင်းဖြစ်သည်။

ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေဖွံ့ဖြိုရေးကဏ္ဍတွင် ကျပ် ၃၀၄၈ ဒသမ ၈၄၉ ဘီလျံ (လုပ်ငန်း ၃၈ ခု)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၁၆၆၂ ဒသမ ၉၉၂ ဘီလျံ (လုပ်ငန်း ၂၀၈ ခု)၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ကျပ် ၁၁၄၁ ဒသမ ၆၄၅ ဘီလျံ (လုပ်ငန်း ၁၅ ခု)၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ကျပ် ၁၀၄၇ ဒသမ ၁၈၆ ဘီလျံ (လုပ်ငန်း ၁၀၈ ခု)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၄၃၆ ဒသမ ၆၆၈ ဘီလျံ (လုပ်ငန်း ၁၆ ခု) တို့ဖြစ်သည်။

ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၃၂၄ ဒသမ ၅၂၃ ဘီလျံ (လုပ်ငန်း ၃ ခု)၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၃၁၂ ဒသမ ၈၈၂ ဘီလျံ (လုပ်ငန်း ၂၆ ခု)၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၂၂၈ ဒသမ ၁၃၀ ဘီလျံ (လုပ်ငန်းအရေအတွက် မဖော်ပြထား)၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ကျပ် ၇၅ ဒသမ ၃၅၁ ဘီလျံ (လုပ်ငန်း ကိုးခု)၊ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၄၁ ဒသမ ၂၇၆ ဘီလျံ (လုပ်ငန်း ၁၃ ခု)၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ် ၁၃ ဒသမ ၇၂၃ ဘီလျံ (လုပ်ငန်း နှစ်ခု)နှင့် အခြားကဏ္ဍတွင် ကျပ် ၁၈၁၆ ဒသမ ၆၂၅ ဘီလျံ (လုပ်ငန်း ၁၃၇ ခု) ရင်းနှီးမြှုပ်နှံခွင့်ပြုထားကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် (၂၀၁၆ မတ်လကုန်) အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၁၆၂၄ ဘီလျံကျော်ရှိပြီး လက်ရှိအစိုးရတက်ရောက်ပြီး သက်တမ်းလေးနှစ်ခြောက်လအတွင်း (လပေါင်း ၅၄ ကာလအတွင်း) ကျပ် ၁၀၁၄၉ ဘီလျံဝန်းကျင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ ရင်းနှီးမြှုပ်နှံထားသော ကျပ် ၁၀၁၄၉ ဘီလျံကျော်၏ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်းမှာ အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် ၃၀ ဒသမ ၀၄ ရာခိုင်နှုန်း၊ အခြားကဏ္ဍတွွင် ၁၇ ဒသမ ၉၀ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၆ ဒသမ ၃၈ ရာခိုင်နှုန်း၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ၁၁ ဒသမ ၂၅ ရာခိုင်နှုန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ၁၀ ဒသမ ၃၂ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ၄ ဒသမ ၃၀ ရာခိုင်နှုန်း၊ စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်း၊ မွေမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ၃ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ၂ ဒသမ ၂၅ ရာခိုင်နှုန်း၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ၀ ဒသမ ၇၄ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ၀ ဒသမ ၄၁ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် သုည ဒသမ ၁၄ ရာခိုင်နှုန်းတို့ ဖြစ်သည်။

မြန်မာနိုင်ငံကဲ့သို့ ဖွံဖြိုးဆဲနိုင်ငံများသည် သက်တမ်းကြာနေသော အခြေခံအဆောက်အအုံများ၊ စနစ်ကျနမှုနှင့် အရည်အသွေး မပြည့်မီသော အခြေခံအဆောက်အအုံများကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးမှုများကို ရင်ဆိုင်ကြရသည်။ အဆိုပါအခြေအနေကို ပြောင်းလဲပစ်နိုင်ရေးအတွက် အစိုးရ၏ အမျှော်အမြင်ကြီးမားသော ကြီးကြပ်မှုဖြင့် စက်မှုဇုန်များ၊ မြို့ပြလူနေအဆောက်အအုံများ၊ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံ စီမံကိန်းများကို တာဝန်ယူမှုရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊ နိုင်ငံသားရင်းနှီးမြှုပ်နှံသူများဖြင့် တည်ဆောက်နိုင်မှသာ နိုင်ငံ့စီးပွားရေး အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။

Most Read

Most Recent