မြန်မာနိုင်ငံ၏ ကုန်တင်ပို့မှု/ တင်သွင်းမှုလမ်းကြောင်းတွင် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဧပြီလအထိ ခုနစ်လအတွင်း ရေကြောင်းမှ ၅၅ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ကုန်းကြောင်းမှ ရာခိုင်နှုန်း ၂၀ ကျော်နှင့် လေကြောင်းမှ ငါးရာခိုင်နှုန်းနီးပါး တင်ပို့ထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပပို့ကုန်/ သွင်းကုန်စာရင်းဇယားများ ပြည့်စုံမှန်ကန်မြန်ဆန်စွာ ပြုစုရေးအဖွဲ့မှ သိရသည်။
ကုန်တင်ပို့မှု/ တင်သွင်းမှုလမ်းကြောင်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဧပြီလအထိ ခုနစ်လအတွင်း ပို့ကုန်များကို ကုန်းကြောင်းမှ ၂၀ ဒသမ ၁၄ ရာခိုင်နှုန်း၊ ရေကြောင်းမှ ၅၅ ဒသမ ၁၅ ရာခိုင်နှုန်း၊ လေကြောင်းမှ ၄ ဒသမ ၈၈ ရာခိုင်နှုန်းနှင့် ဓာတ်ငွေ့ပိုက်လိုင်းမှ ၁၉ ဒသမ ၈၄ ရာခိုင်နှုန်း တင်ပို့ခဲ့သည်။
သွင်းကုန်တွင် အဆိုပါကာလအတွင်း ကုန်းကြောင်းမှ ၁၄ ဒသမ ၉၆ ရာခိုင်နှုန်း၊ ရေကြောင်းမှ ၈၀ ဒသမ ၂၅ ရာခိုင်နှုန်းနှင့် လေကြောင်းမှ ၄ ဒသမ ၇၉ ရာခိုင်နှုန်းတင်သွင်းခဲ့ကြောင်း ပြည်ပပို့ကုန်/သွင်းကုန် စာရင်းဇယားများ ပြည့်စုံမှန်ကန်မြန်ဆန်စွာ ပြုစုရေးအဖွဲ့မှ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း စုစုပေါင်းပို့ ကုန်ကဏ္ဍတွင် ထပ်ဆင့်တိုးတန်ဖိုး ကုန်ပစ္စည်း (Value Added) များ၏ ပါဝင်မှု ရာခိုင်နှုန်း ၆၀ နီးပါး၊ ချုပ်ပြီး အထည်မှ ၂၆ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ကဏ္ဍမှ ရာခိုင်နှုန်း ၂၀ နီးပါးအထိ တင်ပို့ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမခြောက်လပတ် အစီရင်ခံစာနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ် ၈/၂၀၂၀ အရ သိရသည်။
တန်ဖိုးမြင့်ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချခြင်းများ၊ စျေးကွက်တွင် ပိုမိုနေရာရစေမည့် လယ်ယာစိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုများပါဝင်သည့် တင်ပို့ကုန်အမျိုးအစားများ အမျိုးမျိုးကို ဖြစ်ပေါ်စေရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ မူဘောင်သည် မြန်မာနိုင်ငံ၏ မိုက်ခရို၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းနှင့် ကမ္ဘာ့စီးပွားရေးစျေးကွက်တွင် လက်ရှိတင်ပို့ရောင်းချနေသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သည်စက်မှုအသင်းချုပ်နှင့်ပူးပေါင်းပြီး နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနမှ နည်းပညာအကူအညီဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ အား ဒီဇိုင်းရေးဆွဲရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပွဲများကို ဆောင်ရွက်သွားမည်ဖြစ်သည်။ NES သည် မြန်မာနိုင်ငံ၏ပို့ကုန်ဆောင်ရွက်ချက်များ ကမ္ဘာ့စီးပွားရေးတွင် အရှိန်မြှင့်တင်ရာတွင် ထောက်ပ့ံကူညီပေးမည်ဖြစ်သည်။
အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ၏ အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း၊ အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်း ကဏ္ဍ စသည်တို့လည်း ပါဝင်သည်။