ထိုးကျလာသော ငွေလဲလှယ်နှုန်း၊ နာလန်မထူနိုင်ဖြစ်နေသည့် ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် မြန်မာ့စီးပွားရေး ဘယ်လောက်ကျသွားနိုင်သလဲ

ထိုးကျလာသော ငွေလဲလှယ်နှုန်း၊ နာလန်မထူနိုင်ဖြစ်နေသည့် ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် မြန်မာ့စီးပွားရေး ဘယ်လောက်ကျသွားနိုင်သလဲ
ကုန်ထုတ်စက်ရုံများ လည်ပတ်လျက်ရှိသော ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ကုန်ထုတ်စက်ရုံများ လည်ပတ်လျက်ရှိသော ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 11 October 2020
စည်သူအောင်

အမေရိကန်ဒေါ်လာ တန်ဖိုးနှင့်နှိုင်းယှဉ်ပါက မြန်မာကျပ်ငွေတန်ဖိုးသည် ယခုလပိုင်းများအတွင်း သိသိသာသာ မြင့်တက်လာပြီး ဒေါ်လာစျေးသည် အောက်တိုဘာ ၁၀ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၃၀၀ ဝန်းကျင်အထိ ကျဆင်းလာခဲ့သည်။ ပြီးခဲ့သည့် လတွင် အမြင့်ဆုံးဖြစ်ပေါ်သော ဒေါ်လာစျေးနှင့်နှိုင်းယှဉ်ပါက လေးရာခိုင်နှုန်းကျော်အထိ ကျဆင်းလာခဲ့ပြီး သွင်းကုန်ဝယ်လိုအား ကျဆင်းနေခြင်းကြောင့် ပြင်ပစျေးကွက် ပေါက်စျေးနှင့် နိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းထက် ပို့ကုန်ရငွေစျေးနှုန်းက ပို၍နည်းပါးလျက်ရှိသည်။ ဝယ်လိုအား ထိုးကျလာခြင်းကြောင့် ဒေါ်လာစျေးကျဆင်းလာခြင်းဖြစ်ပြီး ပို့ကုန်အခြေပြု ကုန်ထုတ်လုပ်ငန်းများနှင့် ဒေါ်လာဖြင့် ဝင်ငွေရရှိသူများ အထိနာလာသည့် အခြေအနေ ဖြစ်လာကာ COVID-19 ကြောင့် ဆုတ်ယုတ်လျက်ရှိသည့် မြန်မာနိုင်ငံ၏စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်မှု များစွာဖြစ်ပေါ်လာစေနိုင်သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျ ကြီးမားခြင်းကို လျော့နည်းစေရန် နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံမှတစ်ဆင့် ဒေါ်လာများဝယ်ယူလျက်ရှိပြီး အောက်တိုဘာလ ကိုးရက်အတွင်း ဒေါ်လာ ၂၆ ဒသမ ၆ သန်းအထိ၊ စက်တင်ဘာလအတွင်း ဒေါ်လာ ၄၄ ဒသမ ၂ သန်းအထိ ဝယ်ယူခဲ့သော်လည်း ဒေါ်လာစျေးမှာ ဆက်လက်ကျဆင်းနေခြင်း ဖြစ်သည်။ လက်ရှိကာလတွင် ပို့ကုန်ပမာဏရော သွင်းကုန်ပမာဏပါ ကျဆင်းလျက်ရှိပြီး ပြည်တွင်းပြည်ပ စျေးကွက်များတွင်လည်း ဝယ်လိုအား ထိုးကျလျက်ရှိခြင်းကြောင့် ကုန်ထုတ်လုပ်ငန်းများလည်း စက်တင်ဘာမှစ၍ နာလန်မထူနိုင်ဖြစ်ခဲ့သည်။ သွင်းကုန်ကျဆင်းခြင်း၊ ဒေါ်လာအသုံးပြု ဝယ်ယူရသည့် ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်း များစွာပိတ်ထားရခြင်းအပါအဝင် အခြေအနေများကြောင့် ဒေါ်လာ ဝယ်လိုအား ယခုလပိုင်းအတွင်း ထိုးဆင်းသွားခြင်းကြောင့် ဒေါ်လာဖြင့် ဝင်ငွေရရှိသူများပါ ရုန်းကန်လာရပြီဖြစ်သည်။

COVID-19 ဒဏ်ကြောင့် ထိုးကျလာသော ငွေလဲလှယ်နှုန်း

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၀ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၀၀ အထိ ထိုးဆင်းခဲ့ပြီး လပိုင်းအတွင်း ကျပ် ၆၀ ကျော်၊ ရာခိုင်နှုန်းအားဖြင့် လေးရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ စျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ထိုးဆင်းလျက်ရှိပြီး ဇူလိုင်လအထိ ကျပ် ၁၄၀၀ အထက်ရှိရာမှ တအိအိကျဆင်းလာခဲ့ပြီး စက်တင်ဘာတွင် ၁၃၆၂ ကျပ်အထိ အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီးနောက် အောက်တိုဘာ ဒုတိယပတ်တွင် ကျပ် ၁၃၀၀ အထိ ထိုးဆင်းလာခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ ဒေါ်လာစျေး ကျပ် ၁၅၀၀ အောက်သို့ စတင်ကျဆင်းခဲ့ပြီး မတ်လဆန်းတွင် ကျပ် ၁၄၀၀ အောက်သို့ စတင်ကျဆင်းခြင်းဖြစ်ကာ ယခုအောက်တိုဘာတွင် ကျပ် ၁၃၀၀ အောက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ တစ်ဒေါ်လာ ကျပ် ၁၃၀၀ နှုန်းသည် ၂၀၁၈ ခုနှစ် ဇွန်လနောက်ပိုင်း အနိမ့်ဆုံးစျေးနှုန်းဖြစ်ပြီး လအလိုက်နှိုင်းယှဉ်ပါက သုံးလအတွင်း ခြောက် ရာခိုင်နှုန်းကျော်၊ ခြောက်လအတွင်း ကိုးရာခိုင်နှုန်းနီးပါးအထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။

ဒေါ်လာစျေးသည် ၂၀၁၉ ခုနှစ် အောက်တိုဘာမှစပြီး တန်ဖိုး တဖြည်းဖြည်း ကျဆင်းလာပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်သော နောက်ဆက်တွဲ စီးပွားရေးအခြေအနေများကြောင့် မတ်နှင့် အောက်တိုဘာလတွင် ဒေါ်လာစျေး ရုတ်တရက်ထိုးဆင်းမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း စီးပွားရေးပြဿနာများ ရင်ဆိုင်ရမှုများနှင့်နည်းတူ မြန်မာနိုင်ငံတွင်လည်း ကုန်သွယ်ရေး ကျဆင်းလာခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်လာခြင်း စသည့်အချက်များကြောင့် ဒေါ်လာဝယ်လိုအား ကျဆင်းလာခဲ့သည်။ ဒေါ်လာငွေ တန်ဖိုး ကျဆင်းလာပြီး ကျပ်ငွေ တန်ဖိုးထပ်မံမြင့်တက်လာခြင်းသည် မြန်မာပို့ကုန်လုပ်ငန်းများ ထိခိုက်စေသည့်အပြင် ပြည်တွင်း အခြားစျေးကွက်များနှင့် အများပြည်သူသုံးစွဲမှုများ ကျဆင်းလာနိုင်သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၁၅၂၈-၁၅၃၇ ကျပ်၊ နိုဝင်ဘာတွင် ၁၅၁၀-၁၅၂၄ ကျပ်၊ ဒီဇင်ဘာတွင် ၁၄၈၅-၁၅၁၃ ကျပ်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၁၄၆၅-၁၄၉၃ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၄၃၆ - ၁၄၆၅ ကျပ်၊ မတ်တွင် ၁၃၂၀-၁၄၄၅ ကျပ်၊ ဧပြီတွင် ၁၃၉၅-၁၄၄၀ ကျပ်၊ မေတွင် ၁၄၀၆ - ၁၄၂၆ ကျပ်၊ ဇွန်တွင် ၁၄၁၂- ၁၃၈၅ ကျပ်၊ ဇူလိုင်တွင် ၁၃၆၇-၁၄၁၃ ကျပ်၊ သြဂုတ်တွင် ၁၃၄၂- ၁၃၉၂ ကျပ်၊ စက်တင်ဘာတွင် ၁၃၂၄ -၁၃၆၂ ကျပ်တို့ဖြစ်သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် စံချိန်တင်နှုန်းအဖြစ် တစ်ဒေါ်လာ ကျပ် ၁၆၅၀ အထိ ဖြစ်ပေါ်ခဲ့သော ဒေါ်လာစျေးသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာအထိ ၁၅၀၄ ကျပ်မှ ၁၅၆၅ ကျပ်ကြားဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့သော ဒီဇင်ဘာလကုန်ပိုင်းမှစ၍ ကျပ် ၁၅၀၀ အောက်ပြန်ကျခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ဇန်နဝါရီတွင် အမြင့်ဆုံးဖြစ်ခဲ့သော တစ်ဒေါ်လာ ၁၄၉၃ ကျပ်နှင့် လက်ရှိဖြစ်ပေါ်သော တစ်ဒေါ်လာ ကျပ် ၁၃၀၀ နှင့် နှိုင်းယှဉ်ပါက ၁၀ လအတွင်း ၁၉၃ ကျပ် ကျဆင်းခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၃ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်၏ နောက်ဆက်တွဲဂယက်တစ်ခုအဖြစ် ဒေါ်လာစျေးကျဆင်းလာမှုသည် စီးပွားရေးပတ်ဝန်းကျင် တည်ငြိမ်မှုကို ပျက်ပြားစေခဲ့ပြီး ပို့ကုန်အခြေခံ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးနှင့် ရေထွက်ကုန်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းများနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို ဆိုးရွားစွာ ထိခိုက်မှုရှိလာပြီး COVID-19 အလွန်ကာလ၌ ပြန်လည်နာလန်ထူရေးအတွက်လည်း ခက်ခဲစေမည်ဖြစ်သည်။

COVID-19 ကပ်ရောဂါကာလအတွင်း နာလန်မထူနိုင်ဖြစ်နေသည့် ကုန်ထုတ်လုပ်မှုကဏ္ဍ

မြန်မာနိုင်ငံတွင် မတ်လအတွင်း စတင်ဖြစ်ပွားခဲ့သော COVID-19 ကပ်ရောဂါကြောင့် ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းများ ဧပြီလမှ စတင်ကာ အထိနာခဲ့ပြီး ဇူလိုင်နှင့် သြဂုတ်လဆန်းတွင် ပြန်လည်နာလန်ထူလာသော်လည်း ပျံ့နှံ့မှုပြင်းထန်လာသည့် ဗိုင်းရပ်စ်ပိုး၏ ဒုတိယလှိုင်းရိုက်ခတ်မှုဒဏ်ကို စက်တင်ဘာလကုန်ပိုင်းတွင် ထပ်မံရင်ဆိုင်လာရသည်။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ပြည်သူလူထု၏ အခြေခံစားဝတ်နေရေး၊ အလုပ်အကိုင်၊ ဝင်ငွေနှင့် တစ်နိုင်ငံလုံး၏ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုကြီးမားစွာဖြစ်ပေါ်နေပြီး စီးပွားရေးအရ ထိခိုက်နိုင်ခြေအဆင့်သည်  ကုစားရေးအစီအစဉ်များ ပြုလုပ်နေဆဲမှာပင် မြင့်မားစွာရှိနေသည်။

ဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ခဲ့သည့် မတ်လကုန် ဧပြီလမှစ၍ မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းကဏ္ဍ ပြင်းထန်စွာဆုတ်ယုတ်ခဲ့ပြီး ဇွန်လမှစ၍ အခြေအနေ တဖြည်းဖြည်းတိုးတက်ခဲ့ကာ သြဂုတ်တွင် လုပ်ငန်းများ အပြည့်အဝ ပြန်လည်လုပ်ကိုင်လည်ပတ်နိုင်ခဲ့သော်လည်း သြဂုတ်လတတိယပတ်မှစ၍ လူများစွာပျံ့နှံ့ကူးစက်လာသည့် ဗိုင်းရပ်စ်ပိုး ဒုတိယလှိုင်းကြောင့် ကုန်ထုတ်လုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများ ထပ်မံအထိနာ၊ လဲပြိုဦးမည့် အခြေအနေဖြစ်ပေါ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်ငန်းကဏ္ဍ Lockdown ချမှတ်မှု အစီအစဉ်သစ်ကြောင့် ပြင်းထန်စွာ ထိုးနှက်ခံခဲ့ရပြီး ကုန်ထုတ်လုပ်မှု ထိုးဆင်းကာ စက်ရုံများစွာပိတ်ခဲ့ရ၍ အလုပ်နေရာများစွာ လျှော့ချခံရကြောင်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန် ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index - ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) တွင် ဖော်ပြထားသည်။

စက်တင်ဘာစစ်တမ်းဒေတာအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အရှိန်မြင့်လာမှုကို တိုက်ပွဲဝင်ရန် Lockdown အစီအစဉ်သစ် များစွာချမှတ်မှုကြောင့် မြန်မာနိုင်ငံ၏ထုတ်လုပ်ရေးကဏ္ဍမှာ ပြင်းထန်စွာ ထိုးနှက်ခံခဲ့ရသည်။ ရန်ကုန်တိုင်းအတွင်းရှိ အဓိကစက်မှုဇုန်များ အပါအဝင် စက်ရုံများ ယာယီပိတ်ခဲ့ရမှုကြောင့် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ နှစ်ရပ်စလုံး အရှိန်ဖြင့် ကျဆင်းခဲ့ပြီး အလုပ်နေရာများ လျှော့ချခံခဲ့ရပြန်သည်။ စက်တင်ဘာတွင် လုပ်ငန်းအခြေအနေများ ဆိုးရွားလာမှုက ဇူလိုင်နှင့် သြဂုတ်လကြား နာလန်ပြန်ထူမှုကာလတို့ကို ရုတ်တရက်အဆုံးသတ်ပစ်လိုက်သည်။

စက်တင်ဘာတွင် မြန်မာ့ထုတ်လုပ်မှု PMI အညွှန်းမှာ ၃၅ ဒသမ ၉ သာရှိခဲ့ပြီး ယခင်လ ၅၃ ဒသမ ၂ မှ ထိုးဆင်းခဲ့ခြင်းဖြင့် ခြုံပြောရလျှင် ထုတ်လုပ်မှုအခြေအနေ ဆိုးရွားစွာကျဆင်းမှုကို အချက်ပြနေသည်။ ၃၅ ဒသမ ၉ နှုန်းမှာ ၂၀၁၅ ဒီဇင်ဘာတွင် စတင်ခဲ့သည့် စစ်တမ်းတွင် ဒုတိယအနိမ့်ဆုံးဖြစ်ပြီး ဧပြီလ ၂၉ ထက်သာ မြင့်သော်လည်း တစ်လအတွင်း PMI ကျဆင်းမှု ၁၇ ဒသမ ၃ နှုန်းမှာ မှတ်တမ်းသမိုင်းတွင် အများဆုံးဖြစ်ပြီး ဧပြီလကျဆင်းမှု ၁၆ ဒသမ ၃ ထက်ပင် များပြားခဲ့သည်။

ဗိုင်းရပ်စ်အရှိန်ရကူးစက်လာမှုကြောင့် အဓိကဒေသများရှိ စက်ရုံများကို ပိတ်ခဲ့ရ၍ ထုတ်လုပ်မှုမှာ စက်တင်ဘာလတွင် ပြင်းထန်စွာ ကျဆင်းခဲ့ခြင်းဖြစ်သည်။ စစ်တမ်းထဲတွင် ပါဝင်ခဲ့ကြသည့် ကုမ္ပဏီ ထက်ဝက်ကျော် ၅၄ ရာခိုင်နှုန်းက ဧပြီလ၏ စံချိန်တင် ၈၁ ရာခိုင်နှုန်းနှင့်ယှဉ်ကြည့်လျှင် ထုတ်လုပ်မှု နည်းခဲ့ကြောင်း အစီရင်ခံခဲ့ပြီး နွေဦး Lockdown နောက်ပိုင်း ထုတ်လုပ်မှုနာလန်ထူလာခဲ့သည့် သုံးလကြာကာလအပြီး နောက်ဆုံးကာလတွင် ကျဆင်းလာခြင်းဖြစ်သည်။

မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်းများ၏ အခြေအနေသည် ကပ်ရောဂါကူးစက်ပျံ့နှံမှု စတင်ခဲ့သည့် ဧပြီလတွင် ဖရိုဖရဲအနေအထားဖြင့် ထိုးဆင်းသွားခဲ့ပြီး COVID-19 ကြောင့် ထုတ်လုပ်မှု၊ အော်ဒါရရှိမှု၊ သွင်းကုန် လက်ကျန်နှင့် ကုန်ချောသိုလှောင်ထားမှုများ စံချိန်သစ်နှုန်းများဖြင့် ကျဆင်းခဲ့ခြင်းဖြစ်သည်။ စီးပွားရေးအကျပ်အတည်းအကြားတွင် ဝယ်လိုအားကုန်ခန်းသွားခဲ့ပြီး အလုပ်သမားများ ၎င်းတို့၏ ဇာတိနေရပ်များသို့ ပြန်သွားခဲ့ကြ၍ ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ ကုန်ပစ္စည်းဝယ်ယူမှုများနှင့် အလုပ်နေရာ အသီးသီးတို့သည် စံချိန်တင်နှုန်းသစ်များဖြင့် ကျဆင်းခဲ့သည်။

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ရေး ကောင်တာတစ်ခုကို တွေ့ရစဉ်

မေလတွင်လည်း စီးပွားရေးလုပ်ငန်းများ ပိတ်ထားရသောကြောင့် မြန်မာ့ထုတ်လုပ်ရေးကဏ္ဍတစ်ခုလုံး တစ်ဟုန်ထိုး ဆက်လက်ကျဆင်းခဲ့ပြီး အလုပ်အကိုင်နေရာများနှင့် ကုန်ချောသိုလှောင်ထားမှုများ စံချိန်တင် ကျဆင်းခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် စီးပွားရေးလုပ်ငန်း အများအပြား ပိတ်ချထားရ၍ မြန်မာ့ထုတ်လုပ်ရေး ကဏ္ဍသည် မေတွင် သိသာစွာဆက်လက်ကျဆင်းခဲ့ခြင်း ဖြစ်သည်။ စက်ရုံလုပ်ငန်းများ ရပ်တန့်ထားရပြီး ပြည်တွင်းနှင့် နိုင်ငံတကာမှလုပ်ငန်းများ ပိတ်ချထားရမှုကြောင့် ဝယ်လိုအား ဆက်လက်ကျဆင်းလာခဲ့သည်။

ဇွန်လတွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍ COVID-19 ရောဂါအကျပ်အတည်းမှ ရုန်းထွက်လာသောလက္ခဏာ ပြသခဲ့သော်လည်း နိုင်ငံတကာ စီးပွားရေး ပြန်လည်နာလန်ထူမှုနှင့် ဗိုင်းရပ်စ်ပိုး၏ ဒုတိယလှိုင်းကို ထိန်းချုပ်နိုင်မှုအပေါ် မူတည်၍ စိန်ခေါ်မှုများ ရှိခဲ့သည်။ COVID-19 ပျံ့နှံ့ လာမှုကိုထိန်းချုပ်ရန် အရေးယူဆောင်ရွက်မှုများကို ဆက်လက်လုပ်ကိုင်နေရသည့် တိုင်အောင် မြန်မာ့ကုန်ထုတ်လုပ်ရေးကဏ္ဍသည် ဇွန်လတွင် နာလန်ထူလာသည့် လက္ခဏာများကို ပြသခဲ့သည်။

ဇူလိုင်လတွင် မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များတိုးတက်ခဲ့ပြီး အလုပ်နေရာလျှော့ချမှုနှုန်း ကျဆင်းလာခဲ့ကာ ထည့်သွင်းကုန်နှင့် ထုတ်ကုန်စျေးနှုန်း နှစ်မျိုးစလုံး စံချိန်တင်ကျဆင်းခဲ့သည်။ ဇူလိုင်လ စစ်တမ်းဒေတာအရ မြန်မာ့ထုတ်လုပ်ရေးကဏ္ဍရှိ လုပ်ငန်းအခြေအနေများ တိုးတက်လာခဲ့ပြီး ထုတ်လုပ်မှုနှင့် အော်ဒါအသစ် နှစ်ရပ်စလုံး ဇန်နဝါရီလမှစပြီး အမြန်ဆုံးနှုန်းဖြင့် တိုးလာခဲ့ကြောင်း သိရသည်။

သြဂုတ်လတွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍ COVID-19 ကပ်ရောဂါ ဘေးဒဏ်မှ အခိုင်အမာနာလန်ထူလာပြီး PMI အညွှန်း ၁၅ လအတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ခဲ့ကာ ဇန်နဝါရီနောက်ပိုင်း ပထမဦးဆုံးအဖြစ် အလုပ်အကိုင်နေရာများ တိုးတက်လာခဲ့သည်။

စက်တင်ဘာလတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရှိန်မြင့်လာမှုကို တိုက်ပွဲဝင်ရန် အစိုးရက Lockdown အစီအစဉ်သစ်များစွာ ချမှတ်မှုကြောင့် မြန်မာနိုင်ငံ၏ထုတ်လုပ်ရေးကဏ္ဍမှာ ပြင်းထန်စွာ ထိုးနှက်ခံခဲ့ရသည်။ စက်မှုဇုန်များရှိ စက်ရုံများစွာ ပိတ်သိမ်းမှုကြောင့် ထုတ်လုပ်မှုကျဆင်းသွားပြီး ကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင်နှင့် ဝင်ငွေ၊ စျေးကွက်အတွင်းရှိ ဝယ်လိုအားစသည့် စီးပွားရေးရာ နာလန်ပြန်ထူမှုကာလ အဆုံးသတ်သွားခဲ့သည်။

မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်ငန်းကဏ္ဍသည် လပိုင်းမျှ နာလန်ထူလာခဲ့သော်လည်း ပြည်ပဝယ်လိုအား ကျဆင်းနေခြင်းကြောင့် ပြည်တွင်းစျေးကွက်ကိုသာ အားပြုနေရခြင်း ဖြစ်သည်။ သြဂုတ်လကုန်မှစ၍ COVID-19 ကပ်ရောဂါကူးစက်မှုနှုန်းသည် မြန်မာနိုင်ငံတွင် စံချိန်တင်ဆက်လက်မြင့်တက်လာရာ စက်တင်ဘာလကုန်မှစ၍ ကုန်ထုတ်စက်ရုံများ တည်ရှိရာ မြို့၊ ဒေသများတွင် ရောဂါကူးစက်မှု ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရသောကြောင့် မဖြစ်မနေ လည်ပတ်ရသည့် စက်ရုံများမှလွဲ၍ အများစု ပိတ်သိမ်းလာရသည်။ မြို့၊ ရွာ၊ ဒေသအလိုက် ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းကြောင့် ကုန်စည်များ၊ ကုန်ကြမ်းများ ရောင်းဝယ်ရေး၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အကျပ်အတည်းမျ ားဖြစ်ပေါ်လာပြီး လူအများကို ဝင်ငွေပေးအပ်နေသည့် အလုပ်အကိုင်နေရာများစွာလည်း ထိခိုက်မှု ဖြစ်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။

ဒေါ်လာစားများပါ ရုန်းကန်လာရသော COVID-19 ကာလ

COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားလာသည်မှာ ခုနစ်လ ရှိလာပြီဖြစ်ပြီး ကပ်ရောဂါ စတင်ချိန်ကတည်းက ဝင်ငွေနည်းပြည်သူများ စတင်အထိနာခဲ့ပြီး ကပ်ရောဂါ ဖြစ်ပွားမှုကာလ ကြာမြင့်လာသည်နှင့်အမျှ    စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေါ်လာဖြင့်ဝင်ငွေရရှိသည့် လခစားဝန်ထမ်းများပါ COVID-19 ရိုက်ခတ်မှုဒဏ်ကို ခံစားလာရပြီဖြစ်သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ ဒေါ်လာစျေးကျပ် ၁၅၀၀ အထက်ဖြင့် လစာရရှိခဲ့ကြသော ဒေါ်လာဖြင့် ဝင်ငွေရရှိသူများသည် ၁၀ လအတွင်း ကျပ် ၂၀၀ ဝန်းကျင် COVID-19 ကပ်ရောဂါကာလအတွင်း ပျောက်ကွယ်သွားပြီဖြစ်သည်။ ရာခိုင်နှုန်းအနေဖြင့် ၁၃ ရာခိုင်နှုန်းကျော် ဝင်ငွေကျဆင်းသွားခြင်းဖြစ်ပြီး ယခင်ကျပ် ၁၀ သိန်းရရှိနေသူသည် ကျပ် ရှစ်သိန်းကျော်သာရတော့မည်ဖြစ်သည်။ ကပ်ရောဂါကာလအတွင်း ကုမ္ပဏီအများစုသည် ရာခိုင်နှုန်းအတိုင်းအတာအမျိုးမျိုးဖြင့် လစာများ လျှော့ချခဲ့ကြရာ လျော့ကျလာသည့် ဒေါ်လာစျေးနှင့် လျှော့ချခံရသည့် လစာဝင်ငွေပေါင်းပါက လစဉ်ရုန်းကန်ရမည့်အခြေအနေဖြစ်လာသည်။ လခစားဝန်ထမ်းအချို့သည် အာမခံကြေး၊ အရစ်ကျစနစ်ဖြင့် ဝယ်ယူထားသော အိမ်၊ ကား အစသည်တို့ကိုလည်း လစဉ်ပေးဆောင်နေရခြင်းဖြစ်ရာ ယခုကဲ့သို့ ဒေါ်လာစျေးထိုးကျလာသည့် အခြေအနေနှင့်ကြုံရာတွင် အခက်အခဲ များစွာဖြစ်ပေါ်စေမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ဒေါ်လာစားများ ရွှေထီးဆောင်းသည့်ကာလတစ်ခုသည် အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။

လက်ရှိ NLD အစိုးရ စတင်တက်ရောက်သော၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ၁၁၉၃ ကျပ်ဖြစ်ပြီး အစိုးရသက်တမ်း ငါးနှစ်နီးပါးကာလအတွင်း အနိမ့်ဆုံးငွေလဲနှုန်းအဖြစ် ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက်တွင် ၁၁၅၃ ကျပ်၊ အမြင့်ဆုံး ငွေလဲနှုန်းအဖြစ် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ ဖြစ်ပေါ်ခဲ့သည်။ NLD အစိုးရသက်တမ်းအတွင်း ၂၀၁၆ ခု နှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့သည် နိုင်ငံခြားငွေလဲနှုန်း ပြန်လည်ကျဆင်းလာသည့် နှစ်များဖြစ်ခဲ့ပြီး COVID-19 ကပ်ရောဂါကာလတွင် ကျပ် ၁၂၀၀ တန်းကို ပြန်ရောက်တော့မည်ဖြစ်သည်။

နိုင်ငံခြားငွေလဲနှုန်းသည် ကာလတို၊ ကာလရှည်ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ပြီး နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်း၊ အတိုးနှုန်း၊ သာမန်စာရင်းလက်ကျန်၊ မတည်ငွေစာရင်းလက်ကျန်၊ စျေးကစားမှုများ၊ ကမ္ဘာ့ကုန်စည်စျေးနှုန်းပြောင်းလဲမှု၊ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံများ၏ မူဝါဒပြောင်းလဲမှုများ စသည်တို့ကြောင့် ကာလတိုနိုင်ငံခြားငွေကြေး ပြောင်းလဲမှုများ ဖြစ်နိုင်သည်။ ကာလရှည် နိုင်ငံခြားငွေလဲနှုန်း ပြောင်းလဲမှုအပေါ် သက်ရောက်နိုင်သည့်အချက်များမှာ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဆင့်၊ ပို့ကုန်ယှဉ်ပြိုင်နိုင်မှု၊ ပြည်ပကြွေးမြီ ပမာဏ၊ အစိုးရဘတ်ဂျက်လိုငွေ၊ အရင်းအနှီးစီးဆင်းမှု၊ ပြည်တွင်းပြည်ပစျေးနှုန်းများ၊ နိုင်ငံရေးအခြေအနေတည်ငြိမ်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့မှု စသည်တို့ဖြစ်သည်။

မြန်မာနိုင်ငံအတွက် နိုင်ငံ၏စီးပွားရေးအခြေအနေနှင့် လိုက်လျောညီထွေရှိပြီး တည်ငြိမ်သော နိုင်ငံခြားငွေ လဲလှယ်နှုန်းဖြစ်ရန် အရေးကြီးပြီး ယင်းကဲ့သို့ ငွေလဲလှယ်နှုန်းဖြစ်စေရန် ထိန်းကျောင်းရာတွင် နိုင်ငံ၏ နောက်ခံစီးပွားရေး အခြေအနေပေါ် များစွာမူတည်နေခြင်းကြောင့် ယခုထက်စီးပွားရေး အခြေအနေ ပိုဆိုးမသွားမီ ပြင်ဆင်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ ဖြစ်သင့်ဖြစ်ထိုက်သည့် ငွေလဲနှုန်းထားတစ်ရပ် ဖြစ်ပေါ်နေမှသာ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ ကောင်းမွန်စွာလည်ပတ်နိုင်မည်ဖြစ်ပြီး အလုပ်အကိုင်များ၊ ဝင်ငွေများ၊ စျေးကွက်များ တည်ငြိမ်ရေးမှာလည်း ငွေလဲလှယ်နှုန်းအပေါ် အဓိကမူတည်နေခြင်းကြောင့် COVID-19 ကပ်ရောဂါအလွန် မြန်မာ့စီးပွားရေး နာလန်ထူရေးအတွက် အထောက်အကူပြုနိုင်မည့် ရှိသင့်ရှိထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်သော ဒေါ်လာစျေးနှုန်းထားတစ်ခု လိုအပ်ခြင်းဖြစ်သည်။

Most Read

Most Recent