ဆင်ဆာကော်မရှင်နှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအတွက် မေးခွန်း

ဆင်ဆာကော်မရှင်နှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအတွက် မေးခွန်း
ပျဉ်းမနားမြို့တွင် NLD ပါတီဝင်များနှင့် ပါတီထောက်ခံသူများ ရာနှင့်ချီ၍ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ယာဉ်တန်းများဖြင့် လှည့်လည်စဉ်
ပျဉ်းမနားမြို့တွင် NLD ပါတီဝင်များနှင့် ပါတီထောက်ခံသူများ ရာနှင့်ချီ၍ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ယာဉ်တန်းများဖြင့် လှည့်လည်စဉ်
Published 4 October 2020
ဆန်းမိုးထွန်း

၂၀၂၀ ရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ၉၂ ပါတီရှိသည့်အနက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ် ၁၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ သုံးပါတီသာရှိကြောင်း ပြည်ထောင်စုရွေးကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားသည်။

“ တကယ်တမ်း ၁၀၀၀ ကျော် ဝင်တာက သုံးပါတီပဲရှိပါတယ်။ အဲဒီတော့ ပါတီပေါင်း ၉၂ ပါတီ ဝင်ရောက်ယှဉ်ပြိုင်တယ်ဆိုသော်လည်း ပါတီအများစုက နေရာအနည်းတွေပဲ ဝင်ရောက်ယှဉ်ပြိုင်တာ တွေ့ရတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီတစ်ခုသည် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တို့တွင် အနည်းဆုံး သုံးနေရာ ယှဉ်ပြိုင်ရပြီး ယင်းသို့ ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့် နိုင်ငံရေးပါတီ၏ မှတ်ပုံတင်ကို ကော်မရှင်က ပြန်လည်ပယ်ဖျက်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

လာမည့်ရွေးကောက်ပွဲကို မဲဆန္ဒနယ် သုံးနေရာသာဝင်ပြိုင်မည့် ပါတီ ၂၆ ပါတီရှိကြောင်း၊ ၁၀ နေရာ ထက်မပိုဘဲ ဝင်ပြိုင်မည့်ပါတီ ၅၁ ပါတီရှိကြောင်း၊ နေရာ ၃၀ အထိ ဝင်ပြိုင်မည့်ပါတီ ၁၉ ပါတီရှိကြောင်း၊ နေရာ ၄၀ အထိ ဝင်ပြိုင်မည့်ပါတီ ခြောက်ပါတီရှိကြောင်း၊ နေရာ ၇၀ အထိ ဝင်ပြိုင်မည့်ပါတီ ငါးပါတီရှိကြောင်းနှင့် ရာဂဏန်းဝင်ပြိုင်မည့်ပါတီ ရှစ်ပါတီရှိကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

“ ပါတီတစ်ခုက သုံးနေရာ ဝင်ပြိုင်ရမယ်။ သုံးနေရာ ဝင်မပြိုင်ရင် ပါတီက ဖျက်သိမ်းခြင်းခံရမယ်ဆိုတဲ့ အခါကျတော့ အနည်းဆုံးဝင်ရမယ့် သုံးနေရာဝင်တဲ့ ပါတီတွေက ၂၆ ပါတီရှိပါတယ်။ တစ်ခါ သုံးနေရာထက် ကျော်ပြီးတော့ ၁၀ နေရာထက် မပိုတာက ၅၁ ပါတီရှိပါတယ်။ ၅၁ ပါတီက အများဆုံး ၁၀ နေရာပဲဝင်တယ်။ တစ်ခါ ၁၀ နေရာနဲ့အထက် နေရာ ၃၀ အထိ ဝင်တာက ၁၉ ပါတီ ရှိပါတယ်။ နေရာ ၄၀ အထိဝင်တာ ခြောက်ပါတီ ရှိပါတယ်။ ၇၀ အထိဝင်တာ ငါးပါတီရှိပါတယ်။ ရာဂဏန်းက ရှစ်ပါတီ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဦးရေ အများဆုံးယှဉ်ပြိုင်သည့် ပါတီသုံးခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့ဖြစ်သည်။

NLD ပါတီနှင့် UDP ပါတီမှာ ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးဖြင့် ကိုယ်စားလှယ်လောင်းဦးရေ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ပြီး USDP ပါတီမှာ ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP)၊ ပြည်သူ့့ရှေ့ဆောင်ပါတီ (PPP)၊ ပြည်သူ့ပါတီ (PP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) တို့မှာ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အရေအတွက် ရာဂဏန်းသာရှိသည်။

တိုင်းရင်းသားပါတီအချို့နှင့် နိုင်ငံရေးပါတီအချို့အနေဖြင့် ကိုယ်စားလှယ်လောင်းရရှိမှု အနေအထား၊ ပါတီဘဏ္ဍာရေးအနေအထားနှင့် တိုင်းနှင့် ပြည်နယ်တစ်ခုအတွက်သာ စည်းရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကြောင့် မဲဆန္ဒနယ်အနည်းငယ်သာ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

လက်ရှိတွင် နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ကော်မရှင်က ခွင့်ပြုထားသည်။

နိုင်ငံရေးပါတီများအနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရန် မိမိတို့ပါတီ၏ မူဝါဒသဘောထား၊ လုပ်ငန်းစဉ်တို့ကို နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြချက်များကို စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ခွင့်ပြုပေးရန် စီစဉ်ထားကြောင်း ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၃ ရက်က ကြေညာသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများက ဟောပြောတင်ပြလိုသည့်စာမူကို လိုအပ်သလို စိစစ်ပြီးခွင့်ပြုမိန့်ထုတ်ပေးခြင်း သို့မဟုတ် ပြန်လည်ပြင်ဆင်ရေးသားစေပြီး ခွင့်ပြုမိန့် ထုတ်ပေးခြင်းပြုမည်ဟု ကြေညာချက်တွင် ပါရှိသည်။

ထို့ပြင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြရာတွင် တားမြစ်ချက် ကိုးချက်ကို လိုက်နာရန် ဖော်ပြခဲ့သည်။

ယင်းအချက်များမှာ (က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေသည့် ဟောပြောမှု မပြုလုပ်ရန်၊ (ခ) လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် ဟောပြောမှု မပြုလုပ်ရန်၊ (ဂ) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာမှု မရှိသော ဟောပြောမှုမပြုလုပ်ရန်၊ (ဃ)နိုင်ငံတော်အား အကြည်ညိုပျက်စေရန် သို့မဟုတ် ဂုဏ်သိက္ခာ ထိပါးစေရန် ဟောပြောမှု မပြုလုပ်ရန်၊ (င) တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် သို့မဟုတ် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောမှု မပြုလုပ်ရန်၊ (စ) လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု မပြုလုပ်ရန်၊ (ဆ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမှုပြုသော ဟောပြောမှု မပြုလုပ်ရန်၊ (ဇ) ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်ဟောပြောမှု မပြုလုပ်ရန်နှင့် (စျ) နိုင်ငံ့ဝန်ထမ်းများအား ၎င်းတို့၏တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်စေရန် သို့မဟုတ် အစိုးရအား ဆန့်ကျင်ဆန္ဒပြစေရန် သွေးထိုးလှုံ့ဆော်ဟောပြောမှု မပြုလုပ်ရန်တို့ ဖြစ်သည်။

မြန်မာနိုင်ငံ၌ COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းဖြစ်ပွားနေချိန်တွင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောထုတ်လွှင့်ခွင့်ရခြင်းသည် မိမိတို့ပါတီ၏ မူဝါဒသဘောထား၊ လုပ်ငန်းစဉ်တို့ကို ပြည်သူလူထုထံ တိုက်ရိုက်ပေးပို့ခွင့်ရသည့်အတွက် များစွာအကျိုး ဖြစ်ထွန်းနိုင်သည်ဟု ယူဆကြသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများက မိမိတို့ပါတီ၏ မူဝါဒသဘောထား၊ လုပ်ငန်းစဉ်တို့ကို ရွေးကောက်ပွဲ ကော်မရှင်ထံ ရေးသားပေးပို့ခဲ့ကြသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ဟောပြောခွင့်ရသည့်အတွက် နိုင်ငံရေးပါတီငယ်များနှင့် ပါတီအသစ်များအပြင် COVID-19 ကပ်ရောဂါကြောင့် Stay at Home အစီအစဉ်တွင် ပါဝင်သည့် ပြည်နယ်နှင့် တိုင်းမှ ပါတီများအတွက် ပြည်သူများကို တိုက်ရိုက်ဟောပြောခွင့်ရရန် အခွင့်အရေး ရှိလာခဲ့သည်။ သို့သော် နိုင်ငံရေးပါတီအချို့၏ ဟောပြောချက်ပါ အချက်အချို့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖြတ်တောက်ခဲ့သည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဖြတ်တောက်မှုကို ခံခဲ့ရသည့် နိုင်ငံရေးပါတီအရေအတွက် ကိုးပါတီရှိလာပြီဖြစ်သည်။

ကော်မရှင်၏ ဖြတ်တောက်ခြင်းခံရသည့် ပါတီအရေအတွက်ကို ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ပါတီ ၉၂ ပါတီနှင့် တွက်ချက်မည်ဆိုပါက ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်းခန့် ရှိလာပြီဖြစ်သည်။

နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်မည့် ဟောပြောချက်များကို ကော်မရှင်၏ ဖြတ်တောက်ခြင်းခံခဲ့ရသည့် နိုင်ငံရေးပါတီများမှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP)၊ ပြည်သူ့ပါတီ (PP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ (DNOP)၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ကရင်အမျိုးသားပါတီ (KNP)၊ ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို) တို့ ဖြစ်သည်။

ထိုသို့ ဟောပြောချက်စာသား ဖြတ်တောက်ခံခဲ့ရသည့် ကိုးပါတီအနက် ငါးပါတီမှာမူ နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားတွင် ဟောပြောခြင်းမပြုတော့ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP)၊ ပြည်သူ့ပါတီ (PP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နှင့် ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ (DNOP) တို့က ထိုသို့ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ပြည်သူကိုတင်ပြမည့် မဲဆွယ်မိန့်ခွန်းပါ အချက်အချို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆင်ဆာဖြတ်သဖြင့် နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောခြင်းမပြုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြားသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ မူဝါဒနှင့် လုပ်ငန်းလမ်းစဉ်တို့ကို နိုင်ငံပိုင်ရုပ်သံ (MRTV) တွင် စက်တင်ဘာ ၂၂ ရက်က ရိုက်ကူးရမည် ဖြစ်သော်လည်း မိန့်ခွန်းပါ အချက်အချို့ ဖြတ်တောက်ခံရ၍ အဆိုပါအခွင့်အရေးကို အသုံးမပြုတော့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်မြို့နယ် ဝက်ထီးကန်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအောင်နိုင်ရေးအတွက် ပါတီဝင်များနှင့် ဝန်းရံသူများက ဆိုင်ကယ်၊ ကားများဖြင့် လှည့်လည်စည်းရုံးစဉ်

“ နိုင်ငံရေးအဖွဲ့ အစည်းတစ်ခုရဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ ပြောတဲ့အခါမှာ အဲဒီလိုကန့်သတ်တာတို့၊ ဖြတ်တောက်တာတို့ အဲဒါက ဘယ်လိုမှ လုပ်သင့်လုပ်အပ်တဲ့ကိစ္စ မဟုတ်ဘူး။ ဒီမိုကရေစီကျင့်စဉ်နဲ့ လွဲချော်နေတယ်” ဟု ဦးအောင်မိုးဇော်က ပြောကြားသည်။

DPNS ပါတီ မဲဆွယ်မိန့်ခွန်းပါ အချက်များအနက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စ၊ ဧရာဝတီတိုင်း မအူပင်မြို့နယ် မလက်တိုကျေးရွာမှ မြေယာအရေးအခင်းကိစ္စ၊ မန္တလေးတိုင်း အောင်သပြေကျေးရွာရှိ ဘိလပ်မြေစက်ရုံကိစ္စတို့နှင့် ပတ်သက်၍ ဟောပြောမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကလေးသူငယ် အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ Unicef ၏ အချက်အလက်အချို့ကို ကိုးကားထားသည့် အချက်အလက်များ၊ နိုင်ငံ့ဝန်ထမ်း လုပ်ဆောင်လိုသည့် ပညာတတ်လူငယ် နည်းပါးလာမှုနှင့်ပတ်သက်၍ ထောက်ပြပြောဆိုသည့်အချက်များလည်း ဖြတ်တောက်ခံခဲ့ရကြောင်း ဦးအောင်မိုးဇော်က ဆိုသည်။

ကော်မရှင်အနေဖြင့် ပါတီမိန့်ခွန်းပါ အချက်အချို့ ဖြတ်တောက်ခြင်းကို လုံလောက်သည့် အကြောင်းပြချက်နှင့် ညှိနှိုင်းဆောင်ရွက်မှုမရှိခဲ့ခြင်းက စိတ်မကောင်းစရာဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။

“ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အနှစ်သာရတွေ ဘာမှမပြောဘူး။ သို့သော် ဆွေးနွေးတယ်။ ကျွန်တော်တို့ကို သေသေချာချာ ဆွေးနွေးပြီးတော့ ခင်ဗျားတို့ ဒါလေးတော့ ပြင်ပေးပါ။ ကျွန်တော်တို့ ပြောချင်တာကို ဖြတ်ခိုင်းတာ မဟုတ်ဘူးနော်။ ကျွန်တော်တို့ အသုံးအနှုန်းအချို့က ပြင်းနေရင် ခင်ဗျားတို့ ဒါလေးတော့ လုပ်ပါဆိုပြီး သူတို့က ဆွေးနွေးတယ်ဗျ။ အခုက ဆွေးနွေးတာမဟုတ်ဘူး။ တစ်ခါတည်း မင်နီသားပြီး ပြန်ပို့လိုက်သလို ဖြစ်တော့ လုပ်ပုံကိုင်ပုံ တအားများတယ်” ဟု ဦးအောင်မိုးဇော်က ပြောကြားသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းရှိ မဲဆန္ဒနယ်အချို့တွင် ကိုယ်စားလှယ်လောင်း ၁၆ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီဖြစ်သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနည်းတူ နိုင်ငံပိုင်ရုပ်သံနှင့် သတင်းစာများမှတစ်ဆင့် မဲဆွယ်စည်းရုံးခြင်း အစီအစဉ်တွင် မပါဝင်တော့ကြောင်းကို ရခိုင့်ဦးဆောင်ပါတီ (AFP) က ထုတ်ပြန်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စိစစ်ဖြတ်တောက်မှုများသည် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ဘောင်ကို ကျော်လွန်ပြီး အတိုင်းအတာတစ်ခုအထိ အလွန်အကျွံ ဖြတ်တောက်ထားခြင်းကြောင့် နိုင်ငံပိုင်ရုပ်သံနှင့် သတင်းစာများမှတစ်ဆင့် မဲဆွယ်စည်းရုံးခြင်း အစီအစဉ်တွင် မပါဝင်တော့ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) က စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များ၊ မတရားဖမ်းဆီးခံရမှုများနှင့် ပတ်သက်သည့် အချက်များနှင့် ပါတီမူဝါဒပါအချက်အချို့ အပါအဝင် မဲဆွယ်မိန့်ခွန်းပါ အဓိကအနှစ်သာရများ ပါဝင်သည့် အပိုဒ်အချို့ ဖြတ်တောက်ခံရခြင်းဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

ပါတီဥက္ကဋ္ဌ သို့မဟုတ် ပါတီတာဝန်ရှိသူတစ်ဦးဦး ပြောကြားရမည့် ပါတီမဲဆွယ်မိန့်ခွန်းပါ ရုပ်သံကို နိုင်ငံပိုင်ရုပ်သံ၌ အောက်တိုဘာ ၁ ရက်တွင် ရိုက်ကူး၍ အောက်တိုဘာ ၃ ရက်တွင် ထုတ်လွှင့်မည် ဖြစ်သော်လည်း မိန့်ခွန်းဖြတ်တောက်ခံရသည့်အတွက် ယင်းအစီအစဉ်တွင် ပါဝင်မည်မဟုတ်ကြောင်း AFP ပါတီက ကြေညာခဲ့သည်။

နိုင်ငံပိုင်ရုပ်သံနှင့် သတင်းစာများမှတစ်ဆင့် မဲဆွယ်စည်းရုံးခြင်း အစီအစဉ်တွင် မပါဝင်တော့သည့် နောက်ထပ်ပါတီမှာ ပြည်သူ့ပါတီ ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တားမြစ်ချက်များကို ငြိစွန်းခြင်းမရှိဘဲ ပါတီတစ်ရပ်၏ မူဝါဒသဘောထားများကို ကော်မရှင်က ဖြတ်တောက်ခြင်းသည် ပါတီစုံဒီမိုကရေစီစနစ်၏ စံချိန်စံညွှန်းများကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်မှုကို ပါဝင်မည်မဟုတ်ကြောင်း စက်တင်ဘာ ၂၉ ရက်တွင် ပြည်သူ့ပါတီက ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ပါတီက ပေးပို့ခဲ့သည့် ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များအနက် စာပိုဒ် (၄) နှင့် (၅) တို့ပါ ရေးသားဖော်ပြချက်များကို ပယ်ဖျက်၍ ဟောပြောရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားခဲ့ကြောင်း၊ ကော်မရှင်၏ ဇူလိုင် ၂၃ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသော တားမြစ်ချက်ကိုးချက်နှင့် ငြိစွန်းခြင်း မရှိသည့်အပြင် မည်သည့်အချက်နှင့် ငြိစွန်းနေသည်ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်ကြားခဲ့ခြင်း မရှိကြောင်း ပြည်သူ့ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတစ်ရပ်က ပြည်သူလူထုကို တင်ပြမည့် မူဝါဒသဘောထားများကို ဖြတ်တောက်ခြင်း၊ တည်းဖြတ်ခြင်းတို့သည် ပါတီစုံဒီမိုကရေစီစနစ်၏ အခြေခံအကျဆုံး စံချိန်စံညွှန်း တန်ဖိုးထားမှုနှင့် ကျင့်စဉ်များကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ခံယူသဖြင့် နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြား မှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ နိုင်ငံပါတီများအတွက် အလှည့်ကျထုတ်လွှင့်ပေးမည့် အစီအစဉ်များတွင် ပြည်သူ့ပါတီအနေဖြင့် လုံးဝပါဝင်မည် မဟုတ်ကြောင်း ကော်မရှင်သို့ အကြောင်းပြန်ကြားစာတွင် ရေးသားထားသည်။

ထို့ပြင် ကော်မရှင်က ဖြတ်တောက်ခဲ့သည့် အပိုဒ်နှစ်ပိုဒ်ကိုလည်း ပြည်သူ့ပါတီ၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၃၀ ရက်က ရေးသားဖော်ပြခဲ့သည်။

ပြည်သူ့ပါတီ မဲဆွယ်မိန့်ခွန်း အပိုဒ် (၄) တွင် “ ကျွန်တော်တို့ ပြည်သူအများစုဟာ တုံးလုံးစာဝေးလို့ မတ်တတ်စာတောင် အနိုင်နိုင် ရပ်တည်နေကြရတာ ဖြစ်ပါတယ်” ဆိုသည့် စာသားနှင့် အပိုဒ် (၅) တွင် “ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် အဓိကအခက်အခဲ ဖြစ်နေတာက ပြည်တွင်းလုပ်ငန်းရှင်များအတွက် ဘဏ်တိုးနှုန်း မြင့်မားနေခြင်း ဖြစ်ပါတယ်” စာသားနှင့် “အခွန်အကောက်များ ကောက်ယူရာမှာလည်း ရိုးရှင်းပြီး သင့်တင့်မျှတတဲ့ အခွန်အကောက်စနစ်တွေဖြစ်ဖို့၊ အခွန်ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ကျယ်ပြန့်တဲ့ အခွန်ထမ်းစနစ် ဖြစ်ပေါ်စေဖို့ ကျွန်တော်တို့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဆိုသည့် စာသားများကို ကော်မရှင်က ဆင်ဆာဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ကော်မရှင်၏ ဖြတ်တောက်မှုနှင့်ပတ်သက်၍ ပြည်သူ့ပါတီက “ ပြည်သူ့ပါတီက မဲဆန္ဒရှင်တွေကို ဆောင်ရွက်ပေးချင်တဲ့ မူဝါဒ ကတိကဝတ်တွေဟာ လူမျိုးရေးဘာသာရေးပဋိပက္ခကို ဖြစ်ပေါ်စေပါသလား။ အခြားပါတီပုဂ္ဂိုလ်များကို တိုက်ခိုက်တာပါပါသလား။ ပြည်ထောင်စုကြီး ပြိုကွဲသွားစေနိုင်ပါသလား။ ဘယ်အချက်တွေ ချိုးဖောက်လို့ ဘယ်အချက်တွေ ငြိစွန်းလို့ဆိုတာမျိုး အကြောင်းပြဖို့တော့ လိုပါလိမ့်မယ်လို့ မြင်ပါတယ်” ဟု ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၃၀ ရက်က ရေးသားထားသည်။

ထို့ပြင် ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီကလည်း နိုင်ငံပိုင်ရုပ်သံနှင့် သတင်းစာများမှတစ်ဆင့် မဲဆွယ်စည်းရုံးခြင်း အစီအစဉ်တွင် ပါဝင်ခြင်း မရှိတော့ပေ။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လုပ်တင်ပြမည့် ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ၏ ပါတီမူဝါဒလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် စာသားအချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်လိုက်ခြင်းကြောင့် ရိုက်ကူးရေး မလုပ်တော့ကြောင်း ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီက ပြောကြားထားသည်။

ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ၏ ဖြုတ်ချခံရသည့် စာသားများမှာ ပွင့်လင်းရိုးသားမှုမရှိသော စေ့စပ်ညှိနှိုင်းမှုများ၊ အပေးအယူ မမျှသော ၀ိသမလောဘကြီးမှု၊ အတ္တအစွန်းရောက်မှုများမှာ ပြည်တွင်းငြိမ်းချမ်းရေး အလင်းရောင် မတန်းနိုင်ဖြစ်နေရကြောင်း စာသားများဖြစ်သည်။

ထို့ပြင် ၎င်းတို့ နယ်မြေဒေသတစ်ခု ပြည်နယ်တစ်ခု၏ အထွေထွေဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံရေးပါတီတစ်ခုကပဲ ဆောင်ရွက်ပေးနိုင်မည်ဟူသည့် စည်းရုံးဟောပြောခြင်းနှင့် သက်ဝင်ယုံကြည်ခြင်းတို့မှာ ဖက်ဒရယ်ဒီမိုကရေစီ ထွန်းကားရှင်သန်ရေးကို မီးလောင်တိုက်သွင်းခြင်းသာဖြစ်ပြီး တစ်ပါတီအာဏာရှင်စနစ်သို့ ရည်ရွယ်ချက်ရှိရှိ ဖြစ်လာနိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် အန္တရာယ်ကြီးမားလှသည်ဆိုသော စာသားများကို ပယ်ဖျက်ခံရကြောင်း ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီထံမှ သိရသည်။

ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦး စုစုပေါင်း ကိုယ်စားလှယ်ခုနစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက လားရှိုးမြို့ပေါ်တွင် မော်တော်ယာဉ်များဖြင့် စီတန်းလှည့်လည်စဉ်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို နည်းလမ်းပေါင်းစုံသုံး၍ ဆောင်ရွက်မည်ဆိုသော အချက်အပါအဝင် အချက်အချို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဖြတ်တောက်မှုခံရကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) က ထုတ်ပြန်သည်။

ပါတီမဲဆွယ်မိန့်ခွန်းပါ အချက်အချို့ကို ဖြတ်တောက်ထား၍ အောက်တိုဘာ ၄ ရက်တွင် ရိုက်ကူးမည့် နိုင်ငံပိုင်ရုပ်သံ၌ ဟောပြောမှု အစီအစဉ်တွင် မပါဝင်တော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အောက်တိုဘာ ၁ ရက်က အကြောင်းပြန်ခဲ့သည်ဟု UNDP ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

“ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့အခါမှာ နည်းလမ်းမျိုးစုံကို သုံးပြီးတော့ ပြင်ဆင်မယ်ဆိုတဲ့ အကြောင်းအရာပေါ့နော်။ နည်းလမ်းမျိုးစုံက လူထုလှုပ်ရှားမှုပေါ့။ လူထုလှုပ်ရှားမှု နည်းလမ်းတွေနဲ့ သွားမယ်ဆိုတဲ့ အကြောင်းအရာ” ဟု ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး အဟန့်အတားဖြစ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်တွင်း ပြင်ဆင်သည့်နည်းလမ်း၊ လူထုဆန္ဒခံယူပွဲ ရယူပြင်ဆင်သည့် နည်းလမ်းအပြင် “ လိုအပ်ပါက လူထုဆန္ဒနှင့်အညီ နည်းလမ်းမျိုးစုံဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲနိုင်ရေး” ဆောင်ရွက်သွားမည်ဆိုသည့်အချက်ကို ကော်မရှင်က ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရွေးကောက်ခံ မဟုတ်သူများ၏ အာဏာကို ပြန်လည်ရုပ်သိမ်းရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသော အစိုးရကို ပြည်သူ့အင်အားနှင့် ဖြိုချရမည်ဆိုသည့် ပါတီမိန့်ခွန်းပါ အချက်များလည်း ဖြတ်တောက်ခံရသည်ဟု ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

“ အရေးကြီးတဲ့ အခန်းကဏ္ဍတွေဖြတ်ထားတဲ့အခါကျတော့ ဒီမူဝါဒကြီးကို လူထုကိုထွက်ပြောနေလည်း ဘာမှအဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး။ လူထုလည်း သဘောပေါက်မှာ မဟုတ်ဘူး” ဟု ၎င်းက ပြောကြားသည်။

UNDP ပါတီအနေဖြင့် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်း ၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင်လည်း ဖြစ်သည်။

ကော်မရှင်က မဲဆွယ်မိန့်ခွန်းပါ အချက်အချို့ကို ဖြတ်တောက်ခံရသော်လည်း နိုင်ငံပိုင်ရေဒီယို၊ ရုပ်သံနှင့် သတင်းစာများတွင် ဟောပြောခဲ့သည့် ပါတီများလည်း ရှိသည်။

ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ကရင်အမျိုးသားပါတီ (KNP) နှင့် ထားဝယ်တိုင်းရင်းသားများ ပါတီတို့မှာ မဲဆွယ်မိန့်ခွန်းပါ အချက်အချို့ကို ဖြတ်တောက်ခံရသော်လည်း နိုင်ငံပိုင် ရေဒီယို၊ ရုပ်သံနှင့် သတင်းစာများတွင် ဟောပြောခဲ့ကြသည်။

ထားဝယ်တိုင်းရင်းသားများပါတီ၏ ပြည်သူထံ ပြောကြားမည့် မဲဆွယ်မိန့်ခွန်းပါ အချက်အချို့ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဖြတ်တောက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ညီညွတ်သော လုပ်ရပ်မဟုတ်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို) က စက်တင်ဘာ ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် အခြားတိုင်းဒေသကြီးများကဲ့သို့ လျှပ်စစ်မီး ယူနစ်နှုန်းထား မညီမျှမှု အခြေအနေများကို မေးခွန်းထုတ်မှုနှင့် ထားဝယ်လူမျိုးများကို မှတ်ပုံတင်တွင် လူမျိုးမှန် သတ်မှတ် ဖော်ပြခံရရေးစသည့် အချက်များ အပါအဝင် အပိုဒ်ရှစ်ပိုဒ်ကို ကော်မရှင်က ပယ်ဖျက်ခဲ့ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ လျှပ်စစ်ကဏ္ဍမှာ ပြည်မနဲ့ တန်းတူမရတဲ့ကိစ္စတွေ၊ ထားဝယ်လူမျိုးတွေရဲ့မှတ်ပုံတင်မှာ ဗမာဆိုပြီး လွဲမှားစွာမှတ်ပုံတင်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီကိစ္စတွေကို အဓိကထား ဆောင်ရွက်မယ်ဆိုပြီး ပြည်သူတွေကို ရှင်းရှင်းလင်းလင်း ပေးထားတဲ့ သတင်းအချက်အလက်တွေ အစီရင်ခံတာတွေကို ပယ်ဖျက်ခြင်းခံရတယ်။ အဲဒီတော့ ကျွန်တော်တို့မှာ ပါတီထောင်ပြီးတော့ နိုင်ငံရေးလမ်းကြောင်းထဲကနေ လွှတ်တော်ထဲကနေ ပြင်ဆင်မယ့်ကြိုးစားမယ့် လမ်းကြောင်းတစ်ခု ပျောက်သွားသလို ဖြစ်သွားတယ်။ ဒါကြောင့် မိန့်ခွန်းထဲမှာ အပိုဒ်ပေါင်း ၃၂ ပိုဒ် မှာ ရှစ်ပိုဒ်တိတိ ပယ်ဖျက်ခြင်းခံရတယ်။ မိန့်ခွန်းအားလုံးရဲ့ လေးပုံတစ်ပုံ ပယ်ဖျက်ခြင်းခံရတာနဲ့ တူနေတယ်။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ထားဝယ်တိုင်းရင်းသားများ ပါတီအနေနဲ့ လူထုကို အစီရင်ခံမယ့် အကြောင်းအရာတွေကို လွတ်လွတ်လပ်လပ် ပြောခွင့်ကို ပိတ်လိုက်တာနဲ့ တူတယ်” ဟု ထားဝယ်တိုင်းရင်းသားများ ပါတီ (ဗဟို) ဥက္ကဋ္ဌဖြစ်သူ ဦးအေးမင်းက ပြောကြားသည်။

ထို့ပြင် ထားဝယ်တိုင်းရင်းသားများပါတီက ပေးပို့ထားသည့်မိန့်ခွန်းပါ အချက်အချို့မှာ ယခင် ၂၀၁၅ ရွေးကောက်ပွဲ၌ ခွင့်ပြုချက်ရရှိခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲ၌ ကော်မရှင်က ခွင့်ပြုချက်မပေးဘဲ ဆင်ဆာလုပ်၍ ပယ်ဖျက်ခဲ့ကြောင်း၊ ထို့ကြောင့် အမှန်တရားကို ပြည်သူများ သိရှိနိုင်စေရန် ဆင်ဆာဖြတ်တောက်ထားသည့်အတိုင်း ထုတ်လွှင့်နိုင်ရန် ကော်မရှင်ထံ ရိုက်ကူးပေးပို့ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီအနေဖြင့် ထားဝယ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များ၌ ကိုယ်စားလှယ်လောင်း ရှစ်ဦးသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်မဲဆန္ဒနယ် အများစုအနိုင်ရခဲ့သော်လည်း ၂၀၀၈ အခြေခံဥပဒေကြောင့် ပြည်နယ်အစိုးရ မဖွဲ့စည်းနိုင်ခဲ့သည့် အချက်အပါအဝင် ရခိုင်အမျိုးသားပါတီ၏ မဲဆွယ်မိန့်ခွန်းပါအကြောင်း အရာအချို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်ခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။

“၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပါတီက ရခိုင်ပြည်နယ်မှာ အများစု အနိုင်ရပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခက်အခဲကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရ ဖွဲ့ခွင့်မရခဲ့ဘူးဆိုတဲ့ အကြောင်းအရာပါတာကို ဖြတ်တောက်တယ်” ဟု ဦးသာထွန်းလှက ဆိုသည်။

ထို့ပြင် ရခိုင်လူမျိုးများအနေဖြင့် ခေတ်အဆက်ဆက်တွင် အမျိုးသားအကျိုးစီးပွား ရပိုင်ခွင့်များကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းခဲ့ကြောင်း၊ ပြည်နယ်အတွင်း စစ်ဘေးရှောင်အများစုရှိနေခြင်းကြောင့် နာကြည်းမှု၊ ခံပြင်းမှုတို့ဖြင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိနိုင်ကြောင်း စသည့်အချက်များကိုလည်း ဖြတ်တောက်ခံရပြီး ပြည်နယ်အတွင်းဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခအပေါ် ပြည်တွင်းစစ်ဟု သုံးစွဲခြင်းကို ကော်မရှင်က ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဟု ပြင်ဆင်ခြင်းများလည်းရှိကြောင်း ၎င်းက ရှင်းပြသည်။

ကော်မရှင်အနေဖြင့် ပါတီ၏မိန့်ခွန်းပါအချက်အချို့ ဖြတ်တောက်ခြင်းကို ကြိုတင်အသိပေးခြင်းမရှိဘဲ ရုပ်သံရိုက်ကူးရေးပြုလုပ်မည့် အချိန်မှသာ  ကော်မရှင်တာဝန်ရှိသူတစ်ဦးက မိန့်ခွန်းပါအကြောင်း အရာအချို့ ဖြတ်တောက်ထားခြင်းကို အသိပေးခဲ့ကြောင်း ဦးသာထွန်းလှက ပြောကြားသည်။

ယင်းသို့ ပါတီမိန့်ခွန်းပါ အဓိကအကြောင်းအရာအချို့ ဖြတ်တောက်ခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်း Stay at Home ကြေညာထားမှုကြောင့် မဲဆွယ်စည်းရုံးလုပ်ဆောင်ရန် အခက်အခဲများစွာ ရှိခြင်းနှင့် မြို့နယ်အချို့ အင်တာနက်ဖြတ်တောက်ခံရသည့် အခြေအနေတို့ကြောင့် ပြည်သူကို ပါတီအနေဖြင့် ပြောကြားလိုသည့် အချက်များအား အသိပေးနိုင်ရန် နိုင်ငံပိုင်ရုပ်သံတွင် ထုတ်လွှင့်မည့် အစီအစဉ်၌ ပါဝင်ဖြစ်ခဲ့သည်ဟု ၎င်းက ဝန်ခံပြောကြားသည်။

စက်တင်ဘာ ၂၄ ရက်က ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စက်လှေများဖြင့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက လှည့်လည်နေစဉ်​​​​​​​

ရခိုင်အမျိုးသားပါတီ၏ ပြည်သူတို့ စည်းရုံးဟောပြောမှု ရုပ်သံကို နိုင်ငံပိုင်ရုပ်သံ (MRTV) နှင့် ရေဒီယိုတို့တွင် စက်တင်ဘာ ၂၄ ရက်က ထုတ်လွှင့်ခဲ့သည်။

ထို့အတူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ၏ မဲဆွယ်မိန့်ခွန်းပါ အချက်အချက်အလက်နှင့် အသုံးအနှုန်းအချို့ကိုလည်း ရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်ခဲ့သည်။ ALD ပါတီ၏ မဲဆွယ်မိန့်ခွန်းတွင် ပါဝင်သည့် ပြည်တွင်းစစ်၊ စစ်မီးဆိုသည့် အသုံးအနှုန်းများကို ပြင်ဆင်ပြောင်းလဲစေခဲ့ပြီး အပိုဒ်အချို့ ကော်မရှင်က ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ရခိုင်ပြည်နယ်တွင် ပြည်နယ်အတိုင်းအတာဖြင့် Stay at Home ကြေညာထားမှု၊ မြို့နယ်အချို့တွင် အင်တာနက် 4G ရရှိမှု မရှိခြင်းစသည့် အခက်အခဲများစွာကြောင့် ပြည်သူလူထုထံပါတီနှင့် ပတ်သက်သည့် မူဝါဒတင်ပြနိုင်ရေးအတွက် နိုင်ငံပိုင်ရုပ်သံတွင် ပါဝင်ဟောပြောမှု ပြုလုပ်ခဲ့ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောကြားသည်။

“ ဒီလိုမျိုးအနေအထားမှာ သူတို့ကို သတင်းစကားပြောဖို့ အသင့်တော်ဆုံးက တီဗီချန်နယ် MRTV ဒီဟာက လူလည်းအကြည့်များတယ်။ အဲဒီမှာ အန်ကယ်တို့အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ်ပြောချင်တဲ့အထဲက အကုန်လုံးမဟုတ်ဘူး ဆိုရင်တောင်မှ တချို့တော့ ရောက်မှာပဲဆိုတဲ့ အနေအထားနဲ့ ပြောရမယ်။ လွှင့်ရမယ်ဆိုပြီး ဆုံးဖြတ်ပြီး ရိုက်ဖြစ်တယ်” ဟု ဦးမျိုးကျော်က ဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ်မိန့်ခွန်းဟောပြောမှုကို နိုင်ငံပိုင်ရုပ်သံတွင် အောက်တိုဘာ ၁ ရက်က ထုတ်လွှင်ခဲ့သည်။

ထို့အတူ ပါတီမဲဆွယ်မိန့်ခွန်းပါ အချက်အချို့ ဖြတ်တောက်ခံရသော်လည်း လူထုထံ ပါတီမူဝါဒ သတင်းစကားပါးလို၍ နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောမှုအစီအစဉ်၌ ပါဝင်ခဲ့ကြောင်း ကရင်အမျိုးသားပါတီ (KNP) ဒုတိယဥက္ကဋ္ဌ (၁) မန်းထိန်ဝင်းစိန်က ပြောကြားသည်။

အာဇာနည်ခေါင်းဆောင်များ ကျဆုံးပြီးနောက်ပိုင်း ရေးဆွဲသည့် အခြေခံဥပဒေသည် တစ်ပြည်ထောင်စနစ် ရောက်ရှိသွားကြောင်းနှင့် ယင်းသို့ ရောက်ရှိသွားကြောင်းကို ၁၉၄၇ ခုနှစ် အခြေခံဥပဒေရေးဆွဲစဉ် ပါဝင်ခဲ့သည့် ဥပဒေပညာရှင် ကိုယ်တိုင်ဝန်ခံထားသည့်အချက်နှင့် ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် တိုင်းရင်းသားများ၏ ဒီမိုကရေစီ မျှော်မှန်းချက်မှေးမှိန်ခဲ့ပြီး ပြည်တွင်းစစ်လည်း အထွတ်အထိပ် ရောက်ရှိသည်ဆိုသောအချက်တို့ကို ကော်မရှင်က ဖြတ်တောက်ခဲ့ကြောင်း မန်းထိန်ဝင်းစိန်က ပြောကြားသည်။

ယင်းသို့ ဖြတ်တောက်ခံရသည့် အချက်အချို့ကို ချန်လှပ်၍ ကျန်ပါတီမူဝါဒပါ မဲဆွယ်မိန့်ခွန်းကို ပါတီ၏ ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် မန်းမင်းရဲထွေး ပြောကြားခဲ့ပြီး စက်တင်ဘာ ၂၅ ရက်က နိုင်ငံပိုင်ရုပ်သံတွင် ထုတ်လွှင့်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံပိုင်ရုပ်သံတွင် နိုင်ငံရေးပါတီအချို့၏ မဲဆွယ်မိန့်ခွန်းပါ အချက်များကို ဆင်ဆာဖြတ်တောက်နေသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင် ဝေဖန်မှုများ မြင့်တက်လာသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၆ (က) တွင် နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ လွတ်လပ်စွာစည်းရုံးခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

လက်ရှိတွင် ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေသည့်အတွက် လွတ်လပ်စွာ ရေးသား၊ ထုတ်ဖော်၊ ပြောဆို ပိုင်ခွင့်ရှိပြီး အဆိုပါအခွင့်အရေးများကို လိုက်လံပိတ်ပင်ခြင်းအပေါ် ကော်မရှင်အနေဖြင့် ဆင်ခြင်သုံးသပ်ရန် ဦးဒေးဗစ်လှမြင့်က တိုက်တွန်းသည်။

“လျှောက်နေတဲ့လမ်းက ဒီမိုကရေစီလမ်းကို လျှောက်နေတာ။ ရွေးကောက်ပွဲက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ။ လုပ်နေတာက တည်းဖြတ်တဲ့ အလုပ်ကိုလုပ်နေတော့ သွားနေတဲ့လမ်းကြောင်းနဲ့ ကော်မရှင်လုပ်ရပ်နဲ့က တလွဲကြီး ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ကော်မရှင်ဘက်က ထိုသို့ဖြတ်တောက်လိုက်ခြင်းသည် စာပေ စိစစ်ရေးခေတ်က သတင်းစာ၊ ဂျာနယ်များကို ချပေးသည့် ပုံစံမျိုးဖြစ်နေပြီး ကော်မရှင်ဘက်က ညှိနှိုင်းခြင်းမျိုး မရှိကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ တွဲဖက်အတွင်းရေးမှူး (၂) ဦးသူရိန်လှိုင်က မှတ်ချက်ပြုသည်။

“ အရင်က စာပေစိစစ်ရေး ခေတ်က သတင်းစာ၊ ဂျာနယ်တွေကို ချပေးသလိုမျိုးပုံစံပဲ။ အဲဒီပုံစံမျိုးနဲ့ ချပေးလာတာပေ့ါနော်။ ဒီကိစ္စတွေမှာ ဖြုတ်ထားတဲ့ဟာတွေ၊ ပယ်ထားတဲ့ဟာတွေ မပြောရဘူး။ တကယ်လို့ ပိုပြီးပြောလာတာကိုတွေ့ရင် ဒါကို လွှင့်မပေးတော့ဘူးဆိုပြီး ပြောထားပြီးသား။ အသွားအပြန် ညှိရတာမျိုးတော့ မရှိဘူး။ ဒါမပါရဘူး၊ ပိုပါလာရင် မလွှင့်တော့ဘူးဆိုပြီး တန်းပြောထားပြီးသား” ဟု ဦးသူရိန်လှိုင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ဦးတင်အေး ကော်မရှင်လက်ထက်က ဟောပြောခွင့်ရခဲ့သည့် အကြောင်းအရာအချို့ကို ပြည်သူရွေးကောက် တင်မြှောက်ထားသည့် NLD အစိုးရ၏ ရွေးကောက်ပွဲကော်မရှင်လက်ထက်တွင် နိုင်ငံရေးပါတီအချို့ ပြောခွင့်မရသည့်အတွက် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်အတွက် မေးစရာဖြစ်လာကြောင်း နိုင်ငံရေးလေ့လာသူများက မှတ်ချက်ပြုသည်။

“ နိုင်ငံရေးအရ ပြောဆိုမယ့် စကားတွေကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့်တွေဆုံးရှုံးတယ်လို့ အဲဒီလို ယူဆလို့ရနိုင်တယ်။ ပြီးရင် ရွေးကောက်ပွဲကော်မရှင်က ဘာပဲပြောပြော ပြည်သူ့အစိုးရလက်ထက်မှာ ပိုပြီးတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပိုပြီးတင်းကျပ်မှုတွေ လုပ်လာတယ်လို့ ခံစားမိတယ်” ဟု ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ၏ နိုင်ငံပိုင်ရုပ်သံမှ မဲဆွယ်ဟောပြောချက်များကို ဆင်ဆာဖြတ်တောက်ခြင်းသည် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ကို အကြီးအကျယ် ထိခိုက်စေကြောင်း အသံအဖွဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ထောက်ပြသည်။

“ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေရဲ့ နိုင်ငံပိုင်ရုပ်သံကနေ မဲဆွယ်ဟောပြောချက်တွေကို ဆင်ဆာဖြတ်တောက်နေတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ်ထိခိုက်စေပါတယ်။ တရားဝင်နိုင်ငံရေးပါတီတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုတောင် အာမခံမပေးနိုင်ရင် သာမန်အဖွဲ့အစည်း၊ သာမန်ပြည်သူလူထုရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ ပိုပြီးအလှမ်းဝေးသွားနိုင်ပါတယ်။ နောက်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများမှာလည်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေနိုင်တဲ့ စည်းရုံးလှုံ့ဆော်မှုတွေပြုလုပ်ရင် အဲဒီပါတီကို ပယ်ဖျက်ရမယ်လို့သာ ပြဋ္ဌာန်းထားပါတယ်။ အခုသူတို့ ဖြတ်တောက်လိုက်တဲ့ စာသားတွေက အဲဒီလိုသဘောသက်ရောက်တာ တစ်ခုမှမပါဘူး။ ဒီလုပ်ရပ်ဟာ ဥပဒေမှာပါတဲ့ လုပ်ပိုင်ခွင့်ကိုလည်း ကော်မရှင်က ကျော်လွန်ဆောင်ရွက်သလို ဖြစ်နေပါတယ်” ဟု မောင်ဆောင်းခက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆင်ဆာဖြတ်တောက်မှုသည် စစ်အစိုးရခေတ် စာပေစိစစ်ရေးကို ပြန်လည်သတိရစေကြောင်း တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် စက်တင်ဘာ ၃၀ ရက်က ရေးသားထားသည်။

“ ၂၀၂၀ ရွေးကော်ရဲ့ ဒီဖြတ်တောက်မှုတွေဟာ စစ်အစိုးရခေတ် စာပေစိစစ်ရေးကို ပြန်လည်သတိရ‌စေပါတယ်။ ဒါ့အပြင် ၂၀၁၅ မှာ တောင်ပြောလို့ရတဲ့ အကြောင်းအရာ‌တွေကို ၂၀၂၀ ရွေးကောက်ပွဲမှာ ပြောလို့မရတာက ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အတွက် မေးစရာဖြစ်လာပါတယ်” ဟု ဦးမောင်မောင်စိုးက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများက ဟောပြောတင်ပြလိုသည့် စာမူကို လိုအပ်သလို စိစစ်ပြီး ခွင့်ပြုမိန့်ထုတ်ပေးခြင်း သို့မဟုတ် ပြန်လည်ပြင်ဆင်ရေးသားစေပြီး ခွင့်ပြုမိန့် ထုတ်ပေးခြင်းပြုမည်ဟု တရားဝင်ကြေညာ၍ လုပ်ဆောင်သည်ဆိုသော်လည်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ဖို့ဆိုလျှင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၏ ပြောဆိုစည်းရုံးခွင့်ကိုလည်း လွတ်လပ်ခွင့်ပေး၊ မပေး မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “၂၀၂၀ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ အကူးအပြောင်းခေတ်နဲ့ ပြည်သူရွေးချယ်ထားတဲ့ အစိုးရခေတ်မှာ ပြုလုပ်တဲ့ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ အရင်ရွေးကောက်ပွဲများထက် ပိုပြီးတော့ သန့်ရှင်းတဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ အခုလို ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆင်ဆာဆိုတာက ကျွန်တော်တို့ မျှော်လင့်ထားတဲ့ သန့်ရှင်းတဲ့၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဆိုတာ မဖြစ်တော့ဘူးလို့ မီးမောင်းထိုးပြလိုက်တဲ့ ဖြစ်ရပ်ဖြစ်တယ်လို့ ရှုမြင်မိပါတယ်။ ဒါဟာ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာကိုလည်း ပျက်ပြယ်သွားစေပါတယ်။ တကယ်တော့ နိုင်ငံရေးပါတီများဟာ သူတို့ရဲ့အမြင်၊ ပေါ်လစီတွေကို လွတ်လပ်စွာချပြခွင့် ရရှိရပါမယ်” ဟု မှတ်ချက်ပြုသည်။

Most Read

Most Recent