COVID-19 ဒုတိယလှိုင်း၊ စက်ရုံများ ပိတ်သိမ်းရမည့်အခြေအနေနှင့် ငါးသောင်းကျော်မှသည် သိန်းဂဏန်းဝန်းကျင်အထိ ဖြစ်လာနိုင်သည့် အလုပ်လက်မဲ့ပြဿနာ

COVID-19 ဒုတိယလှိုင်း၊ စက်ရုံများ ပိတ်သိမ်းရမည့်အခြေအနေနှင့် ငါးသောင်းကျော်မှသည် သိန်းဂဏန်းဝန်းကျင်အထိ ဖြစ်လာနိုင်သည့် အလုပ်လက်မဲ့ပြဿနာ
စက်ရုံတစ်ရုံတွင် လုပ်ငန်းခွင် ဝင်ရောက်မည့် အလုပ်သမားများကို တွေ့ရစဉ်
စက်ရုံတစ်ရုံတွင် လုပ်ငန်းခွင် ဝင်ရောက်မည့် အလုပ်သမားများကို တွေ့ရစဉ်
Published 27 September 2020
နီလာ၊ ဆန်းထူးအောင်၊ မျိုးထွန်း

(၁)

ကုလသမဂ္ဂ၏ အလုပ်သမားရေးရာ အေဂျင်စီဖြစ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အလုပ်အကိုင်ဆုံးရှုံးမှုသည် ယခင်ထင်ထားသည်ထက် ပိုမိုဆိုးရွားနေပြီး အလုပ်အကိုင် သန်းနှင့်ချီဆုံးရှုံးမှုနှင့်အတူ အလုပ်သမားများ၏ ဝင်ငွေကျဆင်းမှုသည် အလွန်အမင်းကြီးမားနေကြောင်း စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် အလုပ်ချိန်များ ကျဆင်းမှုသည် ယခင်နှစ် ဒီဇင်ဘာနှင့်နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ်ဝက်တွင် ၁၇ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အချိန်ပြည့်အလုပ်အကိုင်သန်း ၅၀၀ နီးပါးဆုံးရှုံးမှုနှင့် ညီမျှကြောင်း ILO က လေ့လာမှုအသစ်တွင် တွေ့ရှိခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အလုပ်အကိုင် သန်း ၁၀၀ ခန့် ဆုံးရှုံးနိုင်ကြောင်း ILO က ဇွန်လတွင် ထုတ်ပြန်သော ခန့်မှန်းချက်၌ ‌ဖော်ပြခဲ့သည်။

“ ကပ်ဘေးသက်ရောက်မှုက အလွန်ကြီးမားပါတယ်” ဟု ILO ၏ ဥက္ကဋ္ဌ ဂီရိုင်ဒါက အွန်လိုင်းသတင်း စာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး ကမ္ဘာတစ်ဝန်း အလုပ်သမားများ၏ ဝင်ငွေကျဆင်းမှုသည် ယခုနှစ် ပထမကိုးလတွင် ယခင်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၁၀ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

အလုပ်သမားများ၏ ဝင်ငွေကျဆင်းမှုသည် ဒေါ်လာ ၃ ဒသမ ၅ ထရီလျံအထိရှိပြီး ကမ္ဘာ့ဂျီဒီပီ၏ ၅ ဒသမ ၅ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း ILO က ပြောကြားခဲ့သည်။ ကျန်းမာရေးစိန်ခေါ်မှုများအပြင် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရန်အတွက် ပိတ်ဆို့ထိန်းချုပ်မှုများ၊ ခရီးအသွားအလာကန့်သတ်မှုများ၊ အခြားအရေးယူဆောင်ရွက်ချက်များကြောင့် ကမ္ဘာတစ်ဝန်းမှ အလုပ်အကိုင်အများအပြားကို ဆုံးရှုံးစေခဲ့ပြီး ဝင်ငွေများလည်း ကျဆင်းစေခဲ့သည်။

၂၀၂၀ ပြည့် နောက်ဆုံးသုံးလတွင် အလုပ်အကိုင်ဆုံးရှုံးမှုနှင့် ဝင်ငွေ သက်ရောက်မှုသည် ဇွန်လထုတ် အစီရင်ခံစာတွင် ခန့်မှန်းထားသည်ထက် ပိုဆိုးနိုင်ကြောင်း ILO က သတိပေးခဲ့သည်။

ကမ္ဘာတစ်ဝန်း အလုပ်ချိန် လျော့ကျမှုသည် ယခင်နှစ် နောက်ဆုံးသုံးလပတ်ကထက် ၄ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းမည်ဟု ILO က ယခင်အစီရင်ခံစာတွင် ခန့်မှန်းထားသည်။ သို့သော် အလုပ်ချိန်ကျဆင်းမှုသည် ၈ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိလာနိုင်သည်ဟု ILO က ခန့်မှန်းခဲ့ပြီး ယင်းသည် အချိန်ပြည့် အလုပ်အကိုင် ၂၄၅ သန်း ဆုံးရှုံးမှုနှင့် ညီမျှလိမ့်မည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အင်အားကြီးစနိုင်ငံများမှ အလုပ်သမားများ ပို၍အထိနာနိုင်ပြီး အထူးသဖြင့် ပုံမှန်မဟုတ်သော အလုပ်အကိုင်များကို ယခင်အကျပ်အတည်းများထက် ပို၍သက်ရောက်နိုင်သည်ဟု ILO က ရှင်းပြခဲ့သည်။

လုပ်ငန်းခွင် တင်းကျပ်မှုများကို လျှော့ချပေးနေသော်လည်း ကမ္ဘာ့အလုပ်သမားများ၏ ၉၄ ရာခိုင်နှုန်းသည် လုပ်ငန်းခွင်တင်းကျပ်မှုများ ထားရှိသည့်နိုင်ငံများတွင် နေထိုင်နေသူများ ဖြစ်ကြောင်း ILO က ထောက်ပြခဲ့သည်။ အလုပ်သမားများအတွက် အလုပ်အကိုင်အခြေအနေသည် ပို၍ဆိုးရွားလာနိုင်ကြောင်း ILO ၏အလုပ်အကိုင်ရေး ရာမူဝါဒ ဌာနခေါင်းဆောင် ဆန်ဟီရွန်လီက သတိပေးခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ကူးစက်မှုများသည် ပို၍တင်းကျပ်သောပိတ်ဆို့မှုများ၊ ကန့်သတ်မှုများကို ဆောင်ကြဉ်းလာပါက အလုပ်အကိုင်စျေးကွက်ကို သက်‌ရောက်မှုသည် ဒုတိယသုံးလပတ်ကထက် ပိုဆိုးနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

(၂)

မြန်မာနိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကူးစက်မှုသည် စက်တင်ဘာ ၂၆ ရက် ညပိုင်းအထိ ရရှိသောစာရင်းများအရ ဓာတ်ခွဲအတည်ပြုလူနာ ၉၉၉၁  ဦးအထိ ရှိလာပြီး သေဆုံးသူ ၁၉၈ ဦးအထိ ရှိလာသည်။ အာဆီယံနိုင်ငံများအနက် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တတိယမြောက်အများဆုံးနိုင်ငံ ဖြစ်လာသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု ၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများ တွေ့ရှိရမှုများပြားလာသဖြင့် ရောဂါကူးစက်ပြန့်နှံမှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများကို မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးတွင် ကိုကိုးကျွန်းအပ ကျန်မြို့နယ်များ အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာလိုက်သည်။

အစိုးရဌာနများမှနိုင်ငံဝန်ထမ်းများအနေဖြင့် နှစ်ပတ်ရုံးတက် နှစ်ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်းများ ဆောင်ရွက်စေခဲ့သည်။ ပုဂ္ဂလိက လုပ်ငန်းများမှအချို့ကို Stay at Home အစီအစဉ်မှ ခြွင်းချက်ထား၍ ခွင့်ပြုခဲ့သည်။

ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ လုပ်ငန်းခွင်သွားရောက်ခွင့်မပြုရန် ထုတ်ပြန်ချက်ကို စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါအမိန့်သည် စက်တင်ဘာ ၂၁ ရက် နံနက် ၈ နာရီတွင် စတင်သက်ရောက်ခဲ့သည်။

အချို့သောကုမ္ပဏီ၊ အဖွဲ့အစည်းများမှာ ရုတ်တရက်ပြင်ဆင်ချိန်မရဘဲ ရုံးပိတ်ခဲ့ရသဖြင့် နေအိမ်မှနေ၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီအချို့မှ ဝန်ထမ်းများထံမှ သိရသည်။

ပြည်ပမှ အော်ဒါအမှာစာများဖြင့် ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခသာစားရသည့် (CMP) စက်ရုံ၊ အလုပ်ရုံများတွင် အခက်အခဲများကြုံတွေ့ခဲ့ရသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

CMP အထည်ချုပ်လုပ်ငန်းများ၏ ထုတ်လုပ်မှုတန်ဖိုးသည် လေးနှစ်အတွင်း ၁၀ ဆ တိုးတက်လာခဲ့ပြီး ယခုနှစ်ဒေါ်လာ ငါးဘီလျံခန့်အထိ တိုးတက်လာနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

အစိုးရသစ် စတင်တာဝန်ယူချိန်၌ အထည်ချုပ် (CMP) ၏ ထုတ်လုပ်မှုတန်ဖိုးမှာ ဒေါ်လာသန်း ၅၀၀ နှင့် အလုပ်အကိုင် လေးသိန်းခန့် ဖန်တီးပေးနိုင်ခဲ့သည်။

အစိုးရသက်တမ်းလေးနှစ်တာကာလအတွင်း အထည်ချုပ်လုပ်ငန်းများ (CMP) ၏ ထုတ်လုပ်မှုတန်ဖိုးသည် ၁၀ ဆတိုးတက်လာပြီး အစိုးရသက်တမ်း စတုတ္ထနှစ်တွင် ဒေါ်လာငါးဘီလျံခန့်အထိ တိုးတက်လာနိုင်မည့် အခြေအနေရှိကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုသည်။

လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမား ခြောက်သိန်းခန့်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ပြီး ယင်းအနက် ၉၅ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်းကို ပိုမိုဖန်တီးပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ပထမလှိုင်းဖြစ်ပွားခဲ့စဉ်က တရုတ်နိုင်ငံမှ ကုန်ကြမ်းတင်သွင်းရန် အခက်အခဲများကြုံခဲ့ရပြီး လက်ရှိ ကိုဗစ်ဒုတိယလှိုင်းသည် ပထမလှိုင်းထက် ပိုကြီးနိုင်ကြောင်း ရန်ကုန်မြို့ရှိ စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက  ပြောကြားခဲ့သည်။

(၃)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ အပြီးပိတ်သိမ်းသည့် စက်ရုံ ၅၆ ရုံအပါအဝင် ယာယီပိတ်သိမ်းခြင်းနှင့် လုပ်သားအင်အားလျှော့ချသည့် စက်ရုံ ၁၇၃ ရုံရှိကာ အလုပ်သမား ၄၁၃၉၅ ဦး အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်အမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားထားသည်။

သြဂုတ် ၃၁ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် လမ်းမတော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမာက ကိုဗစ်ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ပိတ်သိမ်းသွားသော စက်ရုံ၊ အလုပ်ရုံအရေအတွက် မည်မျှရှိပါသလဲ။ ထိုစက်ရုံ၊ အလုပ်ရုံများသည် စက်ရုံစတင်ဖွင့်လှစ်သည့် ကာလက ထားရှိခဲ့သော ကတိကဝတ်များအတိုင်း ဆောင်ရွက်ခဲ့ပါသလား။ ဆောင်ရွက်ခဲ့လျှင် ဥပမာ အချက် သုံး-လေးချက်ကို ပြောပြပေးပါ။ ဆောင်ရွက်မှုမရှိလျှင် ဘာကြောင့်ပါလဲ။ ပိတ်သိမ်းသွားသော အလုပ်ရုံ၊ စက်ရုံများမှ အလုပ်သမားများ ရရှိခဲ့သည့်ခံစားခွင့်များကို သိလိုပါသည်။ အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမားများအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် အခြားအလုပ် ပြန်လည်လုပ်ကိုင်နိုင်စေရေးအတွက် စီမံကိန်းများရှိလျှင် သိရှိလိုပါကြောင်း မေးခွန်းကို ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ အပြီးပိတ်သိမ်းထားတဲ့ စက်ရုံပေါင်း ၅၆ ရုံအပါအဝင် ယာယီပိတ်သိမ်းခြင်းနဲ့ အင်အားလျှော့တဲ့ စက်ရုံအလုပ်ရုံပေါင်း ၁၇၃ ရုံရှိပါတယ်။ ဒီ ၁၇၃ရုံ မှာ အလုပ်သမားများ ၄၁၃၉၅ ဦး အလုပ်လက်မဲ့ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ သို့သော် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားများသည် မိမိတို့ အသက်ရှင်နေထိုင်ရေးနဲ့ အလုပ်အကိုင် ပြန်လည်ရရှိနိုင်ရေးအတွက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ကပ်ထားကြော်ငြာပေးထားတဲ့ စက်ရုံအလုပ်ရုံများမှာ ပြန်လည်လျှောက်ထား ဆောင်ရွက်နေတဲ့ အလုပ်သမား အများအပြားရှိနေပြီ ဖြစ်တယ်ဆိုတာ ဖြေကြားလိုပါတယ်” ဟု ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

ထို့ပြင် ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ ပုဒ်မ ၈ (၁) အရ လုပ်ငန်းပိုင်ရှင်သည် အဆောက်အအုံ၌ စတင်ပြီးလုပ်ငန်းလုပ်ခြင်း၊ သို့မဟုတ် အဆောက်အအုံကို အသုံးမပြုမီ အနည်းဆုံး ၁၅ ရက်ကြိုတင်ကာ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံတွင် ရုံးစာ ပေးပို့ပြီး စက်ရုံစတင်ဖွင့်လှစ်မည့်ကာလများကို သတ်မှတ်ထားရှိပြီး ကတိကဝတ်အချက်များနှင့် စပ်လျဉ်းပြီး မိမိတို့ ဦးစီးဌာနမှ စည်းကြပ်ထားသည့် ဥပဒေတွင် ပါဝင်မှုမရှိသော်လည်း စက်ရုံအလုပ်ရုံများ စတင်ဖွင့်လှစ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ စတင်ပြီး လုပ်ကိုင်၍ အလုပ်တာဝန်များ ထမ်းဆောင်ချိန်မှစ၍ စက်ရုံအတွင်း၌ အလုပ်ရှင်နှင့် အလုပ်သမားအရေအတွက် အချိုးညီပါဝင်သော စက်ရုံတွင်းညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခြင်း၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသော အချက် ၂၁ ချက်ပါသည့် အလုပ်ခန့်ထားမှုဆိုင်ရာ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်များချုပ်ဆိုပြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ သက်ဆိုင်ရာမြို့နယ်ရုံးများတွင် အတည်ပြုချက်ရယူပြီး ဆောင်ရွက်စေကြောင်း ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ဆိုသည်။

လုပ်ခလစာနှင့် လုပ်သက်ခွင့်ရက်များအတွက် ခံစားခွင့်ငွေကြေးများကို လတ်တလောတွင် ဖြစ်ပေါ်လာသည့် ၁၇၃ ရုံနှင့် ပတ်သက်ပြီး အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးခံစားခွင့်များကို အလုပ်ရှင်နှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနက ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လုပ်ခနစ်နာကြေးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံး၊ မြို့နယ်ရုံးများအနေဖြင့် အလုပ်ရုံ၊ စက်ရုံပိတ်သိမ်းခြင်းများအား အလုပ်သမားများက ကျေနပ်မှုမရှိကြောင်း တိုင်ကြားလာပါက ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေအရ အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုအဖြစ် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က စစ်ဆေးဆောင်ရွက်ပြီး လုပ်သက်အလိုက် နစ်နာကြေးများရရှိရန် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

COVID-19 ဒုတိယလှိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၌ ယခုလကုန်မှစပြီး အလုပ်သမားလျှော့ချခြင်း၊ ယာယီပိတ်ခြင်းနှင့်အပြီး ပိတ်သိမ်းမည့်စက်ရုံ ၂၂၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က စက်တင်ဘာ ၂၃ ရက်က ပြောကြားသည်။

“ စက်ရုံကပိတ်သိမ်းဖို့ တင်ပြထားတာ ၂၂၃ ရုံ ရှိတယ်။ အဲဒါက ယာယီပိတ်တာ၊ အပြီးပိတ်တာရယ်၊ လုပ်သားအင်အား လျှော့တာပါတယ်။ အပြည့်အဝပိတ်သိမ်းမယ့် စက်ရုံ ၅၃ ရုံ၊ အင်အားလျှော့စက်ရုံ ၁၄၆ ရုံ၊ ကျန်တာကတော့ ယာယီပိတ်တာ။ အဲဒါတွေက ဒီလကုန်ပိတ်သိမ်းဖို့ တင်ပြထားတဲ့စက်ရုံတွေ စာရင်းဖြစ်တယ်” ဟု ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

ယင်းကဲ့သို့ လုပ်သားအင်အား အလျှော့ခံရသူများအား နေ့ချင်းပြီး အလုပ်သမားကတ်များ ဆောင်ရွက်ပေးမည်ဖြစ်ပြီး အခြားစက်ရုံများက လူခေါ်ပါက ဦးစားပေးလျှောက်ထားမှုများ ပြုလုပ်ပေးမည်ဟုလည်း ၎င်းက ဆိုသည်။

“ လုပ်သားအင်အား အတိအကျပြောဖို့က နည်းနည်းတော့ခက်တယ်။ ဒီနေ့အလုပ်ကနေ ယာယီ ရပ်နား၊ ဒီအလုပ်မှာပြန်ဆင်းဖို့ အပြီးပိတ်သိမ်းပြီဆိုရင် လုပ်သားတွေက စားဝတ်နေရေးအတွက် ချက်ချင်း အလုပ်ပြန်ရှာရတာဆိုတော့ ပြန်ပြီး အလုပ်ရသွားလို့လည်း လည်ပတ်နေတာရှိတယ်။ လုပ်သားအင်အားက စာရင်းအရကြည့်မယ်ဆိုရင် ၄၀၀၀၀ ကျော် ၅၀၀၀၀ ကျော်မှာရှိတယ်လို့ ပြောလို့ရတယ်” ဟု ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

(၄)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်အမှတ် ၁၀၇/ ၂၀၂၀ တွင် အလုပ်ပိတ်ရက်များအတွက် လုပ်ခလစာပေးချေမှု မပါရှိသောကြောင့် အလုပ်ရှင်နှင့် အလုပ်သမားများအကြား များစွာသောအငြင်းပွားမှုများ ဖြစ်ပေါ်ပြီး လုပ်ငန်းခွင်တည်ငြိမ်မှု ပျက်ယွင်းကာ လုပ်ငန်းခွင်ဆက်ဆံရေးထိခိုက်မည်ကို မိိမိတို့မှာ အထူးပင်စိုးရိမ်မိပါသည်။

သို့ဖြစ်ပါ၍ လုပ်ငန်းခွင်သို့ မသွားရောက်ရန် ကန့်သတ်ထားသည့်ကာလအတွက် အစိုးရအနေဖြင့် လူမှုဖူလုံရေးအကျိုးခံစားခွင့် ရန်ပုံငွေမှာ ရာခိုင်နှုန်း ၆၀ နှင့် အလုပ်ရှင်မှ ရာခိုင်နှုန်း ၄၀ ပေါင်းစပ်၍ အလုပ်သမားများအား အနည်းဆုံးလုပ်ခလစာ အပြည့်ပေးချေရန်နှင့် လူမှုဖူလုံရေးအာမခံစနစ် အကျိုးခံစားခွင့် ရန်ပုံငွေနှင့် အကျုံးဝင်သော်လည်း အလုပ်ရှင်မှ ထည့်ဝင်ခဲ့ခြင်းမရှိသော အလုပ်သမားများအတွက် အလုပ်ရှင်မှ လူမှုဖူလုံရေးဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်ပေးရန်၊ လူမှုဖူလုံရေး အာမခံစနစ် အကျိုးခံစားခွင့် ရန်ပုံငွေနှင့် အကျုံးမဝင်သော အလုပ်သမားများအတွက် အစိုးရ၏ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အရေးပေါ်ရန်ပုံငွေမှ ရာခိုင်နှုန်း ၆၀ နှင့်အလုပ်ရှင်မှရာခိုင်နှုန်း ၄၀ ပေါင်းစပ်၍ အလုပ်သမားများအား အနည်းဆုံး လုပ်ခလစာအပြည့်ပေးချေရန်အတွက် မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်း ပေါင်းစုံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS) အပါအဝင် အလုပ်သမားအရေးစုပေါင်း ဆောင်ရွက်ကြသော အစုအဖွဲ့ ၁၃ ဖွဲ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုထားသည်။

COVID-19 ကြောင့် စက်ရုံ၊ အလုပ်ရုံ ယာယီပိတ်သိမ်းမည့် ကာလအတွင်း လူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်းထားခြင်းမရှိသည့် အလုပ်သမားများကို နိုင်ငံတော်အစိုးရက ထောက်ပံ့မည်ဖြစ်ရာ အလုပ်ရှင်များကလည်း ပူးပေါင်းထောက်ပံ့ပေးစေလိုကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင် မှတ်ပုံတင်ထားသောပုဂ္ဂလိက ပိုင်စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမားများအနက် Stay at Home အစီအစဉ်၌ အကျုံးဝင်သော ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံ အလုပ်သမားများအတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေပုဒ်မ ၁၀၀ ပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ဥပဒေပုဒ်မ ၃၁ (ခ) (၂) နှင့် နည်းဥပဒေ ၁၃၆ (ခ) တို့အရ ၆/၂၀၂၀ မတိုင်မီ ထည့်ဝင်ကြေးငွေအနည်းဆုံး ၃၆ လ ပေးသွင်းထားခြင်းမရှိစေကာမူ ၆/၂၀၂၀ လအတွက် ထည့်ဝင်ကြေး ပေးသွင်းထားပြီး စက်တင်ဘာ ၂၃ ရက်အထိ အလုပ်လုပ်ကိုင်နေသည့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမားများအား ၆/၂၀၂၀ လအတွက် ပေးသွင်းထားသော လုပ်ခလစာ၏ ရာခိုင်နှုန်း ၄၀ ကို အာမခံ အလုပ်သမားနှင့် မိသားစုများအတွက် ငွေကြေးထောက်ပံ့မှုခံစားခွင့်အဖြစ် ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့က ထုတ်ပြန်ထားသည်။

“ အလုပ်သမားတွေရဲ့အခက်အခဲအနေနဲ့ ပထမတစ်ချက်ကတော့ အလုပ်သမားတွေက လုပ်ခလစာက ရာခိုင်နှုန်း ၄၀ ပဲဆိုတဲ့အခါကျတော့ ဒါကပွင့်ပွင့်လင်းလင်းပြောရရင် လုံလောက်တဲ့ ပမာဏမဟုတ်ဘူးပေါ့။ အလုပ်သမားတွေအနေနဲ့ ဒီ ၁၄ ရက်တာ ကာလအတွင်းမှာ ရာခိုင်နှုန်း ၄၀ ပဲ သူတို့အနေနဲ့ နေရမယ် ဆိုတဲ့အခါကျတော့ ဒါကတော့ ဘယ်လိုမှ အဆင်မပြေတော့တဲ့ ပုံစံမျိုး သက်ရောက်သွားတာပေါ့လေ။ ဒါကတော့လုပ်ခလစာနဲ့ ပတ်သက်တာဖြစ်ပါတယ်။ နောက် ဒုတိယတစ်ချက်ကတော့ ကျွန်တော်တို့ တချို့လုပ်ငန်းတွေက အကျုံးမဝင်ဘူးဖြစ်နေတာပေါ့နော်။ လူမှုဖူလုံရေးစနစ်နဲ့ပေါ့။ အဲဒီတော့ လူမှုဖူလုံရေးစနစ်နဲ့ အကျုံးမဝင်သော အလုပ်သမားတွေကျတော့လည်း စိုးရိမ်ရတယ်။ ဘာလို့လဲဆိုတော့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ အကျုံးမဝင်သော အလုပ်သမားတွေအတွက်ကို ဘယ်လိုလုပ်ပေးမလဲဆိုတာ မပါဘူးဖြစ်တယ်။ မပါတော့ ဒီအလုပ်သမားတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အစိုးရမှာလည်း မရှိဘူး။ လူမှုဖူလုံရေးမှာလည်း မရှိဘူး။ နောက်အလုပ်ရှင်ကလည်း တာဝန်မယူဘူး ဆိုတာမျိုးဖြစ်လာတော့ ဒါလေးတွေကတော့ ဒီအလုပ်သမားတွေအတွက် စိတ်မကောင်းစရာ ဖြစ်လာတာပေါ့နော်” ဟု မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောကြားသည်။

ထို့ပြင် အဆိုပါ ၁၄ ရက် ကာလအတွင်း အလုပ်ရှင်အနည်းစုခန့်သာ အလုပ်သမားများကို လုပ်ခလစာ အပြည့်ပေးမည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း သိရသည်။

“ ဒီ၁၄ရက်ကာလမှာ အလုပ်ရှင်အနည်းစုလောက်ကပဲ အလုပ်သမားတွေကို လုပ်ခလစာအပြည့် ပေးမယ်ဆိုတာမျိုး ကြေညာတာ တွေ့ပြီးတော့ မပေးဘူး။ ပိတ်ရက်အတွင်းမှာ No Work No Pay ကိုပဲ ကျင့်သုံးတယ်ဆိုတာမျိုး သဘောထားသေးသိမ်တာတွေ မြင်ရတဲ့အခါကျတော့ နိုင်ငံတော်အတွက် စိတ်မကောင်း ဖြစ်ရပါတယ်” ဟု ဦးသက်နှင်းအောင်က ဆက်လက်ပြောကြားသည်။

စက်ရုံ အလုပ်ရုံ ရပ်နားထားရသည့် နှစ်ပတ်ကျော်ကာလတွင် အလုပ်သမားများကို အလုပ်ထုတ်သည့်ကိစ္စများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်လိမ့်မည်ဟု သုံးသပ်ကြောင်း အလုပ်သမားအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ လတ်တလောအနေအထားမှာ အလုပ်ရှင်တွေအနေနဲ့ အလုပ်ထုတ်မှုကို ချက်ချင်းဆောင်ရွက်လို့ မရတဲ့ အခြေအနေဖြစ်သွားတယ်။ အဲဒီတော့ ဒီသုံးရက်တာ ကာလအတွင်းမှာ အလုပ်သမားအသစ်ရှာဖို့ဆိုတာက အဆင်မပြေဘူးပေါ့နော်။ အဲဒါကြောင့် ဒီနှစ်ပတ်တာ ကာလမတိုင်ခင်မှာတော့ အလုပ်ဖြုတ်တာကို သူတို့လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနှစ်ပတ်တာ ပြီးသွားရင်တော့ သူတို့အနေနဲ့ အလုပ်သမားတွေကို အလုပ်ဖြုတ်တာတွေ လုပ်လာနိုင်ပါတယ်” ဟု ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

ထို့ပြင် ကိုဗစ်ဒုတိယကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် စက်တင်ဘာလကုန်မှစ၍ အလုပ်သမားလျှော့ချမှု၊ ယာယီပိတ်သိမ်းမှုနှင့် အပြီးပိတ်သိမ်းမည်ဆိုကာ စာရင်းတင်ပြထားသည့် စက်ရုံပေါင်း ၂၂၀ ကျော် ရှိနေသည်။

“ အလုပ်သမားစုစုပေါင်းအရတော့ ၄၀၀၀၀ ကျော်လောက် ဆက်ပြီးတော့ အလုပ်လက်မဲ့ ဖြစ်သွားမယ့် အနေအထားလို့ ကျွန်တော်တို့ သုံးသပ်လို့ရတယ်။ ဒါက Informal Sector တွေ မပါသေးဘူး။ Formal Sector တွေပဲ ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က ဒီ Informal Sector တွေကိုပါ ထည့်တွက်မယ်ဆိုရင် အနည်းဆုံးတော့ အလုပ်သမား သိန်းဂဏန်းဝန်းကျင်ခန့်လောက်တော့ အလုပ်လက်မဲ့ဖြစ်သွားမယ့် အနေအထားလို့ သုံးသပ်ရမယ်ခင်ဗျ” ဟု မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောကြားသည်။

(၅)

ရန်ကုန်တိုင်းအတွင်း လူမှုဖူလုံရေးကြေး မှတ်ပုံတင်ထားခြင်းမရှိသည့် အလုပ်သမား ခြောက်သိန်းကျော်အား တစ်ဦးလျှင် ကျပ် ၃၀၀၀၀ ထောက်ပံ့မည်ဖြစ်ကြောင်း ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က စက်တင်ဘာ ၂၆ ရက်က ပြောကြားသည်။

“ အစ်မတို့ ပြည်ထောင်စု အစိုးရရဲ့ညွှန်ကြားချက်နဲ့အညီ Stay at Home ကာလမှာ ထောက်ပံ့ကြေးပေးဖို့ ရည်ရွယ်တာပါ။ လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားတဲ့ ဝန်ထမ်းတွေက ထောက်ပံ့ကြေး ရာခိုင်နှုန်း ၄၀၊ မှတ်ပုံတင်ထားတဲ့ ဝန်ထမ်းအတွက် သက်ဆိုင်ရာက တာဝန်ယူဆောင်ရွက်မှာဖြစ်ပြီးတော့ အကျုံးမဝင်တဲ့ အလုပ်သမားတွေအတွက် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အစိုးရတွေရဲ့ ကွပ်ကဲမှုတွေနဲ့အညီ အလုပ်သမားဌာနတွေနဲ့ ပေါင်းစပ်ပြီးပေးဖို့ ဖြစ်ပါတယ်” ဟု ဒေါ်မိုးမိုးစုကြည်က ဆိုသည်။

အဆိုပါထောက်ပံ့ကြေးပေးမည့်အချိန် ကာလအား လတ်တလောတွင် အတိအကျ မပြောနိုင်သေးကြောင်း၊ မှတ်ပုံတင်ထားသည့် အလုပ်သမားစာရင်းသည် ဌာနတွင် ရှိသော်လည်း မှတ်ပုံမတင်ထားသည့် အလုပ်သမား စာရင်းကို ပြန်လည်ကောက်ယူရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ အမြန်ဆုံး ကောက်ယူနိုင်အောင် ဆောင်ရွက်ပြီး အမြန်ဆုံး ပေးဝေနိုင်အောင် ကြိုးစားမယ်။ ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး အစိုးရရဲ့ရည်ရွယ်ချက်တွေကတော့ ရသင့်ရထိုက်တဲ့သူရဖို့နဲ့ မရသင့်မရထိုက်တဲ့သူတွေ ရရှိသွားတာမဖြစ်အောင် သေသေချာချာစိစစ်ဖို့လိုတဲ့အတွက် အချိန်ယူဆောင်ရွက်ပြီး ပေးသွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

လူမှုဖူလုံရေးမှတ်ပုံတင်ထားခြင်းမရှိသည့် အလုပ်သမားစာရင်းသည် လွန်ခဲ့သည့် တစ်နှစ်ကကောက်ယူခဲ့သည့် အလုပ်သမား စစ်တမ်းများအရ အလုပ်သမားခြောက်သိန်းကျော်ရှိကြောင်း၊ လတ်တလောတိုးပွားမှုများ ရှိနိုင်သကဲ့သို့ လျော့ကျမှုလည်း ရှိနိုင်ကြောင်းနှင့် ထောက်ပံ့သွားမည့်ငွေကြေး စုစုပေါင်း ကျပ် ၂၀ ဒသမ ၅၆၃ ဘီလျံဖြစ်ကြောင်း သိရသည်။

Stay at Home အစီအစဉ်တွင် ဖွင့်လှစ်ခွင့်မပြုထားသောလုပ်ငန်းများမှ လူမှုဖူလုံရေး ထည့်ဝင်ကြေး ပေးသွင်းထားသော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများကို ၂၀၂၀ ပြည့်နှစ် ခြောက်လပိုင်းအထိ ပေးသွင်းထားပါက လုပ်ခလစာ၏ ရာခိုင်နှုန်း ၄၀ အထိ ထောက်ပံ့ပေးမည်ဖြစ်သည်။

လူမှုဖူလုံရေးမပေးထားသည့် အလုပ်သမားများအတွက် နိုင်ငံတော်အစိုးရက တစ်ဦးလျှင် ကျပ် ၃၀၀၀၀ စီ ထောက်ပံ့ရန် စီစဉ်နေပြီ ဖြစ်သည်။

ယင်းအတွက် လုပ်ခလစာများကို Online Payment ဖြင့် ပေးအပ်မည့်အစီအစဉ်၊ အလုပ်သမား စာရင်းများပြုစုနိုင်ရေး၊ Database တည်ဆောက်နိုင်ရေး၊ အလုပ်သမားများ စနစ်တကျမှတ်ပုံတင်နိုင်ရေးနှင့် အချက်အလက်များ တိကျမှန်ကန်မှုရရှိရန် စိစစ်နိုင်ရေး၊ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မူဝါဒချမှတ်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို တုံ့ပြန်ဖြေရှင်းရာတွင် ကျန်းမာရေးထက် စီးပွားရေးကို ပို၍အလေးထားရန် ILO ဥက္ကဋ္ဌ ရိုက်ဒါက တိုက်တွန်းခဲ့သည်။

အလုပ်အကိုင်စျေးကွက် ကျဆင်းမှုကို ရုန်းထွက်နိုင်သော ကမ္ဘာ့စီးပွားရေး၏ အရှိန်အဟုန်နှင့် စွမ်းပကားသည် ကိုရိုနာကပ်ဘေးကို ထိန်းချုပ်နိုင်စွမ်းနှင့် ဆက်စပ်နေကြောင်း ၎င်းက ပြောကြားသည်။ ထိုအချက်နှစ်ချက်သည်  အပြန်အလှန်ဆက်နွှယ်နေပြီး ထိုအခြေအနေကိုနားလည်ပြီး ဆောင်ရွက်ရန်လိုအပ်ကြောင်း ရိုက်ဒါက ပြောကြားခဲ့သည်။

ကမ္ဘာ့အစိုးရများက ဘဏ္ဍာရေးတွန်းအားပေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်းမရှိပါက အလုပ်အကိုင်စျေးကွက်ပျက်စီးမှုသည် ပို၍ဆိုးရွားလိမ့်မည်ဟု ILO အစီရင်ခံစာက ဖော်ပြခဲ့သည်။

မည်သို့ပင်ဆိုစေ၊ အလုပ်အကိုင်များ ဆုံးရှုံးရမှုသည် COVID-19 ဒုတိယလှိုင်း၌ ပထမလှိုင်းထက် ပိုမိုဆိုးရွားနိုင်ကြောင်း သတိပေးမှုများ ထွက်ပေါ်လာသည်နှင့်အညီ ရေတိုကာလအတွင်း အလုပ်အကိုင်များ ကပ်ရောဂါမဖြစ်မီက အနေအထားသို့ ပြန်လည်ရောက်ရှိရေးနှင့် စီးပွားရေးကျဆင်းမှု ထိန်းသိမ်းရေးတို့အတွက် အရေးပေါ်လုပ်ဆောင်မှုများ လုပ်ဆောင်ရန် မဖြစ်မနေ လိုအပ်လာပြီဖြစ်သည်။

Most Read

Most Recent