COVID-19 လူနာ လွန်စွာများပြားလာချိန် အရေးပါလာသည့် ပုဂ္ဂလိကဆေးရုံများ၏ အခန်းကဏ္ဍ

COVID-19 လူနာ လွန်စွာများပြားလာချိန် အရေးပါလာသည့် ပုဂ္ဂလိကဆေးရုံများ၏ အခန်းကဏ္ဍ
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် Quarantine စင်တာအဖြစ် အသုံးပြုမည့် အောင်မြင့်မိုရ်အိမ်ရာတွင် ပြင်ဆင်မှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ- သီဟအောင်)
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် Quarantine စင်တာအဖြစ် အသုံးပြုမည့် အောင်မြင့်မိုရ်အိမ်ရာတွင် ပြင်ဆင်မှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ- သီဟအောင်)
Published 27 September 2020
အိသဥ္ဇာကျော်၊ နရီမင်း

စက်တင်ဘာ ၂၆ ရက် ညပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာ ၉,၉၉၁ ဦး၊ သေဆုံးသူ ၁၉၈  ဦးရှိပြီ ဖြစ်သည်။ COVID-19 ပိုးတွေ့လူနာ အများစုမှာ ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ပြီး သြဂုတ် ၆ ရက်မှ စက်တင်ဘာ ၂၅ ရက်အထိ တစ်လကျော်အတွင်း လူနာ ၅,၀၀၀ ကျော်အထိ မြင့်တက်လာခြင်းဖြစ်သည်။ ပိုးတွေ့လူနာအများစုမှာ သင်္ဃန်းကျွန်း၊ အင်းစိန်၊ တောင်ဥက္ကလာ၊ လှိုင်၊ တာမွေ၊ မရမ်းကုန်း၊ သာကေတ၊ ကမာရွတ်၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ လမ်းမတော်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တို့မှဖြစ်ပြီး ရက်၂၀ အတွင်း COVID-19 ကြောင့် သေဆုံးသူ အဆ ၂၀ ကျော် မြင့်တက်လာပြီး အသက် ၂၁  နှစ်မှ ၄၀ နှစ်အကြား အသက်အရွယ်များတွင် ပိုးတွေ့ရှိမှု အများဆုံးဖြစ်နေသည်။

သေဆုံးမှု များပြားရခြင်း

လက်ရှိ သေဆုံးလူနာများနှင့် ပတ်သက်၍ ပြန်လည်သက်သာ ကောင်းမွန်သွားသော COVID-19 လူနာ၏ သွေးရည်ကြည်ဖြင့် COVID-19 ပိုးတွေ့လူနာများအား စမ်းသပ်ကုသနိုင်ရေး Ad hoc အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာရဲမြက “အခုဖြစ်နေတာ လူနာက Quarantine စင်တာကနေ ဆေးရုံကိုရွှေ့တဲ့အချိန် ဆေးရုံရောက်တာနဲ့ ဆုံးသွားပြီ။ ရောက်တယ် မကြာဘူး ဆုံးသွားတယ်။ ဒါတွေက ဘာလဲဆိုတော့ Late Pre Sentation တွေ ဖြစ်ပါတယ်။ အိမ်မှာဖျားတာကို ကိုယ့်ဟာနဲ့ကိုယ်နေပြီး တစ်ပတ်လောက်နေတော့ မသက်သာလာမှ လာတဲ့ဟာမျိုးတွေ အဲဒါတွေမျိုး နောက်ကျတာတွေလည်း ရှိတယ်။ စောစောစီးစီး မသိလိုက်တာတွေလည်း ရှိတယ်။ နောက်တစ်ခုကတော့ အောက်ဆီဂျင် လည်ပတ်မှုအရမ်းကျနေတာကို မသိလိုက်တာမျိုးပေါ့။ ဒါဟာ COVID-19 မှာ တော်တော်လေး ထူးခြားတဲ့ကိစ္စပါ။ လူက ကောင်းတယ် ထင်နေတယ်။ မမောဘူး သွားလာနေတယ်။ လမ်းလျှောက်နေတယ်။ ပြီးတော့မှ ဗြုန်းခနဲ ချက်ချင်းပဲ မောပြီးတော့ သေသွားတယ်ဆိုတာမျိုးတွေဖြစ်တယ်။ အထူးသဖြင့် ကျွန်တော်တို့က ပထမတစ်ပတ်လောက်မှာ ကောင်းနေတယ်ဆိုပြီးတော့ ဒုတိယတစ်ပတ်လောက်မှာ ဗြုန်းခနဲဆိုတာ မျိုးဖြစ်လာတာပါ။ အခုနောက်ပိုင်း သေဆုံးလူနာတွေကို ကြည့်ရင် Late Case တွေ ဖြစ်နေတဲ့အတွက် သေဆုံးမှု တော်တော်လေးကို များနေပါတယ်” ဟု ဆိုသည်။

အသက်ငယ်ရွယ်သူများနှင့် သက်လတ်ပိုင်းများ ပါဝင်လာ            

ယခင်က COVID-19 နှင့် ဆက်နွှယ်ပြီး သေဆုံးသူများတွင် အသက်အရွယ်ကြီးရင့်သူများသာ ရှိခဲ့သော်လည်း ဒုတိယလှိုင်းတွင်မူ အသက်ငယ်ရွယ်သူများ၊ သက်လတ်ပိုင်းများလည်း ပါဝင်လာခဲ့သည်။  

စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းအထိ COVID-19 ပိုးတွေ့လူနာ ၉,၁၁၂ ဦးအနက် ပြန်လည်ကောင်းမွန်သူ ၂၅၁၇ ဦးရှိပြီး COVID-19 လူနာများအနက် သေဆုံးနှုန်း ၁ ဒသမ ၉ ရာခိုင်နှုန်းရှိရာ ပြန်လည်ကောင်းမွန်မှု ၂၉ ရာခိုင်နှုန်းကျော်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။

လတ်တလော COVID-19 ပိုးတွေ့လူနာများအနက် အသက် ၂၁ နှစ်မှ ၄၀ နှစ်အကြား အသက်အပိုင်းအခြားမှာ အများဆုံးဖြစ်နေပြီး အသက် ၄၁ မှ ၆၀ နှစ်အရွယ် သက်ကြီးပိုင်းမှာ ဒုတိယအများဆုံး ဖြစ်နေရာ လက်ရှိ ပိုးတွေ့လူနာများနှင့် ပတ်သက်၍ COVID-19 လူနာများကို အဓိက ကုသပေးလျက်ရှိသော တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးမှ ပါမောက္ခဒေါက်တာ မိုးမိုးစမ်းက “တောင်ဥက္ကလာပဆေးရုံကြီးမှာ ဧပြီ ၁၈ ရက်ကနေ စက်တင်ဘာ ၂၀ ရက်အထိ တက်ရောက်ကုသနေတာ လူနာ ၂၄၀ ကျော်ပါပြီ။ ငါးလတာမှာ တွေ့ထားတဲ့ လူနာစာရင်းအရ ရောဂါသက်သာ ကောင်းမွန်ပြီး ဆင်းသွားနိုင်တဲ့သူ ရာခိုင်နှုန်း ၇၀ ကျော်ရှိပါတယ်။ အခုလောလောဆယ်ဆေးရုံမှာ ၂၇ ရာခိုင်နှုန်းကျော် တက်ရောက်ကုသနေတဲ့အထဲမှာ ခြောက်ယောက်ကတော့ ဆုံးပါးသွားတာကို တွေ့ရပါတယ်။ အဲဒီအထဲမှာ အသက် ၂၁ နှစ်နဲ့ ၄၀ ကြား အသက်အရွယ်တွေမှာ ပိုများနေတာ တွေ့ရပါတယ်။ ဒါက ဘာကြောင့်များသလဲဆိုတော့ သူတို့တွေသည် အပြင်ကို ထွက်နေကြရတယ်။ ရောဂါကူးစက်ဖို့ ပိုများတဲ့အသက်ဖြစ်နေတာကို တွေ့ရပါတယ်။ နောက် သြဂုတ် ၁၈ ရက်ကနေ စက်တင်ဘာ ၁၇ ရက်အတွင်းမှာဆိုရင် လူနာတွေ တက်လာတာများသလို အသက်သေဆုံးသွားတဲ့ လူနာတွေလည်း များလာပါတယ်။ အခုချိန်အထိလည်း ပိုးတွေ့လူနာအများစုက အသက် ၂၁ နှစ် နဲ့ ၄၀ ကြား အသက်အရွယ်တွေပါပဲ” ဟု ပြောကြားသည်။

လူနာများ ပြည့်လျှံလာသည့် ပြည်သူ့ဆေးရုံများ

သြဂုတ် ၁၆ ရက်နောက်ပိုင်း COVID-19 ပိုးတွေ့လူနာများမှာ ပြည်တွင်း၌ ကူးစက်သူများဖြစ်ပြီး သြဂုတ်လတွင် ပိုးတွေ့ရှိသူဦးရေ ၁၀၀ အောက်သာ တွေ့ရှိခဲ့ရာမှ စက်တင်ဘာ ၆ ရက်မှစ၍ ပိုးတွေ့လူနာ နေ့စဉ် ရာနှင့်ချီ မြင့်တက်လာခြင်းဖြစ်သည်။  

စက်တင်ဘာ ၂၃ ရက် တစ်ရက်အတွင်း ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၅,၈၇၂ ခု စစ်ဆေးခဲ့ပြီး COVID-19 ပိုးတွေ့လူနာသစ် ၈၆၉ ဦး ထပ်မံတွေ့ရှိခဲ့၍ COVID-19 ဖြစ်ပွားမှုကာလတစ်လျှောက် စံချိန်တင် ပိုးတွေ့ခဲ့ခြင်းနှင့်အတူ ယခင် ပထမလှိုင်းထက် ယခုဒုတိယလှိုင်းတွင် ရောဂါပြင်းထန်၍ အထူးကြပ်မတ်ကုသရသူ ဦးရေလည်း နေ့စဉ်မြင့်တက်နေဆဲ ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း လူနာဦးရေ အဆမတန်မြင့်တက်မှုကြောင့် ပြည်သူ့ဆေးရုံများတွင် လူနာများ ပြည့်လျှံနေမှုအပေါ် ဗိုလ်တထောင်မြို့နယ် Fever Clinic တာဝန်ခံ ဒေါက်တာမိုးနေမင်းက “လက်ရှိ ဆေးရုံတွေမှာ ဖျားတယ်၊ အနံ့ပျောက်တယ်ဆိုတာနဲ့ လက်မခံတော့ဘူး။ အဓိကနေရာ အခက်အခဲ၊ ခုတင်အခက်အခဲကြောင့်ပါ။ လက်ရှိဆေးရုံတွေမှာ လက်ခံတဲ့လူနာက အဖျားရှိတယ်၊ ချောင်းဆိုးတယ်။ ချောင်းဆိုးတာလည်း ပြင်းထန်တယ်။ ဒါမှမဟုတ် အဖျားရှိတယ်၊ ချောင်းဆိုးတယ်၊ အနံ့မရတော့ဘူး။ ဒီလိုမျိုး ရောဂါလက္ခဏာ နှစ်ခု သုံးခုတွဲနေပြီး ပြင်းထန်တော့မှပဲ လက်ခံတော့တယ်။ အခုဒီလိုတွေကြောင့် အရမ်း မပြင်းထန်ဘူး။ အန့ံပျောက်လူနာဆို ကြားညပ်တာပေါ့” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းအထိ COVID-19 ဓာတ်ခွဲစစ်ဆေးပြီးသူ ၂၂၀,၀၀၀ ကျော်ရှိပြီး လူတစ်သန်းလျှင် ၄,၁၅၅ ဦးနှုန်း စစ်ဆေးပြီးဖြစ်ရာ ယခုနောက်ပိုင်း၌ စောင့်ကြည့်လူနာ (PUI) များတွင် ပိုးတွေ့ရှိနှုန်းများ မြင့်တက်လာကြောင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနမှ ပါမောက္ခ ဒေါက်တာဋ္ဌေးဋ္ဌေးတင်က ဆိုသည်။

“ ဓာတ်ခွဲလုပ်ငန်းက တော်တော်လေးကို အခြေခံကျပါတယ်။ COVID-19 ရယ်လို့ ကမ္ဘာမှာ စပြီးတော့ ပေါ်လာကတည်းက ရောဂါ ရှိ မရှိကို သေသေချာချာပြောနိုင်ဖို့ လိုအပ်တယ်။ ရောဂါရှိပြီဆိုရင် ရောဂါရှိတဲ့ သူကို ကုသမှု၊ ရောဂါမရှိဘူးဆိုလည်း ရောဂါမရှိတဲ့သူကို မရှိတဲ့အတိုင်း စောင့်ကြပ်ကြည့်ရှုမှုကို လုပ်ဆောင်နိုင်ဖို့အတွက် ရောဂါ ရှိ မရှိ ဆိုတဲ့ ခွဲခြားသိနိုင်ဖို့က ဓာတ်ခွဲစစ်ဆေးမှုက အများကြီး အရေးပါပါတယ်။ အခုနောက်ပိုင်း စစ်တာတွေမှာ Contact တွေကို စစ်တာမှာ ပိုးတွေ့နိုင်မှုနှုန်းက ၁၄ ဒသမ ၃ ရာခိုင်နှုန်းရှိပြီးတော့ PUI က အစောပိုင်း မတ်၊ ဧပြီတုန်းကဆို PUI ကို မကြောက်ဘူး။ PUI က လုံးဝပြဿနာမရှိဘူး။ အခုနောက်ပိုင်းမှာတော့ လုံးဝပုံစံချိန်းသွားပြီ။ PUI မှာ ၁၀၀ စစ်ရင် ၁၁ ယောက် ၁၂ ယောက်လောက်က PUI က တွေ့တာများလာတာကို တွေ့ရပြီးတော့ Quarantine က တွေ့တာ တစ်ရာခိုင်နှုန်းတောင် မရှိတော့ဘူး။ အခု Contacts ရယ်၊ PUI ရယ်၊ Quarantine အားလုံးပေါင်း အနေနဲ့ကတော့ ၂ ဒသမ ၁၁ ရာခိုင်နှုန်း Positive တွေ့ပါတယ်” ဟု ပါမောက္ခ ဒေါက်တာဋ္ဌေးဋ္ဌေးတင်က ပြောကြားသည်။

စောင့်ကြည့်လူနာနှင့် Swab ယူရန် အခက်အခဲ

COVID-19 စောင့်ကြည့်လူနာ (PUI) ဆိုသည်မှာ COVID-19 ရောဂါသံသယလက္ခဏာများ ခံစားနေရသူများကို ဆိုလိုခြင်းဖြစ်ပြီး ရုတ်တရက်ဖျားခြင်းနှင့် ချောင်းဆိုးခြင်း၊ အခြားရောဂါတစ်စုံတစ်ရာကြောင့် မဟုတ်ဘဲ ရုတ်တရက် အနံ့အရသာပျောက်ခြင်း၊ လွန်ခဲ့သော ၁၀ ရက်အတွင်း ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဆေးရုံတက်ရောက်ကုသမှု ခံရသည်အထိ လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ရှိခြင်းတို့ ဖြစ်သည်။

“ အခု PUI လူနာတိုင်းက COVID လို့ ပြောလို့မရပါဘူး။ PUI လူနာတွေက COVID ဖြစ်ဖို့ ရာခိုင်နှုန်းရှိပေမယ့် ၅၀-၅၀ ပါပဲ။ ဒီလိုလူတွေကို အရင်ကတည်းက အဖျားကျဆေး၊ ပိုးသတ်ဆေးတွေ သုံးလေးရက်စာ ပေးတယ်။ ပြီးရင် စောင့်ကြည့်တယ်။ သက်သာမသွားဘူး။ အဖျားကလည်း ရှည်နေတယ်။ ချောင်းပိုဆိုးလာတယ်။ အသက်ရှူ ပိုကျပ်လာတယ်ဆိုရင်တော့ ဆေးရုံတွေကို တန်းသွားဖို့ ပြောထားပါတယ်။ Fever Clinic တွေရဲ့ အခက်အခဲက Swab ယူလို့ မရပါဘူး။ အစိုးရဆေးရုံတွေမှာလည်း Swab က ယူချင်တိုင်း ယူလို့မရပါဘူး။ ဒါကြောင့် PUI ဖြစ်တိုင်း Swab ယူလို့မရဘူး။ PUI တွေလည်း ပြန်လွှတ်နေရတာပဲ။ PUI ထဲမှာမှ အနံ့မရတဲ့သူတွေဆိုရင် အိမ်မှာပဲ ထားမလားဆိုတာ မြို့နယ်ထွေအုပ်တွေနဲ့ ပြောပါတယ်။ PUI ထဲမှာမှ အနံ့လည်းမရဘူး။ တခြားရောဂါလက္ခဏာ နှစ်ခု၊ သုံးခုတွဲနေပြီဆိုရင်တော့ ဆေးရုံကို တန်းလွှတ်ပါတယ်” ဟု ဒေါက်တာမိုးနေမင်းက ဆိုသည်။

ပြည်သူ့ဆေးရုံများ မနိုင်ဝန်ထမ်းနေရသည့် အခြေအနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအကြား ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော် ဦးဆောင်သည့် ‘ရန်ကုန်တိုင်းဒေသကြီး COVID-19 ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့’ ကိုလည်း ဖွဲ့စည်း လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

“ လက်ရှိ ဖြစ်နေတဲ့အခြေအနေအရဆို ဆေးရုံတွေမှာက မနိုင်ဝန်ထမ်းနေရတဲ့ အခြေအနေတွေ ဖြစ်နေပါပြီ။ အဲဒီလိုဖြစ်နေတာ လွန်ခဲ့သော ၁၀ ရက်ကျော်လောက်ကတည်းက ဖြစ်နေတာပါ။ ဒါက ဒုတိယလှိုင်းမှာ စကြုံရတာပါ။ အခုဆို ယာယီဆေးရုံတွေကို အလှူရှင်တွေကလည်း လုပ်ပေးနေတယ်။ COVID လူနာတွေအတွက် ထပ်တိုးချဲ့ ပြင်နေတာတွေလည်းရှိ တယ်။ လှိုင်မြို့နယ်ဘက်မှာလည်း ယာယီဆေးရုံတွေ လုပ်နေတယ်လို့ သိထားတယ်။ ဒီလို မနိုင်ဝန်ထမ်းနေရတဲ့အတွက်လည်း နယ်က ဆရာဝန်တွေလည်း လာကူညီနေတာတွေ ရှိပါတယ်။ သေချာတာက ဒုတိယလှိုင်းအစ ရန်ကုန်မှာ Case ထောင်ကျော်ဖြစ်သွားကတည်းက ကျန်းမာရေးဝန်ထမ်းတွေ တော်တော်ပင်ပန်းနေတာ အမှန်ပါပဲ” ဟု ဗိုလ်တထောင်မြို့နယ် Fever Clinic တာဝန်ခံ ဒေါက်တာမိုးနေမင်းက ပြောကြားသည်။

ဆေးရုံများတွင် လူနာများ ပြည့်လျှံနေခြင်းအပေါ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက “လက်ရှိအနေနဲ့ဆိုရင် လူနာက ၉,၀၀၀ ကျော်ရှိလာပြီ။ ဆေးရုံဆင်းတာက ၂,၀၀၀ ကျော်ဆိုတော့ ၅,၀၀၀ ကျော် ၆,၀၀၀ ကတော့ ကျန်နေသေးတယ်။ လူနာတွေထားဖို့အတွက် လက်ရှိဆေးရုံတွေကလည်း ဆက်ချဲ့နေပါတယ်။ အခုဆို ဒဂုံ (တောင်) မှာ အောင်မြင့်မိုရ်အိမ်ရာမှာလည်း လူ ၁,၅၀၀ ထားဖို့အတွက် စီစဉ်ထားတယ်။ ပြီးရင် သုဝဏ္ဏမှာလည်း လက်ရှိဆောက်ပြီးတဲ့ အဆောင် (1) က ၄၂၅ ဦး ဆံ့တယ်။ ပြီးရင် သုဝဏ္ဏအားကစားကွင်းမှာ နောက်ထပ် အဆောင် (B) အဖြစ်နဲ့ လူ ၂၇၀ စာ ထပ်လုပ်နေတယ်။  နောက်ထပ်တစ်ခုအနေနဲ့ သုဝဏ္ဏမှာပဲ အဆောက်အအုံ (C) ဆိုပြီး Tent Hospital တွေ ထပ်ဆောင်ရွက်ဖို့ ရှိတယ်။ ရိုးမရိပ်သာမှာလည်း နဂိုလုပ်နိုင်တဲ့ ပမာဏထက် လူ ၂,၀၀၀ အထိ လက်ခံဖို့ ဆောင်ရွက်နေတယ်။ ပြီးရင် လှိုင်မှာလည်း ထပ်ချဲ့နေတယ်။  လက်ရှိ ဆေးရုံဆင်းတဲ့လူနဲ့ ပိုးတွေ့လူနာ အသစ်တွေ့နှုန်းက မမျှဘူး ဖြစ်နေတာပေါ့။ ဒီအတွက် အခက်အခဲတွေကတော့ ရှိပါတယ်။ နောက်ပိုင်းမှာ အနံ့မရရုံဘဲဆိုတဲ့ လူနာတွေကို ဆေးရုံတင်ဖို့ထက်စာရင် သူတို့တွေကို တစ်နေရာမှာ ထားထားဖို့ ဒါတွေကိုလည်း စီစဉ်ဆောင်ရွက်နေပါတယ်။ ဒါမျိုးတွေ စီစဉ်ဆောင်ရွက်ဖို့ကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိတာဖြစ်ပါတယ်။ တကယ်လို့ အနံ့မရတဲ့သူတွေထဲက မိမိက သီးခြား အိမ်နဲ့ နေတယ်။ ကိုယ်ပိုင်အခန်းလည်း ရှိတယ်။ ပတ်ဝန်းကျင်နဲ့လည်း ဆက်စပ်မှုမရှိဘူးဆိုရင် အိမ်မှာနေလို့ဖြစ်တယ်ဆိုလည်း အိမ်မှာထားဖို့ ဒါမျိုးကိစ္စတွေကိုလည်း ဆွေးနွေးနေပါတယ်။ အတိအကျကတော့ မဆုံးဖြတ်ရသေးပါဘူး” ဟု ဆိုသည်။

သုဝဏ္ဏဘောလုံးကွင်းဧရိယာအတွင်း COVID-19 အရေးပေါ်လူနာများအား အနီးကပ်ကုသမှုပေးရန် HDU နှင့် ICU ပါဝင်သည့် COVID-19 Critical Care Unit ဧရာဝတီစင်တာတည်ဆောက်နေသည်ကို စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

အရေးပါလာသည့် ပုဂ္ဂလိကဆေးရုံများ

ပိုးတွေ့လူနာ နေ့စဉ်များပြားလာ၍ ရန်ကုန်တိုင်းဒေသကြီးရှိ ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများကို လက်ခံကုသပေးရန် အသေးစိတ်ဆွေးနွေးနေပြီး အတည်ပြုချက်ရရှိပါက မကြာမီ ထုတ်ပြန်ပေးမည်ဟု ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆိုသည်။

“ နောက်ပိုင်း ပုဂ္ဂလိကဆေးရုံတွေမှာ COVID-19 Positive တွေကို တင်ပြီးကုသဖို့ ဒါတွေကို သက်ဆိုင်ရာ ဆေးရုံတွေနဲ့ အသေးစိတ်ညှိနှိုင်းနေပြီး မကြာခင် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ရှိပါတယ်။ လက်ရှိဆွေးနွေးချက်အရဆိုရင်တော့ ပုဂ္ဂလိက ဆေးရုံအချို့ကတော့ COVID-19 Positive လူနာတွေကို တင်ပြီး ကုသပါမယ် ဆိုတာမျိုးတွေရှိတယ်။ အဲဒီ အဆိုပြုတဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ ကုသခွင့်ရမှာပါ။ လက်ရှိ အသေးစိတ်ညှိနှိုင်းမှုတွေလုပ်နေပြီ။ အခုက မပြီးသေးပါဘူး။ ပြီးသွားရင် ထုတ်ပြန်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများအား လက်ခံကုသပေးရန် သဘောတူညီမှုရရှိထားပြီး အသေးစိတ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း စက်တင်ဘာ ၁၈ ရက်က နေပြည်တော်၌ ပြုလုပ်သည့် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

သို့သော် စက်တင်ဘာ ၁၈ ရက်က ထိုကဲ့သို့ ပြောကြားပြီးနောက် COVID-19 သံသယလူနာများအား လက်ခံကုသမှု မပြုနိုင်ကြောင်း အာရှတော်ဝင်ဆေးရုံက စက်တင်ဘာ ၁၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် COVID-19 သံသယလူနာများအား လက်ခံကုသမှု မပြုနိုင်ခြင်းအတွက် နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ကြောင်းနှင့် အာရှတော်ဝင်ဆေးရုံသည် အယုတ်အလတ် အမြတ်မရွေး၊ လူမျိုးဘာသာမရွေး ကုသပေးနေသည့် ဆေးရုံဖြစ်ကြောင်း ပါရှိသည်။

လက်ရှိ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့သည့်အနေအထားအရ မိမိတို့သည် ရှိရင်းစွဲလူနာနှင့် လူနာရှင်များ၏ လုံခြုံရေး၊ ပြင်ပမှ ရောဂါပိုး ဝင်ရောက်မှုကင်းရှင်းရေးတို့အား တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိပြီး သို့ဖြစ်ပါ၍ ဆေးရုံသို့ ဝင်ရောက်လာသောသူတိုင်းကို လိုအပ်သည့် မေးမြန်းစုံစမ်းမှုများ ပြုလုပ်ရာတွင် ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာမေတ္တာရပ်ခံ အကြောင်းကြားအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာရှတော်ဝင်ဆေးရုံတွင် အဓိကရောဂါဌာနများဖြစ်သော နှလုံး၊ ဦးနှောက်နှင့် အာရုံကြော၊ အရိုးအကြော၊ အထွေထွေ ဆေးပညာ၊ အထွေထွေခွဲစိတ်၊ မီးယပ်နှင့် ကလေးလူနာများအား အချိန်မရွေး ပြုစုကုသပေးနေပါသဖြင့် လက်ရှိဆေးရုံအနေအထားအရ COVID-19 သံသယလူနာများအား လက်ခံကုသမှုမပြုနိုင်ခြင်းကို နားလည်ခွင့်လွှတ်ပေးပါရန် အာရှတော်ဝင်ဆေးရုံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများကို လက်ခံကုသနိုင်ရန် ဆွေးနွေးနေမှုနှင့် ပတ်သက်၍ ဗိုလ်တထောင်မြို့နယ် Fever Clinic တာဝန်ခံ ဒေါက်တာမိုးနေမင်းက “ လူနာတွေလည်း အရင်ကထက် ပိုများနေတာဖြစ်တဲ့အတွက် Fever Clinic တွေ Over Work ဖြစ်နေပါတယ်။ ကျွန်တော့်အနေနဲ့ အကြံပေးချင်တာက ပုဂ္ဂလိက ဆေးရုံတွေကိုလည်း ကုသနိုင်ဖို့ သေချာလေး ညှိပြီး အတိုင်းအတာတစ်ခုအထိ ထားနိုင်ဖို့စီစဉ်ပေးပါ။ နောက်မြို့နယ်တွေမှာ ရှိတဲ့ GP ဆေးခန်းတွေကိုလည်း ဖွင့်ပေးဖို့ အားပေးစေချင်ပါတယ်။ သေချာစည်းကမ်းတကျ သတ်မှတ်ပြီးဖွင့်မယ်ဆိုရင် Over Work ဖြစ်နေတာတွေ လျော့ကျသွားနိုင်ပါတယ်။ GP ဆေးခန်းတွေ သူဟာနဲ့သူဖွင့်ရင် ပုဂ္ဂလိကဆေးရုံတွေလည်း သူ့ဟာနဲ့သူ ဖွင့်ရင် လူနာတွေ အဆင်ပြေမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကဆေးရုံတွေအနေနဲ့လည်း COVID လူနာတွေကို ထားပြီး ကုပေးစေချင်ပါတယ်” ဟု ၎င်း၏အမြင်ကို ပြောကြားသည်။

ပြည်သူ့ဆေးရုံများ ယင်းကဲ့သို့ မနိုင်ဝန်ထမ်းနေရချိန်တွင် ပုဂ္ဂလိကဆေးရုံများအနေဖြင့် မိမိတို့ အကျိုးစီးပွားတစ်ခုတည်းကိုသာ မကြည့်ဘဲ အမျိုးသားအကျိုးစီးပွားအတွက် တစ်ဖက်တစ်လမ်းမှ ၀ိုင်းဝန်းကူညီ ထမ်းပိုးပေးရမည်ဖြစ်သည်။ ယင်းတွင် အရှေ့တောင်အာရှဒေသတွင်းရှိ အခြားနိုင်ငံများ၏ အနေအထားအချို့အား လေ့လာကြည့်ရန် လိုအပ်လာသည်။

ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံတွင် ပုဂ္ဂလိကဆေးရုံများက COVID-19 လူနာများကို လက်ခံကုသပေးခဲ့ပြီး ထိုင်းအစိုးရက COVID-19 လူနာများနှင့် မိသားစုဝင်များထံ ဆေးဝါးကုသမှု ကုန်ကျစရိတ်များ တောင်းခံခြင်းမပြုရန် ဧပြီလ ၆ ရက်ကတည်းက သတိပေးခဲ့ပြီး ယင်းကုန်ကျစရိတ်များကို အစိုးရက ပေးချေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပုဂ္ဂလိကဆေးရုံများတွင် တက်ရောက်ကုသသည့် COVID-19 လူနာများအနေဖြင့် ကုသစရိတ်နှင့် ဝန်ဆောင်မှုစရိတ်များ ပေးချေရန် လိုအပ်သည်ဟု တိုင်ကြားချက်များ ထွက်ပေါ်လာပြီးနောက် ယင်းသတိပေးချက်ကို Thai Khu Fa ဟု ခေါ်သော အစိုးရအိမ်တော်၏ Facebook တွင် တင်ခဲ့ခြင်းဖြစ်သည်။

အချို့သော လူနာများသည် ဆေးကုသစရိတ် ၁၀၀,၀၀၀ (ဘတ်ငွေ) အထိ ပေးချေခဲ့ရသည်။

ပုဂ္ဂလိကဆေးရုံများအနေဖြင့် ဆေးဝါးကုသမှုများနှင့် ဝန်ဆောင်မှုများကို မှတ်တမ်းထားရှိပြီး ကုန်ကျစရိတ်များကို ပြန်လည်ထုတ်ယူရန်အတွက် သက်ဆိုင်ရာအေဂျင်စီများသို့ ငွေတောင်းခံလွှာများ ပေးပို့ရမည်ဖြစ်ကြောင်း အစိုးရက ပြောကြားထားသည်။

ထိုင်းပြည်သူ့ကျန်းမာရေးဌာန၏ ကုန်ကျစရိတ်များကို ပြန်လည်ထုတ်ယူရန် စည်းမျဉ်းစည်းကမ်းမူကြမ်းကို အစိုးရအဖွဲ့က အတည်ပြုခဲ့ပြီးနောက် မကြာမီ စတင်သက်ဝင်လာခဲ့သည်။

သို့သော် လူနာများအနေဖြင့် ကျန်းမာရေးအာမခံရှိထားပါက ၎င်းတို့၏ မူဝါဒများကို ဦးစွာအသုံးပြုရန် တိုက်တွန်းရမည်ဟု ဆိုသည်။

အစောပိုင်းတွင် ကျန်းမာရေးဝန်ဆောင်မှု ထောက်ပ့ံရေးဌာနက COVID-19 ကုသရေးကုန်ကျစရိတ်များကို နိုင်ငံတော်၏ ကျန်းမာရေးဆိုင်ရာ လုံခြုံမှုရန်ပုံငွေထဲမှ အသုံးပြုရမည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

ပုဂ္ဂလိကကဏ္ဍများမှ လုပ်သားများအတွက် လူမှုရေးဆိုင်ရာ လုံခြုံမှုရန်ပုံငွေများ၊ အစိုးရအရာရှိများအတွက် လူမှုဖူလုံရေး ရန်ပုံငွေများနှင့် Gold Card အထွေထွေ ရန်ပုံငွေများကို လူနာများ၌ ရှိထားသည့် ရန်ပုံငွေအပေါ် အခြေပြုလျက် COVID-19 ကုသရေး ကုန်ကျစရိတ်အတွက် အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း အသုံးပြုရမည်ဟု ဆိုသည်။

Gold Card အစီအစဉ်၌ ပါဝင်သူများအနေဖြင့် COVID-19 ကုသမှုကို အခမဲ့ ခံယူနိုင်သည်ဟု ဆိုသည်။

ယင်းကြေညာချက်ကို ထိုင်းပြည်သူ့ကျန်းမာရေးဌာန ဝန်ကြီး အနုတင်ချန်ဗီရာကူးက အထွေထွေရန်ပုံငွေများကို ကြီးကြပ်နေသည့် အမျိုးသားကျန်းမာရေးဆိုင်ရာ လုံခြုံမှုရုံး (NHSO) ၏ ဥက္ကဋ္ဌအဖြစ် လက်မှတ်ရေးထိုးထားသည်။

လူမှုရေးဆိုင်ရာ လုံခြုံမှုရုံးကလည်း SSO ဘုတ်အဖွဲ့၌ ဆေးဘက်ဆိုင်ရာ ကော်မတီက အတည်ပြုထားသည့် COVID-19 အတွက် ကုသစရိတ်နှင့် ဝန်ဆောင်မှုစရိတ်များ ပေးချေရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အတည်ပြုခဲ့သည်။

ပြင်ပလူနာများအတွက်လည်း SSO က ဓာတ်ခွဲစစ်ဆေးမှု ကုန်ကျစရိတ်နှင့် ဆေးဘက်ဝန်ထမ်းများ အသုံးပြုလိုက်ရသည့် ရောဂါကာကွယ်ရေးဝတ်စုံ (PPE) များအတွက် ကုန်ကျစရိတ်များကို ပေးချေမည် ဖြစ်သော်လည်း တစ်ကြိမ်လျှင် ဘတ်ငွေ ၃,၀၀၀ ထက် မပိုရဟု သတ်မှတ်ထားသည်။

ယင်းထုတ်ပြန်ချက်သည် ဆေးဝါးကုန်ကျစရိတ် လူနာတစ်ဦးလျှင် ဘတ်ငွေ ၇,၂၀၀ နှင့် ဆေးရုံအခန်းခ  တစ်နေ့လျှင် ဘတ် ၂,၅၀၀ တို့ အပါအဝင် အတွင်းလူနာများအတွက် ဆေးကုသမှုကုန်ကျစရိတ်များ အကျုံးဝင်မည်ဖြစ်သည်။

ယင်းကြေညာချက်အရ လူနာများအနေဖြင့် ပုဂ္ဂလိကဆေးရုံများတွင် ကုသမှုခံယူပါက ကုန်ကျစရိတ် ပြန်လည်ထုတ်ယူမှုများသည် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့် လျော်ညီရမည်ဖြစ်သည်။

စင်ကာပူနိုင်ငံ

စင်ကာပူနိုင်ငံရှိ ဝန်ကြီးဌာန ပေါင်းစုံအထူးတာဝန်အဖွဲ့မှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦးချင်းစီကို အဆင့်မြင့်ဆေးကုသမှုပေးနိုင်သည့် ပြီးပြည့်စုံသော ဆေးဘက်ဆိုင်ရာ မဟာဗျူဟာ ချမှတ်လုပ်ဆောင်နေသည်။

COVID-19 လူနာများကို စီမံခန့်ခွဲမှု၊ ရောဂါကူးစက်မှုနှင့် ပတ်သက်၍ လက်ရှိကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ပညာရပ် အထောက်အထားများ အပါအဝင် ဆေးဝါးကုသမှုနှင့် သိပ္ပံနည်းကျ အချက်အလက်များကို အဆိုပါ ပြီးပြည့်စုံသော ဆေးဘက်ဆိုင်ရာ အစီအစဉ်အတွက် အခြေခံလုပ်ဆောင်ထားသည်။

ယင်းအစီအစဉ်တွင် လူနာများကို သင့်လျော်သည့် ဆေးကုသမှုဌာနများသို့ လွှဲပြောင်းရေးနှင့် ထောက်ပံ့မှုပေးရေး၊ ကျန်းမာရေးကောင်းမွန်သည့် လူနာများနှင့် ကူးစက်ရောဂါ ရေရှည်ပပျောက်သွားသည့် လူနာများကို ဆေးရုံဆင်းခွင့်ပြုရေး အစရှိသည့် လမ်းညွှန်ချက်များ ပါဝင်သည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ခံစားနေရသော်လည်း ဆေးပညာရှုထောင့်အရ ကျန်းမာရေးကောင်းမွန်သည့်လူများကို ငါးရက်ကြာ သက်တမ်းရှိ ဆေးထောက်ခံချက်ကို ထုတ်ပေးပြီး နေအိမ်တွင် သီးခြားနေထိုင်ခိုင်းမည် ဖြစ်သည်။

ဆေးပညာရှုထောင့်အရ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများနှင့် ကိုက်ညီနေကြောင်း သံသယရှိသူများကို စစ်ဆေးမှုရလဒ် မထွက်မချင်း နေအိမ်တွင် သီးခြားနေထိုင်ခိုင်းမည်ဖြစ်သည်။ ရလဒ် မထွက်မီ နေအိမ်၌ သီးခြားခွဲနေရန် အဆင်မပြေသူများကို နှာခေါင်းတို့ဖတ်ယူသည့် သီးသန့်ထားရှိသည့်နေရာ (SIF) တွင် စောင့်ဆိုင်းနေထိုင်စေမည် ဖြစ်သည်။

COVID-19 လူနာများအတွက် ဆေးရုံတွင် နေရာအလုံအလောက်ရှိမှု သေချာစေရန်  ပြည်သူ့ဆေးရုံများသည် အရေးပေါ်ဖြစ်စဉ် မဟုတ်သည့် လုပ်ထုံးလုပ်နည်းများကို ရွှေ့ဆိုင်းခဲ့သည်။ သီးသန့်ထားရှိဆောင်များနှင့် အထူးကြပ်မတ်ကုသဆောင်များရှိ နေရာအသစ်များတွင် အသစ်ပြင်ဆင်မွမ်းမံထားသည့် ခုတင်များနှင့် ဆေးရုံအသုံးအဆောင်များကို မတူညီသည့် ရည်ရွယ်ချက်နှင့် ဖန်တီးလုပ်ဆောင်ပေးထားသည့်အပြင် အသက်ရှူကိရိယာ အစရှိသော ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ကိရိယာများ ရရှိနိုင်ရန် စီစဉ်ပေးထားသည်။

ထို့ပြင် ပြည်သူ့ဆေးရုံများတွင် နောက်ထပ်ကုသမှုပေးနိုင်သည့် နေရာများ စီစဉ်ရန်၊ နာတာရှည် ဆေးကုသမှု ခံယူနေသည့် လက်ရှိ တည်ရှိနေဆဲလူနာများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် ကူညီရန် ပုဂ္ဂလိကဆေးရုံများနှင့် အတူပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။

ဆေးပညာရှုထောင့်အရ ရောဂါမပြင်းထန်သည့် လူနာများကို ကိုင်တွယ်ကုသမှုပေးရာတွင် ပုဂ္ဂလိက ဆေးရုံများသည် ပြည်သူ့ဆေးရုံကို ဆက်လက်အကူအညီပေးလျက် ရှိသည်။ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများသည် လူနာများ၏ နောက်ဆက်တွဲအခြေအနေအတွက် ဖုန်းဖြင့် ဆက်သွယ်၍ အကြံပေးဆွေးနွေးမှုများ စတင်ဆောင်ရွက်ပေးနေသည်။ ကျန်းမာရေးဝန်ကြီးဌာန (MOH) သည် ပုဂ္ဂလိက ဆေးရုံများ၊ ပညာရှင်များ၏ ကူညီထောက်ပံ့မှုကို ရယူရန် ကြိုးပမ်းခဲ့ပြီး ၎င်းတို့အား အသစ်ဖွဲ့စည်းခဲ့သည့် SG Healthcare Corps နှင့် ပူးပေါင်းရန် တိုက်တွန်းခဲ့သည်။

ယင်းအဖွဲ့အစည်းကို စတင်ဖွဲ့စည်းသည့် ဧပြီ ၇ ရက်မှစ၍ နိုင်ငံတစ်ဝန်းရှိ အလုပ်အကိုင်အဖွဲ့ အစည်းအားလုံးမှ ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်ပေါင်း သုံးထောင်ခန့် ပါဝင်စာရင်းသွင်းခဲ့သည်။ SG Healthcare Corps တွင် ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များအပြင် ကျန်းမာရေးကဏ္ဍမှ မဟုတ်သည့် ပညာရှင်များကိုလည်း ပါဝင်လာစေရန် ကျန်းမာရေးဝန်ကြီးဌာနက တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်သည်။

Most Read

Most Recent