ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ရှမ်းပြည်နယ်အစိုးရဖြစ်ရန် ရည်မှန်းထားကြောင်း ပါတီဥက္ကဋ္ဌ ပြောကြား

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ရှမ်းပြည်နယ်အစိုးရဖြစ်ရန် ရည်မှန်းထားကြောင်း ပါတီဥက္ကဋ္ဌ ပြောကြား
Published 22 September 2020
စည်သာ (တောင်ကြီး)

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ရှမ်းပြည်နယ်အစိုးရဖြစ်ရန် ရည်မှန်းထားကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

“ ကျွန်တော်ပြောချင်တာက ရှမ်းပြည်နယ်ရော ကချင်ပြည်နယ်မှာရောရှိတဲ့ တိုင်းရင်းသားပြည်သူတွေ ရည်မှန်းထားတာ လာမယ့် ၂၀၂၁ ခုနှစ်မှာ ပြည်နယ်အစိုးရဖြစ်ဖို့ ရည်မှန်းထားတယ်။ ရှမ်းပြည်နယ်အစိုးရဖြစ်ဖို့ ရှမ်းပြည်နယ်ရော ကချင်ပြည်နယ်မှာရောရှိတဲ့ တိုင်းရင်းသားပြည်သူတွေ အားလုံး ကျားဖြူကို မဲထည့်ပေးပါလို့ အဓိကပန်ကြားလိုတယ် ဒါပါပဲ” ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) အနေဖြင့် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ မြို့နယ်များတွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်နေပြီး ကိုဗစ်ကာလအတွင်း အခက်အခဲအချို့ ကြုံတွေ့နေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ကျွန်တော်တို့ကို လာပြီးအားပေးချင်တဲ့ ပါတီဝင်တွေက ရာဂဏန်း၊ ထောင်ဂဏန်းလောက်ရှိတယ်။ ကိုဗစ်ရောဂါကြောင့် နည်းနည်းချင်းပဲ လာခိုင်းရတယ်လေ။ ရှမ်းပြည်နယ်တစ်ခု ကံကောင်းတာက ရောဂါသိပ် မဖြစ်ဘူး။ ဆယ်ဂဏန်းလောက်ပဲ ရှိတာလေ။ ရန်ကုန်ကနေလာလည်း မရဘူး။ ရှမ်းပြည်နယ်အချင်းချင်းလည်း သွားရေးခက်ခဲတယ်။ စီစဉ်ထားသလိုတော့ အဆင်မပြေလောက်ဘူး။ ကန့်သတ်ချက်တွေ ရှိတယ်လေ။ မြို့နယ်တိုင်းလိုလိုတော့ ထွက်ပြီးပြီ။ သီပေါ မြို့နယ်ဆိုရင် ရွာပေါင်း ၄၅၇ ရွာ ရှိတယ်။ ရွာတိုင်းရောက်ဖို့ဆိုရင် တော်တော်ကြာဦးမယ်။ ကျောက်မဲလည်းတူတူပဲ လူဦးရေ နှစ်သိန်းလောက် ရှိတာကိုး။ မြို့နယ်အစွန်အဖျားနဲ့ဆိုရင် မိုင် ၅၀ လောက် ရှိတယ်။ လမ်းကြမ်းတယ်။ သွားရေးလာရေး ခက်ခဲတော့ ဒုက္ခရောက်တယ်။ ရွေးကောက်ပွဲကော်မရှင်ကို ပြောစရာရှိတာပေ့ါ။ ကျားဖြူက ညောင်ပင်အောက်မှာ လုပ်နေရတယ်။ အရင်က ဦးတင်အေးခေတ်တုန်းက ဘုန်းကြီးကျောင်းတွေ ဇရပ်တွေမှာ လုပ်လို့ရတယ်။ ဦးတင်အေးကို တင်ပြတယ်။ ပုဂ္ဂလိကပိုင် အဆောက်အအုံဆိုတာ မရှိဘူး။ ဘုန်းကြီးကျောင်းတွေပဲရှိတာ။ အဲဒီမှာ လွတ်လွတ်လပ်လပ် လူတွေ စုဝေးဟောပြောခွင့်ပြုပါဆိုတော့ ပြုတယ်။ ကော်မရှင်ဥက္ကဋ္ဌ ခွင့်ပြုလို့ရတာကို ခွင့်ပြုစေချင်တယ်။ ဒါတွေကိုလည်း စာလုံးအမည်းကြီးနဲ့ ရေးလိုက်ပါဗျာ။ ဒါတွေကို အစည်းအဝေးလုပ်ရမယ် ခွင့်တောင်းရမယ်ဆိုတာ မဖြစ်ဘူးလေ။ ခွင့်ပြုလိုက်ပါဆိုရင် ပြီးတာပဲလေ။ တိုင်ပင်ရဦးမယ် ဘာညာဆိုရင်၊ တကယ်ဆို ကော်မရှင်ခွင့်ပြုဖို့ပဲ လိုတာလေ” ဟု ဦးစိုင်းအိုက်ပေါင်းက ဆိုသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ပါတီအနေဖြင့် ရှမ်းပြည်တွင် ၃၂ မြို့နယ်နှင့် ကချင်ပြည်နယ်တွင် လေးမြို့နယ် စုစုပေါင်း ၃၆ မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ အပါအဝင် ကိုယ်စားလှယ်လောင်း ဦးရေ ၁၀၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

“ ဒီတစ်ခေါက်မှာတော့ ၁၀၈ ဦးမှာ တစ်ဝက်ကျော်မယ်တော့ မှန်းတာပဲ။ ၂၀၁၀ တုန်းက ၅၈ ယောက်နိုင်တယ်။ ပြည်ထောင်စုလွှတ်တော်မှာ ၂၂ ယောက် နိုင်တယ်။ ဒီတစ်ခေါက် ၂၂ ယောက် ကျော်မယ်။ အခုက ကျွန်တော်တို့ပါတီကို အရမ်းမျှော်လင့်တောင့်တနေပြီ။ ကျားဖြူနိုင်မှာ မယုံရင်ကြည့်။ ကျွန်တော်တို့ ပါတီက လူမျိုးရေးရော မူဝါဒရော၊ ကျွန်တော်တို့က ဖက်ဒရယ်ပြည်ထောင်စုကို သွားချင်တယ်။ အန္တိမပန်းတိုင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူရည်တူအခွင့်အရေး လိုချင်တယ်။ အာဏာခွဲဝေရေး၊ သယံဇာတ ခွဲဝေအသုံးချရေးတွေ လိုချင်တယ်။ ပင်လုံစာချုပ်ထဲမှာလည်း ပါတယ်လေ။ အပိုဒ် ၅ နဲ့ အပိုဒ် ၇ မှာ ရှမ်းပြည်နယ်ဟာ ကိုယ့်ကိုယ်အုပ်ချုပ်ရမယ်လို့ ပါတယ်။ အခွန်ဘဏ္ဍာတွေလည်း ရရမယ်လို့ပါတယ်။ အခုက မရဘူးလေ။ အကုန်လုံး သယံဇာတတွေ ထုတ်သွားတယ်။ ဘာမှလည်းမရဘူး။ သစ်တောတွေလည်း လာခုတ်သွားတယ်။ ဘာမှလည်း မရဘူး။ ဟုတ်တယ်မလား။ ပြည်ထောင်စုထံကို လက်ဖြန့်တောင်းနေရတယ်” ဟု SNDP ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

SNDP ပါတီအနေဖြင့် ရည်မှန်းချက်၊ ဦးတည်ချက် လေးချက်ချမှတ်ထားပြီး ၎င်းတို့မှာ (၁) တည်ငြိမ်အေးချမ်းရေးနှင့် ဖက်ဒရယ်အရေး၊ (၂) စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ (၃) လူမှုဘဝလုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် (၄) ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်သည်။

SNDP ပါတီကို ၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်စလုံးတွင် ကိုယ်စားလှယ် ၅၈ ဦးအထိ အနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် အခြေအနေအရပ်ရပ်ကြောင့် ကိုယ်စားလှယ်တစ်ဦးသာ အနိုင်ရရှိခဲ့သည်။

Most Read

Most Recent