COVID-19 ဒုတိယလှိုင်း၏ အရွေ့

COVID-19 ဒုတိယလှိုင်း၏ အရွေ့
Published 15 September 2020

ရန်ကုန်တိုင်းဒေသကြီး၌ တစ်ရက်အတွင်း COVID-19 ပိုးတွေ့လူနာသစ် ၁၈၀ ကျော် တိုးပြီး ရောဂါစတင်ဖြစ်ပွားစဉ်မှ စက်တင်ဘာ ၁၄ ရက်အထိ လူနာ ၁,၈၄၇ ဦးရှိလာရာ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ အင်းစိန်၊ လှိုင်နှင့် တာမွေမြို့နယ်များမှာ အများဆုံးဖြစ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက COVID-19 ပိုးတွေ့လူနာ ၁၀၄ ဦး ထပ်မံတွေ့ရှိပြီး ပိုးတွေ့လူနာ ၃,၂၉၉ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းအထိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ၃၂ ဦး ရှိပြီဖြစ်သည်။ စက်တင်ဘာ ၁၄ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာခြောက်ဦး သေဆုံးသဖြင့် သေဆုံးသူစုစုပေါင်း ၃၂ ဦးအထိ ရှိလာခြင်းဖြစ်သည်။

သို့သော် သြဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၁၄ ရက်အထိ ရခိုင်ပြည်နယ်တွင် COVID-19 ပိုးတွေ့လူနာ ၇၂၂ ဦး တွေ့ရှိခဲ့ပြီးနောက် လက်ရှိရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ပိုးတွေ့လူနာ မရှိသလောက် နည်းပါးသွားပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့်အချက်အလက်အရ သိရသည်။ စက်တင်ဘာ ၁၃ ရက်မှ ၁၄ ရက်အတွင်း ရခိုင်ပြည်နယ်၌ လူနာသစ်တွေ့ရှိမှုမှာ စစ်တွေမြို့နယ်တွင် သုံးဦး၊ မြောက်ဦးမြို့နယ်တွင် နှစ်ဦးရှိပြီး ကျန်မြို့နယ်များတွင် လူနာသစ် မတွေ့ရှိရတော့ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ အနက် ရောဂါပိုးတွေ့ရှိရသည့်မြို့နယ်များမှာ ၂၁၃ ခုအထိ ရှိပြီး ကယားပြည်နယ်တစ်ခုတည်းသာ ရောဂါပိုး မတွေ့ရှိသည့် ပြည်နယ်အဖြစ် ကျန်ရှိနေသည်။

ရောဂါပိုးအများဆုံး တွေ့ရှိရသည့်ဒေသမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ဒုတိယအများဆုံးတွေ့ရှိရသည့် ဒေသမှာ ရခိုင်ပြည်နယ်ဖြစ်သည်။

ယင်းအချိန်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လာသည့် COVID-19 ဒုတိယလှိုင်းက ၎င်းတို့နိုင်ငံများအပေါ် ထိခိုက်လာမည်ကို ထိုင်းနှင့် တရုတ်နိုင်ငံတို့က စိုးရိမ်နေကြောင်း တွေ့ရှိရသည်။ ထိုင်းပညာရှင်တစ်ဦးက မြန်မာနိုင်ငံ၏လက်ရှိ COVID-19 အနေအထားသည် ထိုင်းစတော့စျေးကွက်ကို ထိခိုက်စေနိုင်ကြောင်း၊ အထူးသဖြင့် အိမ်နီးချင်းမြန်မာနိုင်ငံ၌ ဝင်ငွေအခြေခံများရှိနေသော ကုမ္ပဏီများပါဝင်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ COVID-19 အနေအထားသည် (အထူးသဖြင့် ထိုင်းနိုင်ငံ၌ ရောဂါပိုးကူးစက်မှု ဒုတိယလှိုင်းဖြစ်ပွားရခြင်းအတွက် အကြောင်းတရားတစ်ရပ်ဖြစ်ခဲ့ပါက) ထိုင်းစတော့စျေးကွက်အပေါ် ဖိအားများ ဖြစ်စေလိမ့်မည်ဟု ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်နေကြောင်း Asia Plus Securities အဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ တာဆတ်တာဝီသီရသမ်က ထိုင်းစီးပွားရေးသည် လက်ရှိ၌ ကျဆင်းလျက်ရှိကြောင်းနှင့် ကိုဗစ်ဒုတိယလှိုင်းဖြစ်ပေါ်ခဲ့ပါက ထိုင်းနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်တော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကလည်း လူသုံးဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သော ရွှေလီကို Lockdown ချထားလိုက်ကြောင်းနှင့် လူအစုလိုက်အပြုံလိုက် COVID-19 ရောဂါပိုး ရှာဖွေရေးအစီအစဉ်ကို စတင်မည်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက စက်တင်ဘာ ၁၅ ရက်တွင် ကြေညာခဲ့သည်။ ရွှေလီသည် ယူနန်ပြည်နယ်အနောက်ပိုင်းတွင် ရှိပြီး အိမ်နီးချင်း မြန်မာနိုင်ငံနှင့် မြေပြင်နယ်စပ်အဖြစ် အဓိကဖြတ်သန်းကြရာ နေရာဖြစ်သည်။ ရွှေလီမြို့အာဏာပိုင်များက မြို့နေလူများကို နေအိမ်ထဲ၌သာ နေရန်နှင့် စက်တင်ဘာ ၁၄ ရက် ညနေမှစ၍ မြို့တွင်းသို့ ဝင်ရောက်ခြင်း သို့မဟုတ် ထွက်ခွာခြင်းကို တားမြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ လူဦးရေ ၂၁၀,၀၀၀ ကျော် နေထိုင်သည့် ရွှေလီမြို့တွင် စူပါမက်ကက်များ၊ ဆေးဆိုင်များနှင့် အစားအသောက်စျေးများမှအပ လုပ်ငန်းအားလုံးကို ပိတ်ပစ်လိုက်ပြီဖြစ်သည်။ ယခုရောဂါပိုးသည် မြန်မာနိုင်ငံမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်းနှင့် တရားမဝင် ဝင်ရောက်သူများကို နှိမ်နင်းမည်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ၊ မြန်မာနိုင်ငံသည် ယခု COVID-19 ဒုတိယလှိုင်း၏ အရွေ့တွင် ဒေသတွင်း၌ အဓိကကျသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာလျက်ရှိသောကြောင့် အခြားနိုင်ငံများ (အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ) ၏ အထူးအာရုံစိုက်စောင့်ကြည့်မှုကို ခံလာရပြီ ဖြစ်သည်။ ယင်းတွင် စီမံမှုအလွဲများ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ပါက (ဝူဟန်မှနေ၍ အခြားနိုင်ငံများသို့ ရောဂါပိုးပျံ့နှံခဲ့စဉ်က တရုတ်နိုင်ငံကို ၀ိုင်းဝန်းပြစ်တင်ခဲ့ကြသကဲ့သို့) အခြားနိုင်ငံများ၏ လက်ညှိုးထိုးပြစ်တင်ဝေဖန်မှုကို ရင်ဆိုင်ရဖွယ်ရှိနေသည်။

ထို့ကြောင့် အမှန်တကယ်ဖြစ်ပေါ်နေသည့် အနေအထားအပေါ် မူတည်လျက် စနစ်ကျမှန်ကန်သည့် မူဝါဒ ချမှတ်ရမည်ဖြစ်ပြီး Lockdown ချထားခြင်းအပါအဝင် ဆုံးဖြတ်ချက်မှန်သမျှသည်လည်း ခိုင်မာသည့် မူဝါဒကိုသာ အခြေခံရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ စက်တင်ဘာ ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent