စပါးကွင်းက အဲဗာတန်အသင်းရဲ့ထိုက်တန်တဲ့အနိုင်

စပါးကွင်းက အဲဗာတန်အသင်းရဲ့ထိုက်တန်တဲ့အနိုင်
Photos : Everton Twitter
Photos : Everton Twitter
Published 14 September 2020

စပါး ၀-၁ အဲဗာတန်

ပြီးခဲ့တဲ့ ရာသီတုန်းက ရာသီပိတ်ကာလ တစ်လျှောက်ဂိုးပေါက်ပျောက်ခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကယ်လ်ဗတ်လူဝင်ရဲ့ အကောင်းဆုံးခေါင်းတိုက်ဂိုးက အဲဗာတန်အသင်းကို အဝေးကွင်းမှာ နိုင်ပွဲရရှိစေခဲ့တယ်။ ဒစ်ဂ်နေးရဲ့ တည် ကန်ဘောကို အယ်လ်ဒါဝီရယ်လ်နဲ့ အဲရစ်ဒိုင်ယာတို့ကြားကနေဝင်လာတဲ့ အားပါပြင်းထန်တဲ့ခေါင်းတိုက်ချက်ကို လိုရစ် ကာကွယ်ဖို့ အခွင့်အရေးမရှိခဲ့ဘူး။ စပါးအသင်းကလည်း ဂိုးရဖို့ အပိုင်အခွင့်အရေးတွေရခဲ့ပေမယ့် အယ်လီ၊ ဒိုဟာတီ တို့ရဲ့ ကန်ချက်တွေကို ဂိုးသမား ပစ်ဖို့ဒ်လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ စပါး နစ်နာခဲ့ပါတယ်။ 

ပွဲက Tempo ကျသွားတဲ့အချိန်အနည်းငယ်ရှိခဲ့ပေမယ့် ခြုံကြည့်ရင် ပြိုင်ဆိုင်မှုပြင်းထန်ပြီး အကြိတ်အနယ်ရှိခဲ့တဲ့ ပွဲတစ်ပွဲပါ။ ဒါပေမဲ့ စပါးတိုက်စစ်မှာ ဟာရီကိန်း ပုံမှန်ခြေစွမ်းအောက် ရောက်နေသလို၊ တိုက်စစ်ကစားသမားတွေ တစ်ဦးနဲ့ တစ်ဦးကြားမှာ  အချိတ်အဆက်နဲ့ တွဲလုံးတွေ အားနည်းတာမျိုးကိုတော့ မြင်ရတယ်။ အဲဗာတန်ကတော့ ရစ်ချာလီဆန်က ဆိုးဆိုးရွားရွားကစားသွားခဲ့ပြီး ဂိုးကိုဂိုးရမယ့် အပိုင်အခွင့်အရေးတစ်လုံးကိုလည်း ဖြုန်းတီးခဲ့တယ်။ လူပေးခဲ့ရင် ဂိုးဖို့ ရာနှုန်းပြည့်သေချာပြီး၊ ကိုယ်တိုင်ကန်ရင်လည်း မလွဲသင့်တဲ့ ဂိုးမျိုးကို ဖြုန်းတီးခဲ့ပြီးတဲ့နောက် ကျန်ပွဲချိန်တစ်လျှောက်လုံးမှာလည်း ရစ်ချာလီဆန်ဆီမှာ အမှားများစွာ တွေ့ခဲ့ရတယ်။ ဒါပေမဲ့ အရည်အသွေးမြင့်ကစားသမားဆိုတာ ငြင်းလို့မရတဲ့ တစ်ဦးချင်းပုံစံကောင်းတချို့လည်း တွေ့ရပါတယ်။ 

အဲဗာတန်ရဲ့ကွင်းလယ်မှာ ကစားသမားသစ် ဟာမီးစ်ဆီက မျှော်လင့်ထားတာထက် ပိုကောင်းတဲ့ခြေစွမ်းကို မြင်တွေ့ခဲ့ရပြီး ဟာမီးစ်အပြင် တခြားလူသစ်နှစ်ဦးဖြစ်တဲ့ အယ်လန်နဲ့ ဒူကူဟေ၊ အသင်းသားဟောင်းဖြစ်တဲ့ အန်ဒရေဂိုးမက်စ်တို့ရဲ့ ကွင်းလယ်စုဖွဲ့မှုက တော်တော်လေးအားကောင်းခဲ့တယ်။ ဒါကြောင့်လည်း ဒီပွဲမှာ ထိုက်ထိုက်တန်တန်အနိုင်ရခဲ့ခြင်းဖြစ်တယ်။ မော်ရင်ဟိုရဲ့အသင်းကတော့ တိုက်စစ်ပိုင်းတစ်ခုတည်း ပြဿနာကြုံခဲ့တာမျိုးမဟုတ်ဘဲ ခံစစ်ပိုင်းကလည်း အားပျော့ပါတယ်။ အထူးသဖြင့် စိတ်ချရမယ်လို့ ယူဆရတဲ့ ဒိုင်ယာက အမှားများခဲ့သလို၊ ဘယ်နောက်ခံလူ ဘင်ဒေးဗီးစ်ကလည်း စိတ်ပျက်စရာ ခံစစ်ကစားပုံနဲ့ တိုက်စစ်လိုက်ချိန်မှာ အသုံးမဝင်တဲ့ ဖြတ်တင်ဘောတွေ ကစားသွားခဲ့တယ်။ ခြုံပြောရရင် စပါးရဲ့ ရာသီအဖွင့်ရှုံးပွဲက ထိုက်တန်သလို၊ ပိုဆိုးခဲ့တာက လုံလောက်တဲ့ ခြေစွမ်းမျိုးမဟုတ်တာပဲ။ ဟာရီကိန်းကတော့ အဲဗာတန်ဂိုးစည်းထဲမှာ ထိချက် (၂)ကြိမ်ပဲရှိတဲ့အထိ အခြေအနေဆိုးခဲ့တယ်။ 

Most Read

Most Recent