တစ်ကျော့ပြန် COVID-19 ၊ စက်ရုံ အလုပ်ရုံတွေ ပိတ်သိမ်းလို့ နေရပ်ပြန်ဖို့ခက်နေတဲ့ အလုပ်သမားများနဲ့ အလုပ်လက်မဲ့ပြဿနာ

တစ်ကျော့ပြန် COVID-19 ၊ စက်ရုံ အလုပ်ရုံတွေ ပိတ်သိမ်းလို့ နေရပ်ပြန်ဖို့ခက်နေတဲ့ အလုပ်သမားများနဲ့ အလုပ်လက်မဲ့ပြဿနာ
စက်ရုံတစ်ရုံသို့ လုပ်ငန်းခွင် ဝင်ရောက်မည့် အလုပ်သမားများကို တွေ့ရစဉ်
စက်ရုံတစ်ရုံသို့ လုပ်ငန်းခွင် ဝင်ရောက်မည့် အလုပ်သမားများကို တွေ့ရစဉ်
Published 13 September 2020
မျိုးထက်ပိုင်၊ သိင်္ဂီဝင်းထွန်း

မြန်မာနိုင်ငံမှာ မတ် ၂၃ ရက် က စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် စီးပွားရေးလုပ်ငန်းတွေ အတော်အထိနာခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ အထိနာခဲ့သလို အဲဒီလုပ်ငန်းတွေအပေါ် မှီခိုနေတဲ့ အလုပ်သမားတွေရဲ့ဘဝ အာမခံချက်တွေလည်း ပျောက်ဆုံးခဲ့ရပါတယ်။ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက နယ်စပ်ဂိတ်တွေ၊ လေဆိပ်တွေကို ပိတ်ထားရတဲ့အတွက် ပြည်ပနိုင်ငံတွေကနေ ကုန်ကြမ်းဝယ်ယူနိုင်ဖို့ အခက်အခဲတွေ ဖြစ်ခဲ့ပါတယ်။ စက်ရုံအလုပ်ရုံတွေမှာ ကုန်ကြမ်းပြတ်လပ်မှုတွေ ရှိလာတဲ့အတွက် အချို့သောစက်ရုံတွေဟာ ရပ်တည်နိုင်ခြင်းမရှိတော့ဘဲ ပိတ်သိမ်းခဲ့ကြရပါတယ်။ အလုပ်သမားလည်း အလုပ်လက်မဲ့ဖြစ်ခဲ့ကြရပါတယ်။ အစိုးရက ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်အထိကို သင်္ကြန်ရုံး ပိတ်ရက်တွေနဲ့အတူ Stay at Home နေထိုင်ကြဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီကာလတွေမှာတော့ စက်ရုံ လုပ်ငန်းအားလုံး လုံးဝရပ်ဆိုင်းခဲ့ရပါတယ်။

အဲဒီနောက် ဧပြီ ၂၀ ရက်မှာ စက်ရုံ အလုပ်ရုံတွေ ပြန်လည်ဖွင့်လှစ်ရမှာ ဖြစ်ပေမဲ့လည်း အစိုးရက ဧပြီ ၂၀ ရက်ကနေ ၃၀ ရက်အထိ ဆက်လက်ပိတ်ထားမယ်လို့ ထပ်မံကြေညာခဲ့ပြီး ညွှန်ကြားချက်တွေ၊ စည်းကမ်းတွေနဲ့ကိုက်ညီတဲ့ စက်ရုံတွေကိုသာ ပြန်လည်ဖွင့်ခွင့်ပြုမယ်လို့ ကြေညာခဲ့ပါတယ်။ ပြည်တွင်းကူးစက်မှုတွေ မရှိတော့တဲ့နောက် ဇူလိုင်လနှောင်းပိုင်းမှာ အစိုးရအနေနဲ့ အမိန့်ညွှန်ကြားတွေထဲက အချို့အချက်တွေကို ဖြေလျှော့မှုတွေရှိခဲ့ပြီး လုပ်ငန်းတွေကို ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ စက်ရုံ အလုပ်ရုံတွေ ပြန်လည်လည်ပတ်ကြတော့မယ့် အချိန်မှာတော့ အလုပ်လက်မဲ့ဖြစ်ခဲ့ရသူတွေအတွက် မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့ကြပါတယ်။

ပြည်တွင်းကူးစက်မှုတွေ ပြန်လည်စတင်ခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းမှာတော့ အလုပ်ရုံ စက်ရုံတွေမှာ ဝန်ထမ်းအင်အား လျှော့ချမှုတွေ စက်ရုံပိတ်သိမ်းမှုတွေ ပြန်လည်လုပ်ဆောင်လာခဲ့တဲ့အတွက် အခြေခံအလုပ်သမား လူတန်းစားတွေဆီကို အကျပ်အတည်း အခက်အခဲတွေ ပြန်လည်ဝင်ရောက်လာကြပါတော့တယ်။ ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းကာလတွေမှာ စက်ရုံ အလုပ်ရုံတွေ ပိတ်သိမ်းလိုက်ကြတဲ့အတွက် အလုပ်အကိုင်ရှားပါးမှုကြောင့် ဆင်းရဲမွဲတေမှုဒဏ်ကို ခါးစည်းခံခဲ့ကြရပြီး ယခုအခါကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းမှာတော့ ပိုမိုဆိုးရွားတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကြဖို့ အင်အားချည့်နဲ့ နေခဲ့ကြရပါပြီ။

“ ကျွန်မတို့မှာ အာမခံချက်တွေ မရှိတော့ဘူး။ ဝင်ငွေလည်းမရှိတော့ အိမ်ကိုလည်း ပိုက်ဆံမပို့နိုင်တော့ဘူး။ အခုဆို အိမ်ပါပြန်လို့မရတော့တဲ့အတွက် ရန်ကုန်မှာ သောင်တင်နေပြီ။ တစ်နေ့တစ်နေ့ ထမင်းစားရဖို့ကိုတောင် အဆင်မပြေတော့ဘူး။ အလုပ်မရှိတော့ ဘယ်ကပိုက်ဆံနဲ့ ထမင်းစားရမှာလဲ။ ရောဂါဖြစ်နေတာကို သိတယ်။ ဒါပေမဲ့ ရောဂါ ကူးပြီးမသေခင် ထမင်းငတ်ပြီးသေဖို့က ပိုသေချာနေပြီ” လို့ လှိုင်သာယာမြို့နယ်က အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့တဲ့ မခင်သန်းက ပြောပါတယ်။

လက်ရှိမှာတော့ COVID-19 ကပ်ရောဂါကြောင့် ရန်ကုန်တိုင်းက လုပ်ငန်းတချို့ ယာယီရပ်ဆိုင်းမှုတွေ ရှိလာပါတယ်။ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေကို အချိန်ကာလ တစ်ခုအထိ နောက်ဆုတ်လိုက်တာတွေ၊ ယာယီရပ်ဆိုင်းလိုက်တာတွေကိုလည်း တွေ့ရပါတယ်။

၂၀၂ ၀ ပြည့်နှစ် စက်တင်ဘာ ၉ ရက်အထိ လူမှုဖူလုံရေးစာရင်းအရ ယာယီပိတ်ထားသည့်ဌာန ၅၆၈၆ ခုရှိပြီး အလုပ်လျှော့ချထားတဲ့ အလုပ်သမားအရေအတွက် ၃၇၈၁၁ ဦးရှိတယ်လို့ သိရပါတယ်။ ကပ်ရောဂါကာလအတွင်းမှာ အလုပ်လက်မဲ့ ဦးရေက တစ်နေ့တခြားတိုးပွားလာနေသလို အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုတွေကလည်း ယခင်ကထက် ပိုများလာပါတယ်။

 

ကပ်ရောဂါကာလအတွင်း အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ

ရန်ကုန်တိုင်းအတွင်း ပထမဆုံး COVID-19 ရောဂါပိုး စတင်တွေ့ရှိခဲ့တဲ့ အထည်ချုပ်စက်ရုံဟာ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ EMC အိတ် စက်ရုံဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မင်္ဂလာဒုံမြို့နယ်ထဲမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေ၊ လှိုင်သာယာဘက်က စက်ရုံတွေနဲ့ ရွှေလင်ဗန်း စက်မှုဇုန်မှာရှိတဲ့ ကျဲ့ကျန်းထုန်လိ အထည်ချုပ်စက်ရုံတွေမှာလည်း ရောဂါပိုးရှိတဲ့သူတွေ ရှိလာခဲ့ပါတယ်။ အဲဒီမှာ ရောဂါပိုးရှိတဲ့သူတွေ၊ Quarantine ဝင်ရတဲ့သူတွေမှာ အခက်အခဲတွေ ဖြစ်လာတာကိုလည်း တွေ့လာရပါတယ်။ ရောဂါပိုးတွေ့ရှိသူတွေနဲ့ Quarantine ဝင်နေရတဲ့သူတွေကို အလုပ်မဆင်းရတဲ့ ကာလတွေအတွက် လုပ်ခလစာကို လူမှုဖူလုံရေးက ရာခိုင်နှုန်း ၆၀ ပြန်လည်ပေးအပ်တာကိုလည်း တွေ့ရပေမဲ့ လတ်တလော  Quarantine ဝင်နေရတဲ့ကာလမှာ စားသောက်စရိတ်တွေက အလုပ်သမားတွေမှာ အခက်အခဲ ရှိနေပြန်ပါတယ်။

စက်တင်ဘာ ၁၁ ရက်က ပြုလုပ်တဲ့ အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက Quarantine ဝင်နေရတဲ့ အလုပ်သမားတွေ အခက်အခဲမရှိစေဖို့ တစ်နေ့ ၅၀၀၀ ကျပ်နဲ့ စားစရိတ်နဲ့ ကုသရေးစရိတ် ထုတ်ပေးနေတယ်လို့ ပြောကြားခဲ့တာကို တွေ့ရပေမဲ့ လက်ရှိအနေအထားမှာတော့ အဆိုပါစရိတ်ကို ရရှိခြင်းမရှိပါဘူးလို့ Labour Power Group မှ ဥက္ကဋ္ဌ ဦးကျော်မျိုးထွေးက ဆိုပါတယ်။

“ ဟိုနေ့က သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဝန်ကြီးက ပြောတယ်။ Quarantine ဝင်နေရတဲ့ အလုပ်သမားတွေကို တစ်ရက်ကို စရိတ် ငါးထောင်ပေးနေတယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဒီဘက် မင်္ဂလာဒုံမှာ အလုပ်သမား ၂၀၀ ဝန်းကျင်လောက် Quarantine ဝင်နေတာရှိတယ်။ သူတို့က အဲဒီပေးတဲ့ ပိုက်ဆံကို မရကြဘူး။ တစ်ခုခုလွဲချော်နေသလားပေါ့။ ကျွန်တော်တို့က ဘယ်သူဆီကို သွားထုတ်ရမလဲ။ ဒါက ဘယ်ဌာနက ပေးနေသလဲဆိုတာကိုလဲ မသိရဘူး” လို့  ဦးကျော်မျိုးထွေးက ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်ရောဂါ ခံစားနေကြရတဲ့ အလုပ်သမားတွေနဲ့ အနီးကပ်ထိတွေ့ခဲ့ရတဲ့ သူတွေဟာလည်း စိုးရိမ်မှုတွေ ရှိနေကြတယ်။ ရောဂါကင်းရှင်းသွားရင် အလုပ်ပြန်လည် ဝင်ရောက်ခွင့်ရနိုင်မလားဆိုတာတွေနဲ့ လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါ ခွဲခြားဆက်ဆံမှုတွေ ကြုံရမလားဆိုတာကိုတွေလည်း ခံစားနေရတာကို တွေ့ရပါတယ်။

“ ကိုယ်က ရောဂါပိုးရှိနေမှာကိုလည်း ကြောက်တယ်။ ပြီးတော့ အခုဒီလို အလုပ်မဆင်းဘဲနေရတော့ လုပ်ခလစာက ရ မရ မသေချာဘူး။ ထောက်ပံ့စရိတ်တွေကလည်း အခုအထိ ရောက်မလာပါဘူး။ ဒါတွေ အကုန်ပြီးရင် အလုပ်ပြန်ဝင်လို့ရပါ့မလားလို့ တွေးမိသလို အလုပ်ပြန်ဝင်ပြီးရင်ရော အရင်လို ခေါ်ကြ ပြောကြတော့မလားဆိုပြီးလဲ စိတ်ပူတယ်” လို့ Home Quarantine ဝင်ရောက်နေရတဲ့ စက်ရုံအလုပ်သမား တစ်ဦးက ဆိုပါတယ်။

မင်္ဂလာဒုံမြို့နယ်က Dragon State Limited အထည်ချုပ်စက်ရုံမှာ ရောဂါပိုးတွေ့ရှိပြီးနောက် ၎င်းနဲ့ ထိတွေ့ဆက်စပ်ခဲ့တဲ့ အလုပ်သမားတွေကို စက်ရုံက အလုပ်လာ မဆင်းဖို့ နှင်ထုတ်ခဲ့တဲ့ အဖြစ်အပျက်တွေကလည်း ရှိနေခဲ့ပါတယ်။ ဒါကြောင့် စက်ရုံတစ်ရုံမှာ ရောဂါပိုးတွေ့ရှိခဲ့ပါက လုပ်ငန်းရှင်အနေနဲ့ ဘယ်လိုတာဝန်ယူမလဲ။ အစိုးရအနေနဲ့ ဘယ်လိုတာဝန်ယူမလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပြန်တယ်။ ပြီးတော့လည်း စက်ရုံတွေပိတ်မယ် မပိတ်ဘူးဆိုတဲ့ ကောလဟလတွေနဲ့ စက်ရုံပိတ်ပေးဖို့ဆိုတဲ့ ထုတ်ပြန်ချက်တွေက ထွက်လာခဲ့တာ ရှိသလို စက်ရုံတွေ မပိတ်ဘူးဆိုတဲ့ ထုတ်ပြန်ချက်တွေကလည်း ပြန်လည်ထွက်လာခဲ့တာတွေလည်း ရှိနေခဲ့တယ်။

“ အစိုးရအနေနဲ့က အလုပ်သမားနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေက ပြတ်ပြတ်သားသားမချဘူး။ စက်ရုံပိတ်ဆိုရင်လည်း ဘယ်လိုပုံစံမျိုးတွေနဲ့ ပိတ်မလဲဆိုတာတွေ၊ အစိုးရဘက်က ဘယ်လိုတာဝန်ယူမလဲ။ လုပ်ငန်းရှင်က ဘယ်လိုတာဝန်ယူမလဲ။ အလုပ်သမားဘက်က ဘယ်လိုလိုက်နာရမလဲဆိုတာတွေလည်း မရှိဘူး။ စက်ရုံမပိတ်ဘူးလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ အခုက ပိုးတွေ့တယ်ဆိုရင် တွေ့တဲ့လိုင်းကို ပိတ်ပစ်လိုက်တယ်။ အဲဒါကို Quarantine ထားကြတယ်။ ပြီးတော့ အဲဒါတာဝန်ကို ဘယ်သူက ယူမှာလဲ လုပ်ငန်းရှင်လား၊ အစိုးရလား။ အဲဒီနှစ်ခု မသဲကွဲဘူး။ အလုပ်သမားကလည်း သူ့ပယောဂကြောင့် ကူးတာလည်း မဟုတ်ဘူးလေ။ အဲဒီတော့ လုပ်ငန်းရှင်က တာဝန်ယူရမယ်။ မဟုတ်လည်း အစိုးရက တာဝန်ယူရမယ်။ အလုပ်သမားက ကိုယ်ကလည်း အကူးခံရသေးတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင် တာဝန်ယူရမယ်ဆိုရင်တော့ မဟုတ်သေးဘူး။ ဒီမှာတော့ အစိုးရအနေနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ချပေးပါ” လို့ သွေးစည်းညီညွှတ်သော သမဂ္ဂများ အဖွဲ့ချုပ်မြန်မာ STUM မှ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

စက်ရုံတွေကို ပိတ်လို့မရနိုင်ရင် အလုပ်သမားတွေကို လုံခြုံစိတ်ချမှုရှိတဲ့ အနေအထားရအောင် ဆောင်ရွက်စေချင်ကြောင်း အလုပ်သမား ကိုယ်စားလှယ်တွေကလည်း ပြောကြားပါတယ်။ အလုပ်သမားတွေ အနေနဲ့ကလည်း ၎င်းတို့စက်ရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အားနည်းတဲ့အပြင် စစ်ဆေးရေးတွေ လာမှ ပြင်ဆင်မှုရှိတာတွေကို လူကြီးတွေကို သိစေချင်တယ်လို့ ဆိုပါတယ်။ ဒီလို အယောင်ပြတွေ မလုပ်စေချင်ဘူးလို့ Labour Power Group မှ ဥက္ကဋ္ဌ ဦးကျော်မျိုးထွေးက ပြောပါတယ်။

“ အလုပ်သမားတွေက လုပ်ငန်းခွင်တွေကို အရဲစွန့်ပြီးသွားနေရတယ်။ အဲဒီလိုအခြေအနေတွေမှာ သူတို့စိတ်ပိုင်းဆိုင်ရာလုံခြုံအောင် စီစဉ်ပေးသင့်တယ်။ စက်ရုံတွေက ပိတ်ဖို့မဖြစ်နိုင်ဘူးဆိုတာ အစ်ကိုတို့က နားလည်တယ်။ အဲဒီတော့ မဖြစ်နိုင်တဲ့အရာကြီးကို အစ်ကိုတို့ကလည်း ဇွတ်ပြောမနေဘူး။ ဒါပေမဲ့ အဲဒီအပေါ်မှာ အကောင်းဆုံး ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ စဉ်းစားကြရမယ်။ စက်ရုံတွေ ပိတ်လို့ မရဘူးဆိုရင်လည်း ကြီးကြပ်မှုတွေကို သေချာလုပ်ပေးဖို့ လိုအပ်ပါတယ်။ အဲဒါကိုပဲ ထပ်ခါ ထပ်ခါ ပြောချင်ပါတယ်။ အယောင်ပြတွေ မလုပ်ပါနဲ့။ အယောင်ပြတွေ လုပ်နေရင် ပိုပြီး ဆိုးလာမှာပါ” လို့ဆိုပါတယ်။

ကပ်ရောဂါကာလအတွင်းမှာ အလုပ်သမားတွေ တရားစွဲခံရတာတွေ၊ တောင်းဆို ဆန္ဒပြမှုတွေနဲ့ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုတွေက ပိုများလာပါတယ်။ သြဂုတ် ၃၀ ရက်က ပြည်ထောင်စုဝန်ကြီးက လုပ်သမားသမဂ္ဂအဖွဲ့ချုပ်များနဲ့ တွေ့ဆုံခဲ့ရာမှာ ကိုဗစ်ကာလအတွင်း တရားစွဲခံထားရတဲ့ အလုပ်သမားများနဲ့ပတ်သက်ပြီး ပြန်လည်စိစစ်မယ်လို့ ပြောကြားခဲ့ပါတယ်။

လှိုင်သာယာစက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံတစ်ရုံ ယာယီပိတ်သိမ်းလိုက်သဖြင့် နစ်နာကြေးပေးနေသည်ကို မတ်လကုန်ခန့်က တွေ့ရစဉ်         

နေရပ်ပြန်ဖို့ အခက်အခဲတွေကြားက အလုပ်လက်မဲ့ပြဿနာ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ဟာ စက်ရုံ အလုပ်ရုံ အများဆုံးတည်ရှိတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီ စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်နေသူတွေ အများစုဟာ မြန်မာနိုင်ငံရဲ့ နေရာ ဒေသအသီးသီးက လာကြသူတွေ ဖြစ်ပါတယ်။ စျေးပေါပေါနဲ့ရတဲ့ အဆောင်တွေမှာ နေထိုင်ကာ နေရေးကို ဖြေရှင်းပြီးတော့ စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်ကာ ဝမ်းရေးအတွက် ဖြေရှင်းနေကြရတာပါ။

အခုလို စက်ရုံ အလုပ်ရုံတွေ ပိတ်သိမ်းတာ၊ ဝန်ထမ်းအင်အား လျှော့ချတာတွေကြောင့် နေရေးအပြင် ဝမ်းရေးအတွက်ပါ ခက်ခဲလာကြပါတယ်။ အချို့စက်ရုံတွေက အလုပ်ရှင်တွေဟာ ကပ်ရောဂါကြောင့် စီးပွားရေးအဆင်မပြေမှုတွေကို ဖြေရှင်းနိုင်ခြင်းမရှိတော့တဲ့အတွက် ထွက်ပြေးတိမ်းရှောင် သွားကြတာတွေဟာလည်း အများအပြားရှိနေပါတယ်။ အဲဒီလို အခြေအနေမျိုးတွေကြောင့် စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေဟာ အလုပ်လက်မဲ့တွေ များပြားလာပါတော့တယ်။ အဆောင်မှာ နေထိုင်ကြတဲ့သူတွေအတွက် အလုပ်လက်မဲ့ဖြစ်လာတဲ့အချိန်မှာတော့ အဆောင်လခပေးသွင်းနိုင်ခြင်း မရှိကြတော့ပါဘူး။ အဆောင်ပိုင်ရှင်တွေအနေနဲ့လည်း အဆောင်လခမပေးနိုင်သူတွေကို ဆက်လက်ထားလိုခြင်း မရှိတော့တဲ့အတွက် နေရေးအတွက် အခက်အခဲတွေ ဖြစ်လာပါတော့တယ်။

“ ကျွန်မတို့စက်ရုံဆိုရင် ဧပြီလကတည်းကပိတ်ထားတာ အခုအထိ ပြန်မဖွင့်သေးဘူး။ ဝင်ငွေမရှိတော့ ကြုံတဲ့အလုပ်ရတဲ့ အလုပ်လေးလုပ်တယ်။ အဲဒီအထိအဆင်ပြေသေးတယ်။ အခုက အခြားအလုပ်ပါ ရှာလို့ မရတော့ဘူး။ ရောဂါတွေဖြစ်တော့ အလုပ်တွေ ပိတ်ထားရတဲ့အတွက် ဝင်ငွေကမရှိတော့ဘူး။ အဲဒီတော့ အဆောင်လခမပေးနိုင်တော့ဘူး။ မပေးနိုင်တော့ အဆောင်ပိုင်ရှင်က နှင်ချတယ်။ အခုဆို နေစရာ မရှိဘူး။ ဖြစ်သလိုစားနေရတယ်” လို့ မခင်သန်းက ပြောပါတယ်။

ပြည်တွင်းကူးစက်မှုတွေ များလာပြီးနောက် စက်တင်ဘာ ၁၀ ရက်မှာတော့ ရန်ကုန်တိုင်းကနေ မြန်မာနိုင်ငံရဲ့အခြားနေရာ ဒေသတွေကို မသွားလာဖို့ တိုင်းအစိုးရကနေ ထုတ်ပြန်ခဲ့ပါတယ်။ ကျန်းမာရေးကိစ္စနဲ့ အရေးကြီးကိစ္စရပ်တွေမှအပ အောက်တိုဘာ ၁ ရက်အထိကို ရန်ကုန်တိုင်းပြင်ပသို့ မထွက်ဖို့အတွက် ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ အဲဒီလိုညွှန်ကြားပြီးတဲ့နောက်မှာတော့ အလုပ်လက်မဲ့ အခြေခံလူတန်းစားတွေအတွက် မိမိတို့ရဲ့ နေရပ်ပြန်နိုင်ဖို့ အခက်အခဲတွေ ရှိလာပါတော့တယ်။ အမျိုးသားအများစုကတော့ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ မှီခိုနေထိုင်နေကြရပြီး ရလာနိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်းတွေကို စောင့်မျှော်နေကြရပါတယ်။

“ ပြောရမယ်ဆိုရင်တော့ အလုပ်အကိုင်မရှိဘဲ ရန်ကုန်မှာ သောင်တင်နေတယ်ပေါ့။ အခုက ရန်ကုန်ကို ပိတ်လိုက်ပြီလို့လည်း သတင်းတွေမှာ ဖတ်ရတယ်။ အဲဒီတော့ နေရပ်ကိုပြန်လို့ မရတော့ဘူး။ အလုပ်ကလည်း ဝန်ထမ်းလျှော့တဲ့ အထဲပါသွားတော့ မရှိတော့ဘူး။ နစ်နာကြေးလည်း မရဘူး။ အဲဒီတော့ အလုပ်သမားအဖွဲ့အစည်းတွေဆီ အကူအညီ သွားတောင်းရတာပေါ့။ သူတို့လည်း နိုင်သလောက်ကူကြပါတယ်။ နေတာက အရင်က သူငယ်ချင်းတွေနဲ့ အဆောင်မှာ နေတယ်။ အခုအဆောင်လခမပေးနိုင်လို့ ဘုန်းကြီးကျောင်းမှာပဲ ကပ်နေရတော့တာပေါ့” ဟု ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်သို့ အလုပ်လာရောက်လုပ်ကိုင်သူ ကိုအေးကိုက အခုလိုပြောပါတယ်။

အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ်မြန်မာ STUM မှ ဒေါ်မျိုးမျိုးအေးက “ အလုပ်သမားတွေက သူတို့ရဲ့ နယ်တွေကို မပြန်ကြတဲ့သူတွေရှိတယ်။ ဘာလို့ဆို အဲဒီနယ်တွေပြန်ရင် Quarantine ၂၁ ရက်ဝင်ရမှာရှိတယ်။ ပြီးတော့ သူတို့ ဒေသတွေမှာ အစကတည်းက အလုပ်အကိုင် အခွင့်အလမ်းမရှိလို့ သူတို့က ရန်ကုန်ကို လာတာဆိုတော့ ရန်ကုန်မှာပဲ သူတို့က နောက်ထပ် အလုပ်အကိုင် အခွင့်အလမ်း ထပ်ရှာပြီး အလုပ်ဝင်ကြတယ်။ တချို့ကျတော့လည်းအလုပ် အခုထက်ထိကို မရသေးတာသူတွေ ရှိနေတယ်” လို့ မှတ်ချက်ပြုပါတယ်။

 

လုပ်ငန်းခွင်အတွင်း ဝင်ရောက်မယ့် သူတွေအတွက် အတားအဆီးဖြစ်နေတဲ့ Lockdown

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်ကစပြီး နေအိမ်တွေ၊ လမ်းတွေကို Lockdown ပြုလုပ်ပြီး အသွားအလာကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ရောဂါပိုးတွေ့ရှိတဲ့ နေအိမ်ကို Lockdown ပြုလုပ်ပြီး မိသားစုဝင်တွေကို Quarantine ထားရှိမှုတွေက အစပိုင်းမှာ အဆင်ပြေမှုတွေရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ မပြေလည်မှုတွေ စတင်လာခဲ့ပါတယ်။ အဲဒါကတော့ လမ်းများကို Lockdown ပြုလုပ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ လမ်းတွေကို အသွားအလာကန့်သတ်ပြီး တင်းကျပ်မှုတွေ ပြုလုပ်လိုက်တဲ့အချိန်မှာတော့ လုပ်ငန်းခွင်အတွင်း ဝင်ရောက်မယ့်သူတွေအတွက် အခက်အခဲတွေ ဖြစ်ပေါ်လာပါတယ်။

ရောဂါပိုးတွေ့ရှိသူ များပြားတဲ့ လမ်းတွေကို Lockdown ပြုလုပ်ထားတာ အဆင်ပြေပေမဲ့ တစ်ဦးတစ်ယောက်တည်း တွေ့ရှိတဲ့လမ်းတွေကို အသွားအလာ ကန့်သတ်လိုက်ခြင်းတွေကတော့ လုပ်ငန်းခွင်ဝင်ရောက်မယ့်သူတွေအတွက် စီးပွားရေးထိခိုက်နစ်နာမှုတွေ ရှိလာပါတယ်လို့ ပြောဆိုမှု တွေရှိလာပါတယ်။

“ အရင်ကတော့ နေအိမ်တွေကိုပဲ Lockdown လုပ်တော့ အဆင်ပြေတယ်။ ညီမတို့လမ်းထဲမှာဆို ပိုးတွေ့လူနာ တစ်ယောက်ပဲရှိတာ။ အဲဒါကို တစ်လမ်းလုံး ပိတ်လိုက်တော့ အလုပ်သွားလို့မရတော့ဘူး။ နောက်ပြီး ဝန်ထမ်းလျှော့ချတဲ့ကာလနဲ့တိုးတော့ ညီမက အလုပ်အော်တို ပြုတ်သွားသလို ဖြစ်သွားတယ်။ အဲဒီတော့ အလုပ်ကမရှိတော့ဘူး။ အစိုးရအနေနဲ့ အခုလိုကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာ ပြည်သူတွေရဲ့ အခက်အခဲ အကျပ်အတည်းတွေကို သေချာနားလည်စေချင်တယ်” လို့  မင်္ဂလာဒုံစက်မှုဇုန်မှာ နေထိုင်တဲ့ မဇာဇာလင်းက အခုလိုပြောပါတယ်။

အဲဒါအပြင် ရန်ကုန်မြို့ရဲ့အချို့လမ်းတွေမှာ ပြုလုပ်ထားတဲ့ Lockdown တွေဟာ ညွှန်ကြားချက်တွေ ဥပဒေတွေကို ကျော်လွန်ပြီးတော့ လုပ်ဆောင်နေတာတွေရှိတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အချို့ Lockdown ပြုလုပ်ထားတဲ့ လမ်းတွေမှာ အတားအဆီးတွေကို အလွန်အကြူးတားဆီးကာရံထားပြီး ဝင်ထွက်ခွင့်တွေကို တင်းကျပ်တဲ့အတွက် လမ်းအတွင်းနေထိုင်သူတွေရဲ့ စီးပွားရေးထိခိုက်မှုတွေဟာလည်း ရှိလာကြပါတယ်။ လမ်းတွေကို Lockdown ပြုလုပ်မှုတွေဟာ အချိန်အတိုင်းအတာ ကန့်သတ်ထားမှုတွေ မရှိတဲ့အတွက် စားဝတ်နေရေး ကျပ်တည်းမှုတွေဟာလည်း တစ်နေ့တခြား များပြားလာနေပါတယ်။

မြန်မာနိုင်ငံမှာလည်း လမ်းတွေကို Lockdown ပြုလုပ်မှုတွေ များပြားလာချိန်မှာတော့ လမ်းအတွင်း နေထိုင်သူတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း ဝင်ရောက်ဖို့ရန်အတွက် Lockdown ဟာ အတားအဆီး ဖြစ်နေခဲ့ပြီးတော့ ထိခိုက်နစ်နာမှုတွေ အများအပြားရှိလာနေပါတယ်။

မထိန်းချုပ်နိုင်သေးတဲ့ COVID-19 ကပ်ရောဂါနဲ့ အလုပ်လက်မဲ့ လူဦ်းရေများပြားနေမှုဟာ ဆိုးရွားတဲ့စီးပွားရေး ထိခိုက်နစ်နာမှုတွေဆီကို ဦးတည်နေတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်သူတွေက ဝေဖန်မှုတွေ ရှိနေပါတယ်။

Most Read

Most Recent