COVID-19 ကာလ ရွေးကောက်ပွဲနှင့် ပြည်သူ့ကျန်းမာရေး ဘယ်ဟာကို ဦးစားပေးမလဲ

COVID-19 ကာလ ရွေးကောက်ပွဲနှင့် ပြည်သူ့ကျန်းမာရေး ဘယ်ဟာကို ဦးစားပေးမလဲ
ပြည်မြို့တွင် ပါတီအချို့ မဲဆွယ်စည်းရုံးနေသည်ကို စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ဝေလင်း-ပြည်)
ပြည်မြို့တွင် ပါတီအချို့ မဲဆွယ်စည်းရုံးနေသည်ကို စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ဝေလင်း-ပြည်)
Published 14 September 2020
ဇော်မင်းနိုင်

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပြီး တစ်လနီးပါးအကြာတွင် မြန်မာနိုင်ငံ၌ COVID-19 ဒုတိယလှိုင်း စတင်ဖြစ်ပွားခဲ့သည်။

ကိုဗစ်ဒုတိယလှိုင်းက ဘယ်လောက်အထိ ရိုက်ခတ်နေသလဲ

သြဂုတ် ၁၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘဏ်ဝန်ထမ်းတစ်ဦးတွင် COVID-19 ရောဂါပိုး        စတင်တွေ့ရှိရာမှ ဒုတိယလှိုင်းမှာ ပထမလှိုင်းထက် အရှိန်ပြင်းပြင်းဝင်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ဒုတိယလှိုင်းအစဟုဆိုရမည့် ကာလမှ စတင်ရေတွက်ပါက တစ်လမပြည့်မီမှာပင် ကူးစက်မှုနှုန်းမှာ ကြောက်ခမန်းလိလိတိုးတက်လာခဲ့ပြီး စက်တင်ဘာ ၁၁ ရက်နံနက်ပိုင်းအထိ စာရင်းအရ လူ ၂၂၆၅ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။ ပထမလှိုင်းဟု ပညာရှင်များက သတ်မှတ်ထားသည့် လွန်ခဲ့သည့် ငါးလတာကာလတွင် COVID-19 ဖြစ်ပွားမှုမှာ ၃၇၀ ကျော်သာ ရှိခဲ့သော်လည်း ဒုတိယလှိုင်းဟုဆိုရမည့် သြဂုတ် ၁၆ ရက်မှ စတင်ကာရေတွက်ပါက တစ်လနီးပါးအကြာတွင် ဖြစ်ပွားမှုနှုန်းမှာ ခုနစ်ဆနီးပါးခန့်အထိ ခုန်တက်လာခြင်းဖြစ်သည်။

ရောဂါစတင်ဖြစ်ပွားခဲ့သည့် စစ်တွေမြို့ကို သြဂုတ် ၂၁ ရက်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီး ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ပေ။ စစ်တွေမြို့တွင်စတင်ဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် COVID-19 မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးကို ကူးစက်ခဲ့သည်။

ယင်းအခြေအနေကြောင့် စစ်တွေ၊ ကျောက်တော်နှင့် မောင်တောမြို့နယ်များတွင် Stay at Home အစီအစဉ် စတင်ကြောင်းအစိုးရက သတ်မှတ်ခဲ့သော်လည်း ရက်ပိုင်းအတွင်းမှာပင် ရခိုင်ပြည်နယ်တစ်ခုလုံးကို Stay at Home သတ်မှတ်ခဲ့ရသည်။

ရခိုင်ပြည်နယ်တွင်ကူးစက်ခံရသူများမှာ သံဃာတော်များ၊ စစ်ဘေးရှောင်စခန်းများတွင် လုပ်ကိုင်နေသူများ၊ ဘဏ်ဝန်ထမ်း အစရှိသူများ ပါဝင်ခဲ့ရာ အခြေခံလူတန်းစားများနှင့် အများဆုံးထိတွေ့သူများ ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

ယင်းနောက်တွင် ရောဂါကုသသည့် ဆရာဝန်များ၊ သူနာပြုများပါ ပါဝင်လာရာ ဆေးဝန်ထမ်း လိုအပ်ချက်များ ရှိလာခဲ့သည်။

ယင်းကြောင့် ရခိုင်ပြည်နယ်တွင် မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်မည့်ဆရာဝန်များ၊ သူနာပြုများကို ခေါ်ယူခဲ့ရပြီး အားဖြည့်ပေးခဲ့ရသည်။

ယင်းနောက် စစ်တွေ ကိုဗစ်ဒုတိယလှိုင်းမှာ ရန်ကုန်မြို့သို့ သြဂုတ်လကုန်ပိုင်းမှာပင် ရောက်ရှိလာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ယင်းဒုတိယလှိုင်းမှာ ရခိုင်ပြည်နယ်မှ ပြန်လာသူများထံမှ ကူးစက်သည်ဟု ပထမပိုင်းတွင်ယူဆခဲ့သော်လည်း ရောဂါကူးစက်ခံရသူနှင့် ထိတွေ့မှုမရှိ၊ ပြည်ပမှ ပြန်လာသူမဟုတ်၊ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သူမဟုတ်ဘဲ ကူးစက်ခံရသူများ ရှိလာခဲ့သည်။

မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့တော်ဖြစ်ပြီး တစ်နိုင်ငံလုံး GDP ၏ ရာခိုင်နှုန်းအများစုမှာ ရန်ကုန်မြို့ကို အခြေပြုခြင်းကြောင့် ကိုဗစ်ဒုတိယလှိုင်းတွင် ရန်ကုန်မြို့မှာ ပထမလှိုင်းထက် ပိုမိုခံစားနေရသည်ဟု ဆိုနိုင်သည်။

စတင်ဖြစ်ပွားခဲ့သည့် မြို့နယ်များမှာ သာကေတ၊ အင်းစိန်၊ တောင်ဥက္ကလာပနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့ဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှုမှာ တစ်ရှိန်ထိုး မြင့်တက်လာခဲ့သည်ဟု ဆိုနိုင်သည်။

ယင်းကြောင့် စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်တိုင်းရှိ သာကေတ၊ တောင်ဥက္ကလာပ၊ အင်းစိန်၊ လှိုင်၊ မြောက်ဥက္ကလာပ၊ ပုဇွန်တောင်နှင့် မင်္ဂလာဒုံမြို့နယ်တို့ကို Stay at Home အဖြစ် သတ်မှတ်ကြောင်း ပြည်ထောင်စုအစိုးရက သတ်မှတ်ခဲ့သည်။

သို့သော် ရောဂါကူးစက်ခံရသူအရေအတွက်မှာ ပိုတိုးလာပြီးနောက်တွင် စက်တင်ဘာ ၉ ရက်၌ မြို့နယ် ၂၁ မြို့နယ်ကို Stay at Home အဖြစ် ထပ်မံသတ်မှတ်ခဲ့ရာ ရန်ကုန်တိုင်းရှိ မြို့နယ် ၃၃ ခုနက် ၂၈ မြို့နယ်တွင် Stay at Home အစီအစဉ် အသက်ဝင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်တစ်ဆင့်တိုးအဖြစ် စက်တင်ဘာ ၁၀ ရက်တွင် ကျန်းမာရေးနှင့် အရေးကြီးကိစ္စမှ လွဲပြီး ရန်ကုန်တိုင်းပြင်ပသို့ ထွက်ခွာခြင်း မပြုရန် တိုင်းအစိုးရက ထပ်မံသတ်မှတ်ခဲ့သည်။

ယင်းညမှာပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရန်ကုန်တိုင်းမှာ ပြည်သူများအားလုံး၏ နှလုံးသား မြို့တော်ဖြစ်သည့် ရန်ကုန်တိုင်းကို အသွားအလာကန့်သတ်မည်ဖြစ်ပြီး ထုတ်ပြန်ထားသည့် စည်းကမ်းများကို မလိုက်နာပါက ဥပဒေအရ အရေးယူမည်ဟု နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။

“ စျေးတွေမှာ အရင်သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပိုပြီးတော့ တင်းတင်းကျပ်ကျပ်လိုက်နာဖို့ကို ကျွန်မတို့ ဆောင်ရွက်ပါမယ်။ မလိုက်နာတဲ့သူတွေကို ကျွန်မတို့ ဥပဒေအရ အရေးယူရပါလိမ့်မယ်။ ဥပဒေဆိုတာ ကျွန်မ ခဏခဏ ပြောပါတယ်။ ပြည်သူကို ဒဏ်ပေးဖို့ မဟုတ်ဘူး။ တကယ်တော့ ကျွန်မတို့ရဲ့ လူ့အသိုင်းအဝန်းရဲ့ တည်ငြိမ်မှု အေးဆေးမှုကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒီလိုရောဂါအားလုံး ပြန့်ပွားသွားမယ်ဆိုရင် ကျွန်မတို့ လူ့အသိုင်းအဝန်းဟာ အများကြီးထိခိုက်လာတဲ့အခါကျ တည်ငြိမ်မှုလည်း ရှိမှာမဟုတ်ပါဘူး။ အေးငြိမ်းမှုလည်းရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ကနေပြီးတော့ စည်းမျဉ်းစည်းကမ်း မလိုက်နာလျှင် သဘာဝဘေးအန္တရာယ်ဥပဒေအရ အရေးယူမယ်လို့ ပြောတာက သဘာဝဘေးအန္တရာယ် ဥပဒေဟာ ကူးစက်ရောဂါဥပဒေထက် ပိုပြီးတော့ ပြင်းထန်ပါတယ်။ ဒီလိုပဲ ပြင်းပြင်းထန်ထန်လုပ်နိုင်မှ ကျွန်မတို့ဟာ ထိထိရောက်ရောက် COVID ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်မှာပါ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့ကို အိမ်ပြင်မထွက်ရန် သတ်မှတ်ထားကြောင်း၊ နာမည်တပ် ပြောရမည်ဆိုပါက သင်္ဃန်းကျွန်းမြို့နယ်မှာ COVID ရောဂါစွဲကပ်နေသည့် ပြည်သူအများအပြားရှိကြောင်း၊ ယင်းသို့ဖြစ်ရသည့်အကြောင်းရင်းမှာ ကာရာအိုကေဆိုင်မှတစ်ဆင့် ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

“ ရန်ကုန်နှင့် ပတ်သက်ရင် အဓိကကတော့ အသွားအလာကန့်သတ်ဖို့ပါပဲ။ လူစုလူဝေးတွေ မဖြစ်ဖို့ပါပဲ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

စက်တင်ဘာ ၁၁ ရက်နံနက်အထိ စာရင်းအရ ရန်ကုန်တိုင်းအတွင်း ရောဂါပိုးတွေ့ရှိသူ အရေအတွက်မှာ တစ်ထောင်ကျော်ဖြစ်လာခဲ့ပြီး ရခိုင်ပြည်နယ်မှာ လူ ၆၀၀ ကျော်ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။

ကိုဗစ်ဒုတိယလှိုင်းမှာ ကူးစက်မှု မြန်ဆန်သကဲ့သို့ ပြင်းထန်မှုမှာလည်း ပထမလှိုင်းထက်ပင်ပိုဆိုးနေသည်ကို ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

ပထမလှိုင်းတွင် သေဆုံးသူအရေအတွက်မှာ ခြောက်ဦးသာရှိသော်လည်း တစ်လမကြာသေးသည့်အချိန်တွင် သေဆုံးသူအရေအတွက်မှာ ၁၆ ဦးအထိ ရှိလာခဲ့သည်။

ရောဂါကူးစက်မှုများလာခြင်းကြောင့် ဖောင်ကြီးဆေးရုံ၊ ဝေဘာဂီဆေးရုံနှင့် တောင်ဥက္ကလာပဆေးရုံများတွင် COVID-19 လက်ခံကုသနိုင်သည့် ရောဂါရှင်အရေအတွက် ပြည့်လုပြည့်ခင်အနေအထားအထိ ရောက်ရှိနေသည်။ (ယခုဆောင်းပါးရေးချိန်တွင် လူ ၅၀၀ ကုသနိုင်သည့် ဖောင်ကြီးဆေးရုံတွင် ၄၉၅ ဦး၊ လူ ၉၀ ကုသနိုင်သည့် ဝေဘာဂီဆေးရုံတွင် ၆၇ ဦး၊ လူ ၆၀ ကုသနိုင်သည့် တောင်ဥက္ကလာပဆေးရုံတွင် ၅၇ ဦး တက်ရောက်ကုသနေသည်။ ယင်းအရေအတွက်မှာ ပြောင်းလဲမှုများ ရှိနိုင်ပါသည်။)

ယခင်က ဆေးရုံတွင် တက်ရောက်ကုသရာ၌ နှစ်ကြိမ် Negative ပြသမှသာ ဆေးရုံမှ ဆင်းခွင့်ပြုခြင်းကြောင့် အချို့လူနာများမှာ ဆေးရုံတက်ရက် ၇၀၊ ၈၀ အထိ ကြာမြင့်ခဲ့သော်လည်း ရောဂါပိုးတွေ့ရှိသူ များလာပြီးနောက်တွင် တစ်ကြိမ် Negative ပြသပြီးပါက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ ဆေးရုံမှ ဆင်းခွင့်ရသူအရေအတွက်မှာ ယခင်ထက် ပိုများလာခဲ့သည်။ သို့သော်အခြားတစ်ဖက်တွင်လည်း ရောဂါကူးစက်သူအရေအတွက်မှာ စံချိန်တင်တွေ့ရှိမှုများဖြစ်လာခဲ့ပြီး စက်တင်ဘာ ၈ ရက်နောက်ပိုင်းမှစ၍ တစ်နေ့ပျမ်းမျှ လူ ၁၀၀ အထိ ရှိလာခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် COVID-19 ကြောင့် တက်ရောက်ကုသသူများထဲတွင် ICU ၌ ကုသမှုခံယူနေရသူများမှာ စက်တင်ဘာ ၁၁ ရက်စာရင်းအရ တစ်နိုင်ငံလုံး၌ ၁၇ ဦးရှိပြီး ရန်ကုန်မြို့တွင် ၁၅ ဦးရှိကာ စစ်တွေနှင့် မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် တစ်ဦးစီရှိသည်။

ဗီဇပြောင်း COVID-19 မှာ ကူးစက်မှုလည်း ပိုမိုမြန်ဆန်လာခဲ့ပြီး ရောဂါကူးစက်ခံရသူများမှာ ဖျားနာမှသာ စစ်ဆေးမှုခံယူခြင်းကြောင့် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သော်လည်း ဒုတိယလှိုင်းတွင်မူဖျားနာခြင်းထက် အနံ့ပျောက်ခြင်း၊ အရသာပျောက်ခြင်းများ ကြုံတွေ့လာခဲ့သည်။

“ နောက်ပိုင်းမှာ မျိုးရိုးဗီဇပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ စစဦးတွေ့တဲ့ GGG အမျိုးအစားကနေ AAC အမျိုးအစားတစ်ခုကို ပြောင်းသွားတာ ရှိပါတယ်။ အဲဒီလိုမျိုးရိုး ဗီဇပြောင်းလဲမှုဖြစ်သွားရင် ဗိုင်းရပ်စ်က နည်းနည်းလေး ပိုးပျော့သွားတယ်။ အားပျော့သွားပြီးတော့ ပြင်းထန်မှုနည်းနည်းနည်းသွားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက နမူနာ ၁၀ ခုမှာ နှစ်ခုမှာပဲ အခုလိုအားပျော့သွားတာကို တွေ့ရပါတယ်။ နောက်ပိုပြီးတော့ ထူးခြားတဲ့ မျိုးရိုးဗီဇပြောင်းလဲမှုကတော့ နိုင်ငံတကာမှာလည်း အရမ်းစိတ်ဝင်စားနေတဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုဖြစ်ပါတယ်။ D614 ကနေ G614 ကို ပြောင်းသွားတဲ့ အမျိုးအစား ဖြစ်ပါတယ်။ ဒီအမျိုးအစားကလည်း နောက်ပိုင်းကမ္ဘာမှာ တော်တော်လေး များလာပြီးတော့ ဒီလိုမျိုးပြောင်းလဲသွားခြင်းကြောင့် ရောဂါကူးစက်နိုင်စွမ်းက ၁၀ ဆအထိ ပိုပြီးတော့ များပြားလာစေတယ်လို့ သုတေသနအရ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်ဆေးတဲ့ မျိုးရိုးဗီဇ ၁၀ ခုထဲမှာ ခြောက်ခုကဆိုရင် အခုလိုမျိုး D ကနေ G ကို ပြောင်းလဲသွားတာကို တွေ့ရပါတယ်” ဟု ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာမြတ်ထွန်းညွန့်က ပြောကြားထားသည်။

ကမ္ဘာပေါ်တွင်လည်း COVID-19 ကူးစက်ခံရမှုမှာ စက်တင်ဘာ ၁၁ ရက် ညနေအထိ ရောဂါကူးစက်ခံရသူ ၂၈ သန်းကျော်ရှိလာပြီး သေဆုံးသူအရေအတွက်မှာ ကိုးသိန်းကျော်ရှိလာခဲ့ပြီဖြစ်သည်။ ပြန်လည်ကောင်းမွန်လာသူ အရေအတွက်မှာ သန်း ၂၀ ကျော် ရှိသည်။

COVID-19 နှင့် ရွေးကောက်ပွဲ

မြန်မာ့နိုင်ငံရေး၌ ပါတီပေါင်း ၉၄ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လအတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကာလမှာ COVID-19 ငြိမ်သက်နေသည့်ကာလဟု ဆိုနိုင်သည်။ ယင်းနောက် ပါတီများ မှတ်ပုံတင်ခြင်း၊ ကိုယ်စားလှယ်လောင်းများ၏ လျှောက်လွှာများ လက်ခံခြင်းများ ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲမဲ ဆွယ်ကာလကို စက်တင်ဘာ ၈ ရက်တွင် စတင်ပြုလုပ်နိုင်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

COVID-19 ပထမလှိုင်း အရှိန်တန့်ခဲ့သည့် ဇူလိုင်လတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယခင်သတ်မှတ်ထားသည့် လူ ၁၅ ဦးသာ စုဝေးခွင့်ပြုထားသည့် အမိန့်ကို လူ ၃၀ အထိ ထပ်တိုးခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ခဲ့သဖြင့် နိုင်ငံရေးပါတီများအတွက် အသက်ရှူပေါက်ချောင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သော်လည်း ဒုတိယလှိုင်း စတင်ရိုက်ခတ်သည့် သြဂုတ်လလယ်ပိုင်းတွင်မူ ယင်းအချက်မှာ အသုံးမဝင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် ရခိုင်နှင့် ရန်ကုန်တိုင်းမြို့နယ်များတွင် Stay at Home အစီအစဉ် အသက်ဝင်ခဲ့ခြင်းကြောင့့်ဖြစ်သည်။

စက်တင်ဘာ ၇ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လိုက်နာရမည့် အဓိကအချက်နှစ်ချက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အမိန့်များ၊ ညွှန်ကြားချက်များနှင့် ရွေးကောက်ပွဲကာလအတွင်း ရောဂါဖြစ်ပွားမှုပေါ်မူတည်ပြီး ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်မည် ဆိုသည့်အချက်နှင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်သတ်မှတ်ထားသော တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာဒေသများတွင် လှည့်လည်မဲဆွယ်စည်းရုံးခြင်း၊ ပြင်ပနေရာများ၊ အဆောက်အအုံများအတွင်း မဲဆွယ်စည်းရုံးခြင်း၊ အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများကို လုံးဝ (လုံးဝ) ဆောင်ရွက်ခြင်းမပြုရဟု ဆိုသည့်အချက်ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့နှင့် ရခိုင်ပြည်နယ်တစ်ခုလုံးမှာ Stay at Home အစီအစဉ်တွင် ပါဝင်နေသည်။

“ အခုရန်ကုန်မှာက မြို့နယ် မရှိသလောက်ဖြစ်သွားပြီ။ ကျန်တာဆိုလို့ ဘယ်နှမြို့နယ်မှ မရှိတော့ဘူး” ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်နှင်းနှင်းမွှေးက ပြောကြားသည်။

မြို့နယ်တစ်ခုအား Stay at Home အဖြစ် သတ်မှတ်ခြင်းမှာ COVID-19 ရောဂါပိုးရှိသူ သုံးဦးအထက်ရှိပါက သတ်မှတ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားသည်။

“ မြို့နယ်ထဲမှာ သုံးယောက်ကျော်ပြီးတော့ အစတုန်းကတည်းက သုံးယောက်ကျော်လို့ရှိရင် ကျွန်မတို့ Stay at Home လုပ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စက်တင်ဘာ ၂ ရက်က ပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲတွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ရောဂါပိုးတွေ့ရှိသူ သုံးဦးအထက်ရှိလာသည့် မြို့နယ် များလာသည်မှာ စက်တင်ဘာ ၁၀ ရက်မတိုင်မီကတည်းက ဖြစ်သော်လည်း ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၈ ရက်တွင် မဲဆွယ်ပွဲ ပြုလုပ်နိုင်သည်ဟု မကြေညာမီရက်ပိုင်းအထိ Stay at Home အစီအစဉ်အား မြို့နယ်ခုနစ်မြို့နယ်တွင်သာ သတ်မှတ်ထားခဲ့သည်။ မြို့နယ် ခုနစ်ခုကို စက်တင်ဘာ ၂ ရက်တွင် Stay at Home အစီအစဉ်ပြုလုပ်ကြောင်း ကြေညာအပြီး နှစ်ရက်အကြာ ရန်ကုန်တိုင်းရှိ အချို့မြို့နယ်များ၌ ပိုးတွေ့ရှိမှု တစ်ရှိန်ထိုးမြင့်တက်လာသော်လည်း ကြေညာခြင်းမရှိခဲ့သည်ကို တွေ့ရသည်။ ယင်းအချက်မှာ မေးခွန်းထုတ်ရမည့်အခြေအနေ ဖြစ်နေသည်။ စက်တင်ဘာ ၈ ရက်တွင် အာဏာရပါတီက မြို့နယ်များတွင် နေထိုင်သူများပါတီအလံလွှင့်ထူပေးရန် တောင်းဆိုအပြီး စက်တင်ဘာ ၁၀ ရက်မှသာ Stay at Home မြို့နယ်များကို ထုတ်ပြန်ကြေညာခဲ့သည်။

ယခင်ကလည်း အာဏာရပါတီအနေဖြင့် ရောဂါအရှိန်မြင့်တက်မှု အစပျိုးနေသည့်အချိန်တွင် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့က နေပြည်တော် ရွှေကြာပင်ရပ်ကွက်ရှိ ပါတီဝင်များ၏ နေအိမ်သို့သွားရောက်ခဲ့ရာ လူစုလူဝေးဖြစ်ပေါ်ခဲ့သဖြင့် ဝေဖန်မှုများ ရှိခဲ့သည်။

လက်ရှိတွင်လည်း COVID-19 ကူးစက်မှုအခြေအနေများမှာ ရွေးကောက်ပွဲအတွက် စည်းရုံးရာတွင် အာဏာရပါတီအတွက် များစွာအားသာချက်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။

“ ကော်မရှင်က ၈ ရက်နေ့လို့ မကြေညာသေးတဲ့အချိန်မှာ တချို့မြို့နယ်တွေမှာ NLD က ဝင်ပြိုင်မယ့် ကိုယ်စားလှယ်တွေက ဆိုင်းဘုတ်ထောင်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ကျွန်မတို့က လုပ်ဖို့စီစဉ်နိုင်တာက ၈ ရက်နေ့။ အဲဒီနေ့မှာ အာဏာရပါတီက ဆိုင်းဘုတ်ထောင်ပြီးသွားပြီ” ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီမှ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် နော်အုန်းလှက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒုဥက္ကဋ္ဌ ဦးကျော်ဇေယျကလည်း “ အခု ဘုတ်တောင်မှ အသည်းအသန်ထောင်နေရတယ်။ ဒါတောင်ခွင့်ပြုပြီးသား ဘုတ်နော်။ ဒါပေမဲ့လည်းအကြောင်းကြောင်းကြောင့် အန်ကယ်တို့ပါတီတွေထက် အာဏာရပါတီက အန်ကယ်တို့ပါတီတွေထက် နေရာကောင်းကောင်းမှာ ဘုတ်ထောင်နိုင်နေပြီ။ အန်ကယ်တို့ အခုမထောင်နိုင်သေးဘူး” ဟု ပြောကြားသည်။

ပဲခူးမြို့တွင် ပါတီအချို့ စက်တင်ဘာ ၈ ရက်က မဲဆွယ်စည်းရုံးနေစဉ် (ဓာတ်ပုံ-မောင်အေး)

ရခိုင်ပြည်နယ်တွင်လည်း COVID-19 ကြောင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများတွင် အခက်တွေ့နေရကြောင်း ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများက ပြောကြားသည်။

“ ရခိုင်ပြည်မှာက ရေလမ်းခရီးကို အားကိုးရတယ်။ ပြီးတော့ Stay at Home လုပ်ထားတဲ့အခါကျတော့ ရွာတွေကလည်း လူတွေကို လက်မခံဘူး။ ပါတီဘက်က ပန်းဖလက်တွေ၊ ဆိုင်းဘုတ်တွေဆိုလို့ရှိရင်လည်း ရွာခံတွေကို ပေးပြီး ဝေနေရတဲ့သဘောရှိတယ်။ မြို့ကြီးပြကြီးနဲ့တော့ လုံးဝမတူဘူး” ဟု ရခိုင်အမျိုးသားပါတီမှ ဒေါ်ခင်စောဝေက ပြောကြားသည်။

ရခိုင်ပြည်နယ်မှာ COVID-19 ဒဏ်ကိုသာမက စစ်ပွဲဒဏ်ကိုလည်း ခံစားနေရပြီး ပြည်သူများအတွက် သတင်းအချက်အလက် လျင်လျင်မြန်မြန်မရောက်ရှိသည့် ကိစ္စမှာလည်း အခက်အခဲတစ်ခုဖြစ်သည်ဟု ဒေါ်ခင်စောဝေက ဆိုသည်။

“ အရေးအကြီးဆုံးအချက်က တိုက်ပွဲဖြစ်နေတဲ့ ရသေ့တောင်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ အင်တာနက်က 2G လောက်ပဲ ရတယ်။ အခု မြန်မာပြည်ဘက်မှာက 4G ရနေတော့ အကုန်လုံးက Facebook လိုမျိုး အွန်လိုင်းမီဒီယာကနေ တင်လို့ရတယ်။ မဲဆွယ်လို့ရတယ်။ ဒီဘက်က ကိုယ်စားလှယ်လောင်းတွေက အဲဒီအခွင့်အရေး ဆုံးရှုံးနေတယ်” ဟု ဒေါ်ခင်စောဝေက ပြောကြားသည်။

လက်ရှိအခြေအနေများအရ ရခိုင်ပြည်နယ်တွင် နေရာတစ်ခုနှင့် တစ်ခု သွားလာရန်ခက်ခဲနေပြီး မြို့နယ်များတွင်လည်း ဝင်ခွင့်မရရှိသဖြင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များမှာ မည်သို့မျှ ဆောင်ရွက်နိုင်ခြင်း မရှိပေ။ ယင်းကြောင့် ရခိုင်ပါတီများအနေဖြင့် ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်များကို ပြန်လည်ရွေးချယ်ခဲ့ရကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှမြင့်က ပြောကြားသည်။

“ လက်ရှိမဲဆွယ်စည်းရုံးရေးကာလမှာ အဓိကစိန်ခေါ်မှုကတော့ COVID နဲ့ ပြည်တွင်းစစ်တွေဟာ အတားအဆီး စိန်ခေါ်မှုတွေ ဖြစ်တယ်။ ညှပ်ပြီးဖြစ်နေတယ်ဆိုတော့ ခက်ခဲတယ်။ ကျွန်တော်တို့ အင်အားကြီးစွာနဲ့ဖွဲ့စည်းဖို့ အခက်အခဲရှိခဲ့တယ်။ ဒါကြောင့် ဝင်နိုင်တဲ့ အစီအစဉ်ရှိတဲ့မြို့နယ်တွေကို ရွေးလိုက်ရတာ ဖြစ်တယ်။ သူတို့အဆင်သင့်ဖြစ်မှ ဝင်ရတာပေါ့။ မြောက်ဦးခရိုင်မှာဆိုရင် ကျောက်တော်မြို့နယ်တစ်ခုတည်း ဝင်နိုင်တယ်။ မြို့နယ် ခုနစ်ခုသာ ဝင်နိုင်တယ်” ဟု ဦးဦးလှမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် COVID-19 ကြောင့်မဟုတ်ဘဲ ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နေရာများမှာ ‘၀’ ဒေသနှင့် လုံခြုံရေးအခြေအနေကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တို့ဖြစ်သည်။

COVID-19 ဒုတိယလှိုင်းဖြစ်လာချိန်တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများမှာ အကန့်အသတ်များရှိလာပြီး နိုင်ငံရေးပါတီများမှာ မဲဆန္ဒရှင်ပြည်သူများထံ ကိုယ်တိုင်ကိုယ်ကျဝင်ရောက် မဲဆွယ်နိုင်ခြင်းမရှိသည့် အခွင့်အရေးဆုံးရှုံးသွားပြီဖြစ်သည်။

ရောဂါကူးစက်မှုအများဆုံးဖြစ်သည့် ဒေသနှစ်ခုမှာ ရန်ကုန်နှင့် ရခိုင်ဟုဆိုသော်လည်း အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးရှိမြို့နယ်အချို့တွင် ရောဂါပိုးတွေ့ရှိသူ သုံးဦးအထက် မြို့နယ်များ ရှိလာခဲ့ပြီ ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မြို့နယ်တစ်ခုလျှင် ရောဂါပိုးတွေ့ရှိသူ သုံးဦးအထက်ရှိပါက Stay at Home ကြေညာမည်ဆိုသည့် ပြောစကားအရ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင် ရောဂါပိုးရှိသူ သုံးဦးအထက် မြို့နယ်များ ရှိလာခဲ့သည်။ သို့သော် ယင်းမြို့နယ်များကို Stay at Home ကြေညာကြောင်း စက်တင်ဘာ ၁၂ ရက်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခြင်းမရှိသေးပေ။

ယင်းကြောင့် လူသုံးဦးအထက် တွေ့ရှိသည့်မြို့နယ်များတွင် မဲဆွယ်စည်းရုံးမှုများလုပ်ဆောင်နေသည်ကို တွေ့ရပြီး ယင်းအချက်မှာ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုအတွက် မေးခွန်းထုတ်ရမည့် အခြေအနေများလည်း ရှိနေသည်။

COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းမလာမီအချိန်အထိ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ကိုင်ထားခဲ့သော်လည်း အမှန်တကယ်မဲဆွယ်ရမည့်ရက်ပိုင်းတွင် Stay at Home မြို့နယ် များပြားလာသဖြင့် မည်သို့မျှ မဲဆွယ်ခြင်းမပြုနိုင်ပေ။

အထူးသဖြင့် ပါတီများနှင့် တစ်သီးပုဂ္ဂလများအနေဖြင့် ကြီးစွာရိုက်ခတ်မှုဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

“ အခက်အခဲရှိတာကတော့ အခုမှစပြီး ပြိုင်မယ့်ပါတီတွေအတွက် အခက်အခဲရှိတာပေါ့။ အန်ကယ်တို့ပါတီတို့ ပြည်သူ့ပါတီတို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ကတော့ တော်တော်လေးကို အခက်အခဲဖြစ်တယ်။ အနီနဲ့ အစိမ်းက လွဲလို့ပေါ့ဗျာ။ အန်ကယ်တို့ဆိုရင်လည်း ပါတီသက်တမ်းက တစ်နှစ်တောင် မပြည့်သေးဘူး။ ၁၀ လပဲရှိသေးတယ်။ အဲဒါတွေက ဒီသတ်မှတ်ထားတဲ့ရက်ဆို ဘာမှမလုပ်ရသေးဘူး။ ပါတီ မိတ်ဆက်နေတုန်းပဲ ရှိသေးတယ်။ စစချင်းလုပ်တာတောင် ဘာမှလုပ်လို့မရတော့ဘူး” ဟု ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးကျော်ဇေယျက ပြောကြားသည်။

COVID-19 ကာလကြောင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခွင့်မှာ ပါတီအချို့အတွက် အခက်အခဲများ နှင့်ရင်ဆိုင်နေရပြီး ယင်းအခြေအနေမှာ သန့်ရှင်းမျှတသည့် ရွေးကောက်ပွဲတစ်ခုဖြစ်လာရန် စိန်ခေါ်မှု များစွာရှိနေသည်။

“ တစ်ဖက်က ကျန်းမာရေး၊ တစ်ဖက်က ရွေးကောက်ပွဲဖြစ်နေတော့ လူရဲ့ကျန်းမာရေးကလည်း အရေးကြီးတယ်။ တစ်ချိန်တည်းမှာပဲ ရွေးကောက်ပွဲက မဖြစ်မနေ ကျင်းပမယ်ဆိုတဲ့ဟာကလည်း ရှိနေတဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့လို လူအင်အား၊ ငွေအင်အားနည်းပါးတဲ့ ပါတီတွေအတွက်ကတော့ တော်တော်ကို အခက်အခဲဖြစ်တယ်။ ဒီကာလကတော့” ဟု ဒေါ်နှင်းနှင်းမွှေးက ပြောကြားသည်။

ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်သလား

COVID ပထမလှိုင်းတွင် ကူးစက်ခံရသူ အရေအတွက်မှာ သုံးရာခန့်သာရှိခဲ့ရာမှ တစ်ရှိန်ထိုးမြင့်တက်လာသည့် အရေအတွက်ကြောင့် နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်မည့် ပြည်လုံးကျွတ်ရွေးကောက်ပွဲအား ရွှေ့ဆိုင်းပေးရန် နိုင်ငံရေးပါတီအချို့က တောင်းဆိုရန် စိုင်းပြင်းလာသည်ကိုလည်း တွေ့ရသည်။

“ ကိုဗစ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်တဲ့ အခြေအနေတစ်ခုအထိ ဦးစားပေးပြီး ဆောင်ရွက်သင့်တယ်။ လိုအပ်ရင် ရွေးကောက်ပွဲ ရွှေ့ဆိုင်းသင့်တယ်” ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

ရွေးကောက်ပွဲထက် ပြည်သူ့ကျန်းမာရေး ယှဉ်လာမည်ဆိုပါက ပြည်သူ့ကျန်းမာရေးကိုသာ ဦးစားပေးမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ဆိုသည်။

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲဆိုသည်မှာ အရေးကြီးသည့်အရာတစ်ခုဖြစ်သော်လည်း ပြည်သူ့ကျန်းမာရေးနှင့်ယှဉ်လာပါက ရွေးချယ်စရာတစ်ခုသာရှိသည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဗိုလ်တထောင်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်နှင်းနှင်းမွှေးက ပြောကြားသည်။

“ ဆရာဝန်တွေရဲ့ ပြောကြားချက်အရတော့ ကူးစက်တဲ့ရောဂါ စက်ဝန်းကကျယ်နေမှာပဲ။ ကူးစက်မြန်နေမှာပဲ။ ဒါပေမဲ့ အချိန်ကာလတစ်ခုမှာတော့ ကျသွားမယ်။ အဲဒီလို ထိန်းချုပ်နိုင်တဲ့အခြေအနေရှိတဲ့ အချိန်မှာ ပြည်သူတွေလုံခြုံစိတ်ချတဲ့ အခြေအနေမှာရှိမှ လုပ်သင့်တယ်။ အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ ရွေးကောက်ပွဲကို ငါတို့ကျင်းပချင်တဲ့အချိန် ကျင်းပမယ်ဆိုတဲ့ သဘောထားကတော့ မဖြစ်သင့်ပါဘူး” ဟု ဒေါ်နှင်းနှင်းမွှေးက ပြောကြားသည်။

အချို့နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲရွှေ့ဆိုင်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာပေးပို့ခြင်းများ ရှိသကဲ့သို့ ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံစဉ်ကလည်း အကြံပြုပြောကြားခြင်းများ ရှိသည်။

ရွေးကောက်ပွဲမှာ သတ်မှတ်ရက်အတိုင်း ကျင်းပမည်ဆိုပါက Free and Fair ဖြစ်မည်ဆိုသည်မှာ သံသယရှိစရာအခြေအနေဖြစ်သည်ဟု သုံးသပ်မိခြင်းကြောင့် ရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးကျော်ဇေယျက ပြောကြားသည်။

“ သတ်မှတ်တဲ့ရက်သာ ကျင်းပမယ်ဆိုရင် Free and Fair ဖြစ်ဖို့က အန်ကယ်တို့ ပါတီအသစ်တွေနဲ့ ပိုပြီးတော့ နစ်နာပါတယ်။ အဲဒါကြောင့်လည်း ဒီရွေးကောက်ပွဲကော်မရှင်ကို ရွေးကောက်ပွဲရက်ကို နောက်ဆုတ်ပေးဖို့ အိတ်ဖွင့်ပေးစာပေးတာပါ”ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် ကော်မရှင်နှင့်တွေ့ဆုံမှုများတွင် အကြံပြုခြင်းများရှိပြီး မှတ်တမ်းအနေဖြင့်သာ သိမ်းဆည်းထားကြောင်း ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောကြားသည်။

“ ကျန်းမာရေးက အရေးကြီးတော ့ရွှေ့သင့်တယ်။ အခုကျောင်းသားတွေ ကျောင်းပြန်ဖွင့်တယ်။ ကျောင်းသားတွေကိုပါကူးတယ်။ အိမ်နဲ့ ကျောင်းသွားတဲ့သူကိုတောင် ကူးတယ်။ အခုကမြို့နယ်တိုင်း လှည့်ပတ်စည်းရုံးမယ်ဆိုတာက ရောဂါပိုးပြန့်ပွားအောင်လုပ်တာဖြစ်တာပေါ့။ ဒါကတော့ ကျန်းမာရေးက အရေးကြီးလို့ ကော်မရှင်ကို အကြံပေးခဲ့တာ။ ရန်ကုန်တိုင်းကော်မရှင်ကတော့ မှတ်တမ်းတင်ထားမယ်လို့ ပြောတယ်။ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်တွေကို ခေါ်တွေ့တဲ့ပွဲမှာ။ အန်တီကတော့ ကျန်တာတွေတော့ မပြောခဲ့ဘူး။ အဲဒါကိုပဲ ပြောခဲ့တယ်” ဟု ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နော်အုန်းလှက ပြောကြားသည်။

လက်ရှိကာလမှာ ထူးခြားသည့် ကာလတစ်ခုဖြစ်နေပြီး ကော်မရှင်အနေဖြင့် တစ်ဖက်သတ်အမိန့်များ ထုတ်ပြန်မည့်အခြေအနေထက် ပါတီများနှင့် ညှိနှိုင်းပြီး ဆောင်ရွက်သင့်သည်ဟု ဒေါ်နှင်းနှင်းမွှေးက ပြောကြားသည်။

“ နိုင်ငံရေးပါတီတွေနဲ့ ကော်မရှင်က သေသေချာချာညှိနှိုင်းဖို့လိုတယ်။ ကော်မရှင်က တစ်ဖက်သတ် အမိန့်တွေ ဥပဒေတွေ ထုတ်နေတာတွေက ဒီအချိန်မှာ သဘာဝမကျဘူးလို့ထင်တယ်။ ဘာကြောင့်ဆို ဒီအချိန်ကာလက ထူးခြားချက်ရှိတဲ့ကာလဖြစ်တယ်။ အမိန့်အာဏာနဲ့ သွားရမယ့် အချိန်မဟုတ်ဘူး။ အားလုံးညှိနှိုင်းပြီးတော့ သွားရမယ့်အချိန်။ အားလုံးဆောင်ရွက်ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပရမယ့်အချိန်ပဲ။ အခုအခြေအနေကတော့ အဲဒီလိုမလုပ်ဘူးလို့ မြင်တယ်” ဟု ဒေါ်နှင်းနှင်းမွှေးက ပြောကြားသည်။

ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည်ဆိုပါက အချိန်ကာလများစွာ နောက်ဆုတ်နိုင်ခြင်းမရှိပေ။ အများဆုံးရရှိသည့်အချိန်မှာ တစ်လကျော်အတွင်းသာ ရှိသည်။

“ ရွှေ့လို့ရပေမဲ့ အချိန်ကလည်း နည်းနည်းပဲ လှည့်လို့ရတယ်။ အဲဒီတော့ ဘယ်လိုပုံစံမျိုးနဲ့ ကျင်းပမလဲ ဘယ်လိုပုံစံမျိုးနဲ့သွားမလဲဆိုတာ။ ရွှေ့မယ်ဆိုလည်း အများကြီး ရွှေ့လို့မရဘူး။ လအပိုင်းအခြားလောက်ပဲ ရွှေ့လို့ရမယ်” ဟု ဒေါ်နှင်းနှင်းမွှေးက ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲအရ တင်မြှောက်ထားသည့် လွှတ်တော်များမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း အစိုးရအဖွဲ့မှာ သက်တမ်းကုန်ဆုံးမည်မဟုတ်ဘဲ ဆက်လက် တာဝန်ထမ်းဆောင်ရမည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၄ တွင် ‘နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည်လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည်လည်းကောင်း  ပြည်ထောင်စု လွှတ်တော်သက်တမ်း ကုန်ဆုံးစေကာမူ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်သမ္မတအသစ်နှင့် ဒုတိယသမ္မတအသစ်တို့ကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အသစ်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအသစ်တို့ကိုလည်းကောင်း ရွေးချယ်တင်မြှောက်ပြီးသည်အထိ ဆက်လက်တည်ရှိသည်’ ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းကြောင့် အစိုးရသက်တမ်းမှာ လွှတ်တော်သက်တမ်းများနှင့် တစ်ပြိုင်နက်တည်း ကုန်ဆုံးမည်မဟုတ်ပေ။

အစိုးရသက်တမ်းမှာ လာမည့်အစိုးရသစ်မတက်မီကာလအတွင်း ဆက်ရှိနေမည်ဖြစ်ကာ ဥပဒေပြုရေး မဏ္ဍိုင်တစ်ခုသာ တာဝန်များ ရပ်ဆိုင်းသွားသည်ဟု ဆိုရမည်ဖြစ်သည်။ ကျန်ရှိသည့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများတွင် ပုံမှန်အတိုင်းဆက်ရှိနေစေရန် နိုင်ငံတော်သမ္မတက အမိန့်တစ်ရပ် ထုတ်ပြန်ရမည့်အခြေအနေလည်း ဖြစ်သည်။

လက်ရှိတွင်မူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည်မဟုတ်သေးဘဲ ရွှေ့ဆိုင်းရမည့်အခြေအနေ ဖြစ်ပေါ်လာပါက အောက်တိုဘာတွင် ကြေညာမည်ဟု ထုတ်ပြန်ထားသည်။ ယင်းသို့ ထုတ်ပြန်မည်ဆိုပါက ပါတီများအတွက် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်မှာ ရက်ပေါင်း ၆၀ အပြည့်ရရှိရန် အချိန်ကိုက်လုပ်ဆောင်မှသာ အဆင်ပြေမည်ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ သြဂုတ် ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး ကျန်းမာရေး စိန်ခေါ်မှုများရှိနေသည့်ကြားမှ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်မည်ဆိုပါက နိုင်ငံရေးအရ နိုင်ငံတကာတွင် အောင်မြင်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယင်းသို့ ပြောကြားချက်မှာ COVID-19 ဒုတိယလှိုင်းမလာမီ တစ်ပတ်ကျော်အလိုတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၆ ရက်တွင် ဒုတိယလှိုင်း ဝင်ရောက်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ကူးစက်မှု မြန်ဆန်သည့် COVID-19 ဒုတိယလှိုင်းကြားတွင် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည်လား။ သတ်မှတ်ရက်အတိုင်း ကျင်းပမည်လားဆိုသည်မှာ စောင့်ကြည့်ရမည့် အနေအထားလည်း ဖြစ်နေပြီဖြစ်သည်။

COVID-19 ရောဂါကူးစက်မှုနှင့် ရွေးကောက်ပွဲအပေါ် နိုင်ငံရေးပါတီအချို့မှ စကားသံများ

ဒေါ်ခင်စောေ၀ (ရခိုင်အမျိုးသားပါတီ)

အင်တာနက်ကို မဲဆွယ်စည်းရုံးတဲ့အချိန် နှစ်လပေါ့။ အဲဒီနှစ်လမှာ 4G ဖွင့်ပေးဖို့ကို ဒီအစိုးရက ဘယ်လောက်အထိ တွက်ကပ်နေတာလဲ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ မဲဆွယ်တဲ့အခါလည်း အောင်နိုင်ရေးကို ကိုယ်စားလှယ်လောင်းတွေအကုန်လုံးကတော့ အောင်ဖို့အတွက် ဝင်လာတာချည်းပဲ။ ကိုယ့်ပါတီလောင်းရော ကိုယ်စားလှယ်လောင်းရောအောင်ဖို့အတွက် ဝင်လာကြတာချည်းပဲပေါ့။ အဲဒီအတွက်ကြောင့် မြန်မာတစ်နိုင်ငံလုံးကို ဖွင့်ပေးရဲ့သားနဲ့ ဒီရခိုင်ပြည်နယ်ကို ဘာလို့မဖွင့်ပေးတာလဲ။ ဒီနှစ်လအတွင်းမှာတော့ 4G လေးကို တန်းတူအခွင့်အရေးရအောင် ဖွင့်ပေးသင့်တယ်လို့မြင်တယ်။ ပြီးတော့ မဲဆွယ်စည်းရုံးခြင်းသည် ရခိုင်ပြည်နယ်ကနယ်ဘက်တွေကို မဲဆွယ်စည်းရုံးတဲ့အခါ နှစ်လအတွင်းဆိုပေမယ့် တစ်လလောက်က ဘယ်လိုမှ မဲဆွယ်စည်းရုံးလို့မရတော့ဘူး။ ဘာလို့ဆို တစ်လအတွင်းမှာ သွားလာဖို့ကို ပိတ်လိုက်ပြီ။ ရခိုင်မှာက ဘယ်လိုမှ သွားလို့မရတော့ဘူး။ အဲဒီအတွက် ဒီနှစ်လအတွင်းမှာ မဲဆွယ်ဖို့ဆိုတာ ဘယ်လိုမှလုံလောက်တဲ့ အချိန်မဟုတ်တော့ဘူး။ အဲဒီတော့ ဒီရွေးကောက်ပွဲက Free and Fair မဖြစ်တော့ဘူး။ တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်တော့ဘူး။ ရွေးကောက်ပွဲရွှေ့ သင့်မရွှေ့သင့်ဆိုတာက ကော်မရှင်ရဲ့ သဘောထားပဲပေါ့။ အများအားဖြင့် စဉ်းစားကြည့်မယ်ဆိုရင် ရန်ကုန်မှာလည်း တော်တော်လှုပ်ခတ်နေတယ်။ သေဆုံးနှုန်းကလည်း များလာတယ်။ ကူးစက်မှုတွေကလည်း တော်တော်လေး မြန်နေတယ်။ ရခိုင်ပြည်မှာဆိုရင်လည်း ရောဂါပိုးတော်တော်ပျံ့နေပြီ။ အစိုးရအနေနဲ့ အကောင်းဆုံး ဘယ်လိုလုပ်သင့်သလဲဆိုတာနဲ့ UEC အနေနဲ့ ဥပဒေမှာ လုပ်ပိုင်ခွင့်လည်း ရှိတယ်။ လုပ်သင့်မလုပ်သင့်အနေနဲ့ စဉ်းစားရမယ့်အချိန်ရောက်ပြီလို့ပဲ ပြောချင်တယ်။



ဒေါ်သက်သက်ခိုင် (ပြည်သူ့ရှေ့ဆောင်ပါတီ)

ရွေးကောက်ပွဲဘာလို့ ရွှေ့ဆိုင်းစေချင်တာလဲဆိုတော့ အချက်နှစ်ချက်ကြောင့်ပါ။ နံပါတ်တစ်အချက်က လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်စေချင်တယ်။ အဲဒီလိုဖြစ်ဖို့အတွက် ပါတီဝင်တွေ ပါတီတွေ၊ ပြီးလို့ရှိရင် ကိုယ်စားလှယ်လောင်းတွေကနေ ကျွန်မတို့ လွတ်လွတ်လပ်မဲဆွယ်စည်းရုံးတာ ဖြစ်ရမယ်။ အဲဒါမှ ပြည်သူလူထုကလည်း သတင်းအချက်အလက်သိပြီးတော့မှ တကယ်အသည်းကြား မဲတစ်ပြားကို ဆုံးဖြတ်နိုင်မှာဖြစ်တယ်။ ဒုတိယတစ်ခုက နိုင်ငံရေးမတည်မငြိမ်လည်း မဖြစ်စေချင်ဘူး။ လွှတ်တော်က အချိန်တန်ရင် သက်တမ်းကုန်မယ်။ အစိုးရကလည်း အချိန်တန်သက်တမ်းကုန်မယ်။ ကိုဗစ်ကို စောင့်ရင်းစောင့်ရင်းနဲ့ အစိုးရနဲ့လွှတ်တော်သက်တမ်းကုန်တဲ့အချိန်မှာ နောက်လွှတ်တော်၊ နောက်အစိုးရမလာနိုင်ဘူးဆိုရင် ကြားဖြတ်အစိုးရတက်မယ်။ ဒါမျိုးအခြေအနေကိုလည်း မလိုလားဘူး။ မလိုလားတဲ့ Date ကို အတိအကျနဲ့ နောက်ဆုံး ၂၀၂၀ ဒီဇင်ဘာ ၂၇ ရက်နေ့ တနင်္ဂနွေနေ့ပေါ့။ အဲဒီလိုမျိုးရွေးလိုက်တယ်ဆိုရင် ဒီကြားထဲမှာ ကိုဗစ်ကို ကာကွယ်ထိန်းချုပ်တာလုပ်ပြီးရင် အဲဒီအချိန်ထိ ရွေးကောက်ပွဲကို နောက်ဆုတ်လို့ရတယ်။



ဒေါ်နှင်းနှင်းမွှေး (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

ကော်မရှင်ကသူတို့ဆီမှာလည်း တင်ထားတယ် (မဲဆွယ်စည်းရုံးရာတွင် လိုက်နာရမည့်အချက်များ)။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရပေါ့။ Stay at Home ဆိုတဲ့ နေအိမ်မှာပဲ နေကြဖို့ဆိုတဲ့အထဲမှာ ဘယ်လိုနည်းနဲ့မှ။ ဘယ်လိုနည်းနဲ့မှဆိုတဲ့ နေရာမှာ အိမ်တွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး မဲဆွယ်ခွင့်မရှိဘူး။ လူစုလူဝေး လုပ်ပြီးတော့လည်း မဲဆွယ်ခွင့်မရှိဘူး။ နောက်တစ်ခုက ဘာလဲဆိုရင် ခန်းမတွေပေါ့နော်။ ပြင်ပနေရာတွေမှာလည်း မဲဆွယ်ခွင့်မရှိဘူးဆိုတော့ မဲဆွယ်ခွင့် နည်းလမ်းတွေ အကုန်နီးပါးလောက်ဖြစ်သွားပြီ။ ဒါပေမဲ့ ကျွန်မတို့က အခုရောဂါက တအားပျံ့နှံ့ပြီးတော့ ကူးစက်နေတဲ့အခါကျတော့ ရွေးကောက်ပွဲက အရေးကြီးသလား လူ့အသက်က အရေးကြီးသလားဆိုတဲ့ကိစ္စက ဦးစားပေးစဉ်းစားရမယ့် ကိစ္စဖြစ်လာတယ်။ ရွေးကောက်ပွဲဆိုတာက မဖြစ်မနေ ဖြတ်သန်းရမယ်ဆိုတဲ့ အခြေအနေရှိတဲ့အခါကျတော့ တော်တော်ကို အခက်အခဲဖြစ်ရတယ်။ 

လက်ရှိ Stay at Home မြို့နယ်တွေက ရန်ကုန်တိုင်းထဲမှာ ရှိတယ်။ ၂၈ မြို့နယ်ဆိုတာက ကုန်သလောက်နီးပါးကို ဖြစ်သွားတာ။ ပြီးတော့ မြို့နယ်အားလုံးကလည်း အဝင်အထွက်မရှိရဆိုတဲ့ အနေအထား ဖြစ်သွားတယ်။ အဲဒီလိုမျိုးဆိုတော့ ဒီလိုအခြေအနေမှာ လုပ်ရကိုင်ရတာ တော်တော်ကို အကျပ်အတည်း ဖြစ်သွားတာပေါ့။ တစ်ဖက်မှာကလည်း အချိန်က ရွေးကောက်ပွဲလုပ်ရမယ့်အချိန်လည်း ဖြစ်နေတယ်။



နော်အုန်းလှ (ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ)

အခုဟာက ပန်းဖလက်တောင် ဝေမရတဲ့အခြေအနေဖြစ်နေတော့ ဘာမှဆက်လုပ်လို့မရတော့ဘူး။ ဒါတွေကတော့ ကျွန်မတို့ကော်မရှင်မှာလည်း ပြောခဲ့တယ်။ ကျန်းမာရေးက အရေးကြီးတယ်။ တိုင်းပြည်ပြောင်းလဲဖို့ ရွေးကောက်ပွဲတွေလုပ်ပေမယ့် ကျန်းမာရေးက ပထမပဲ။ ဒုတိယက ရွေးကောက်ပွဲ။ ရွေးကောက်ပွဲကို ရွှေ့သင့်တယ်လို့ ပြောခဲ့တယ်။ ရွေးကောက်ပွဲကိုတော့ ရွှေ့သင့်တယ်။ အသက်ရှူလမ်းကြောင်းကနေ ကူးတာဆိုတော့ စိုးရိမ်စရာတွေ ဖြစ်တယ်။ ပြီးတော့ လမ်းတွေရွာတွေလည်း အဝင်မခံဘူးဆိုတော့ အဲဒါက ရွေးကောက်ပွဲအတွက် တရားမျှတမှု ဘယ်လိုလုပ်ပြီးတော့ ဖြစ်မှာလဲ။ ဒါက မြင်နေရတဲ့ကိစ္စတွေပဲလေ။



ဦးကိုကိုကြီး (ပြည်သူ့ပါတီ)

ကိုဗစ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်တဲ့ အခြေအနေတစ်ခုအထိ ဦးစားပေးပြီး ဆောင်ရွက်သင့်တယ်။ လိုအပ်ရင် ရွေးကောက်ပွဲ ရွှေ့ဆိုင်းသင့်တယ်။ရွှေ့ဆိုင်းတာက နိုင်ငံရေးအရ အကျပ်အတည်း ဖြစ်နိုင်တဲ့ ကိစ္စတွေ ရှိပါတယ်။ အဲဒါကဘာလဲဆိုတော့ လွှတ်တော်သက်တမ်းကို ငါးနှစ်သတ်မှတ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ဒီလွှတ်တော်ဟာ ဖေဖော်ဝါရီ ၁ ရက်ဆို ပျက်မယ်။  အဲဒီနောက်ပိုင်းထိ ရွှေ့ရင်တော့ အရေးပေါ် အခြေအနေတစ်ရပ်ဖြစ်သွားပြီးတော့ ကာလုံခေါ်ဖို့တို့ဘာတို့အစရှိတဲ့ နိုင်ငံရေးအရ အကျပ်အတည်း ဖြစ်သွားနိုင်တာတွေ ရှိပါတယ်။သို့သော် ဘယ်လောက်အထိတော့ ရွှေ့လို့ရလဲဆိုတော့ ဒီဇင်ဘာလကုန်လောက်အထိ ရွှေ့လို့ရတယ်။ ရွှေ့လိုက်ရင် ဇန်နဝါရီလထဲမှာ ရွေးကောက်ပွဲအတည်ပြု စာရင်းထွက်ပြီးသွားရင် လွှတ်တော်သက်တမ်းမကုန်ခင်မှာ ဆက်စပ်နိုင်လောက်အထိ ရွှေ့ဆိုင်းလို့ရတယ်။



ဦးငိုင်ဆ (ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ဥက္ကဋ္ဌ)

ဒါကတော့ တစ်လနောက်ဆုတ်သင့်တယ်လို့ ထင်တယ်။ ဒီဇင်ဘာ ၈ ရက် လောက်လုပ်လိုက်ရင် ပြဿနာ မရှိဘူး။ အာဏာလွှဲပြောင်းရေးအတွက်ပါ ပြဿနာမရှိဘူးလို့မြင်တယ်။ အခုက ဒီလောက်ပြဿနာအခြေအနေ ဆိုးတဲ့အခါမှာ နိုင်ငံရေးမပြောနဲ့ အသက်က ပိုအရေးကြီးတာကိုး။ အဲဒီအတွက်ကို ရွှေ့သင့်တယ်။ အခုချင်းတောင်မှာလည်း လူတွေကအစည်းအဝေးခေါ်ရင် သိပ်မလာချင်ကြဘူး။ ဘာလို့လဲဆိုတော့ ကြောက်ကြတယ်။ အဲဒါကြောင့် ဒါကိုကော်မရှင်အနေနဲ့ ကောင်းကောင်းစဉ်းစားသင့်တယ်။ ဟိုးအစောကတည်းက ကျွန်တော်တို့က ဒီဇင်ဘာ ၈ ရက်လောက်အထိ နောက်ဆုတ်သင့်တယ်ဆိုတာကို ပြောထားတယ်။



ဦးကျော်လွင် (ရခိုင်ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်)

အမှန်ကတော့ ရွေးကောက်ပွဲဆိုတာက ငါးနှစ်မှ တစ်ကြိမ်ကျတဲ့ ရွေးကောက်ပွဲ။ ပျော်ပျော်ပါးပါးနဲ့ စည်စည်ကားကားနဲ့ မဲဆွယ်လိုက်ပြည်သူကလည်း အကုန်လုံးကလည်း တက်တက်ကြွကြွနဲ့ ပြောကြဆိုကြ အဲဒီလိုမျိုး ရယ်ကြမောကြနဲ့ သွားရမယ့်ခရီးစဉ်မျိုးဗျ။ ဒါပေမဲ့အခုဖြစ်နေတာက အဲဒီလိုမျိုးမဟုတ်ဘူး။ 

COVID ကြောင့် လူက အကန့်အသတ်နဲ့ လုပ်ထားတဲ့အခါကျတော့ မဲဆွယ်ရတာလည်း မကောင်းသလို ပြည်သူကိုယ်တိုင်ကို ရှင်းပြရတာလည်း မရှိတော့ဘူး။ နောက်မဲထည့်မယ့်လူ ကိုယ်တိုင်ကလည်း စိုးရိမ်စရာတွေ ဖြစ်နေတယ်ဆိုတဲ့ အခါကျတော့ ဒီရွေးကောက်ပွဲက နောက်ဆုတ်လိုက်တာ အကောင်းဆုံးပဲလို့မြင်တယ်။

Most Read

Most Recent