ကရင်ပါတီအချို့ ပူးပေါင်းထားသည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ကရင်ပြည်နယ်အတွင်း မဲဆွယ်စည်းရုံးရေးစတင်နေပြီး COVID-19 ကြောင့် အခက်အခဲအချို့ရှိနေဟုဆို

ကရင်ပါတီအချို့ ပူးပေါင်းထားသည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ကရင်ပြည်နယ်အတွင်း မဲဆွယ်စည်းရုံးရေးစတင်နေပြီး COVID-19 ကြောင့် အခက်အခဲအချို့ရှိနေဟုဆို
 KNDP ပါတီ ကျေးရွာဆိုင်းဘုတ်တင်ခြင်းနှင့် ကိုယ်စားလှယ်လောင်းအချို့ မဲဆွယ်စည်းရုံးမှုများကိုတွေ့ရစဉ် (Photo- KNDP)
KNDP ပါတီ ကျေးရွာဆိုင်းဘုတ်တင်ခြင်းနှင့် ကိုယ်စားလှယ်လောင်းအချို့ မဲဆွယ်စည်းရုံးမှုများကိုတွေ့ရစဉ် (Photo- KNDP)
Published 11 September 2020
ဉာဏ်လင်းထွန်း

ကရင်ပါတီအချို့ ပူးပေါင်းထားသည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) သည် စက်တင်ဘာ ၁၀ ရက်က ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် မဲဆွယ်စည်းရုံးရေးများစတင်လုပ်ဆောင်ခဲ့ ကြောင်းသိရသည်။

KNDP ပါတီသည် စက်တင်ဘာ ၁၀ ရက်က ဘားအံမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ရှိ ကျေးရွာအုပ်စုများတွင် မဲဆွယ်စည်းရုံးရေးခြင်းအဖြစ် စုဝေးဟောပြောခြင်း၊ ပါတီမူဝါဒများ မိတ်ဆက်ရှင်းလင်းခြင်းနှင့် လက်ကမ်းကြော်ငြာများ ဝေငှခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

“ကျွန်တော်တို့က ပါတီကြီးတစ်ရပ်လုံးအနေနဲ့ ပေါင်းပြီးလုပ်တာမရှိသေးဘူး။     ကိုယ့်မြို့နယ်နဲ့ ကိုကိုယ့်အစီအစဉ်ကို သင့်သလိုလုပ်နေတဲ့ အနေအထားမျိုးပဲရှိပါတယ်” ဟု KNDP ပါတီဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

KNDP ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တန်းတူညီမျှ ဖွံ့ဖြိုးဖို့ KNDP ကိုမဲပေးစို့၊ ကိုယ့်ကြမ္မာကိုယ် ဖန်ဖို့ရယ် KNDP ကိုမဲပေးမယ်၊ နေဝန်း၊ ကျွဲချို ဖားစည် နေဝန်းနီ ပြည်သူ့ဘဝ မြှင့်တင်မည် စသည့် ဆောင်ပုဒ်သုံးခုဖြင့် မဲဆွယ်စည်းရုံးရေးဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ အဓိကဆောင်ပုဒ်က တန်းတူညီမျှ ဖွံ့ဖြိုးဖို့ KNDP ကိုမဲပေးစို့ ဆိုပြီးတော့ ထည့်ထားတယ်။ တန်းတူညီမျှဆိုတာက လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တန်းတူခြင်းဆိုတဲ့ လောကပါလတရားသုံးပါး။ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိခြင်းဆိုတဲ့ ကိုယ့်ကိုကိုလုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ဟာရရှိအောင်ပေါ့။ ကျွန်တော်တို့ဟာ မျှမျှတတမရှိသေးဘူး။ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ တစ်မျိုးကပဲ ကြီးစိုးနေတယ်ဆိုတဲ့ ပုံစံမျိုးထက်ကို မျှမျှတတလေးတန်းတူညီမျှလေးဖြစ်အောင် ကျွန်တော်တို့ အကောင်အထည်ဖော်မယ်ပေါ့” ဟု KNDP ပါတီဥက္ကဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

KNDP ပါတီအနေဖြင့် မဲဆွယ်စည်းရုံးရေးခွင့်ရှိသည့် ရက်ပေါင်း ၆၀ ကာလအတွင်း ပါတီဆိုင်းဘုတ် မတင်ရသေးသည့် ကျေးရွာအချို့တွင် ပါတီဆိုင်းဘုတ်တင်ခြင်းနှင့် အတူ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်သွားရန်ရှိကြောင်း ၎င်းက ဆိုသည်။

မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကိုစက်တင်ဘာ ၈ ရက်တွင် စတင်ပြုလုပ်နိုင်ကြောင်း ကြေညာသော်လည်း COVID-19 ရောဂါကူးစက်မှု အခြေအနေများကြောင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်အချို့တွင် အခက်အခဲများရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

KNDP ပါတီသည် သံတောင်ကြီးမြို့နယ်မှအပ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်နှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး နေရာတို့အတွက် ကိုယ်စားလှယ် စုစုပေါင်း ၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ပါတီဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးသည် တတိယအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲယှဉ်ပြိုင်ခြင်းအဖြစ် လှိုင်းဘွဲ့မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီသည် ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွ့ံဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီနှင့် စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတို့ ပူးပေါင်းတည်ထောင်ထားသည့်ပါတီဖြစ်သည်။

ကရင်ပြည်နယ်တွင် ဘားအံ၊ လှိုင်းဘွဲ့၊ ဖာပွန်၊ သံတောင်ကြီး၊ မြဝတီ၊ ကော့ကရိတ်၊  ကြာအင်းဆိပ်ကြီးစသည့် မြို့နယ် ခုနစ်ခုရှိပြီး အဆိုပါမဲဆန္ဒနယ်များအပြင် ဗမာ၊ မွန်နှင့် ပအိုဝ်း တိုင်းရင်းသားရေးရာလူမျိုး မဲဆန္ဒနယ်များအတွက်လည်း ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။

 

Most Read

Most Recent