သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများ၏ စိတ်အားထက်သန်မှုများကို ဖော်ပြနေသည့် "Just Stop Oil" အဖွဲ့လှုပ်ရှားမှုများသည် ရေနံအသုံးပြုမှုရပ်တန့်ရေး ပန်းတိုင်ကို များစွာကြိုးစားအားထုတ်လျက်ရှိနေသည်။
"Just Stop Oil" သည် အင်္ဂလန် နိုင်ငံအခြေစိုက် စွမ်းအင်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများအတွက် လုပ်ဆောင်နေသောအဖွဲ့ဖြစ်သည်။ သို့သော် အမြင်ကျဉ်းမြောင်းသည့် မူဝါဒလမ်းညွှန်ချက်များသည် အဆုံးသတ်ပန်းတိုင်ရောက်ရှိရေးအတွက် အထောက်အကူမဖြစ်ခဲ့ပေ။ တစ်နည်းဆိုရလျှင် ရေနံအရင်းအမြစ်များ သုံးစွဲမှုရပ်တန့်နိုင်ရန်အတွက် ဥပဒေပြုရေးကြိုးပမ်းမှုသည် ရည်ရွယ်ထားသည့်အခြေအနေထက် ရေနံပိုမိုသုံးစွဲမှုဆီသို့ ဦးတည်ဖြစ်ပေါ်စေသည်ကိုတွေ့ရသည်ဟု ထောက်ပြကြသည်။
အမေရိကန်ရှိ လွတ်လပ်သော ပုဂ္ဂလိကစီးပွားရေးသုတေသနအဖွဲ့ဖြစ်သည့် National Bureau of Economic Research (NBER) မှ သုတေသီ Maya A. Norman နှင့် Wolfram Schlenker တို့ မကြာသေးမီက ပြုစုခဲ့သည့် စာတမ်းတစ်စောင်တွင် ဂရင်းပါရာဒေါက်စ် (Green Paradox) နှင့် ပတ်သက်၍ စစ်မှန်မှုရှိကြောင်း တွေ့ရှိခဲ့ရသည်ဟုဆိုကြသည်။ ဂရင်းပါရာဒေါက်စ် (Green Paradox) ဆိုသည်ကား မည်ကဲ့သို့သောအရာဖြစ်သနည်း။ စိတ်ဝင်စားစရာဖြစ်သည်။ ဂရင်းပါရာဒေါက်စ်ဆိုသည်မှာ ဝီကီပီးဒီးယား (Wikipedia) က "အငြင်းပွားဖွယ်ရာ" ဟု ဆိုထားသည့် စာအုပ်တစ်အုပ်ထဲ၌ ဂျာမန်စီးပွားရေးပညာရှင် ဟန်စ်ဝန်နား ဆင်း (Hans-Werner Sinn) ရေးသားတင်ပြခဲ့သည့် အိုင်ဒီယာအယူအဆဖြစ်သည်။ ၂၀၁၂ ခုနှစ် ထုတ်ဝေခဲ့သည့် အဆိုပါစာအုပ်ကို ဂရင်းပါရာဒေါက်စ် (The Green Paradox) ဟုပင် အမည်တပ်ထားသည်။
ဂရင်းပါရာဒေါက်စ် (The Green Paradox) အယူအဆကို အချိန်ကာလကြာမြင့်သည်နှင့်အမျှ သဘာဝပတ်ဝန်းကျင် ပိုမိုစိမ်းလန်းမှုရှိလာစေရန် ရည်ရွယ်ချမှတ်ခြင်းသည် သဘာဝပတ်ဝန်းကျင်မူဝါဒသည် ကြိုတင်ကြေညာသိမ်းယူမှုသဖွယ် ပြုမူသည်ဟုဆိုသည်။ ထိုအခြေအနေသည် ထို့ကြောင့် ရေနံ၊ ရုပ်ကြွင်းလောင်စာ အရင်းအမြစ်များ ပိုင်ဆိုင်သူများက ၎င်းတို့ပိုင်ဆိုင်ထားသည် အရင်းအမြစ်များကို ထုတ်ယူသုံးစွဲမှု အရှိန်မြှင့်စေရန် လှုံ့ဆော်နှိုးဆွပေးသကဲ့သို့ရှိသည်။ အရင်းအမြစ်ပိုင်ဆိုင်သူများကလည်း ထိုကဲ့သို့ပင် ပြန်လည်တုံ့ပြန်ကြသည်။ ထို့ကြောင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများကို အရှိန်ရကာ ပိုမိုဆိုးရွားလာစေသဖြင့် မူဝါဒများ၏ ရည်မှန်းချက်ပန်းတိုင်ကို မရောက်နိုင်ဘဲ ဆန့်ကျင်ဘက်သက်ရောက်မှုများဖြစ်လာခြင်းကို ရည်ညွှန်းထားခြင်းဖြစ်သည်။
အခြားသော အိုင်ဒီယာအယူအဆများနှင့် နှိုင်းယှဉ်ပါက အဆိုပါအယူအဆသည် အတော်ပင်ရိုးရှင်းသည်ဟုဆိုကြသည်။ ရေနံနှင့် ရေနံအရင်းအမြစ်များကို ထိန်သိမ်းသိုမှီးထားသူများသည် ဆင်ခြင်တုံတရားဖြင့်ပြုမူနေကြသော စီးပွားရေးလူသားများဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ကာလရှည်တွင် မြင့်မားသောငွေ ကြေးအမြတ်အစွန်း အများဆုံးရရှိစေမည့် ဈေးနှုန်းတစ်ခုတွင် ၎င်းတို့၏ရေနံများကို ထုတ်ယူရောင်းချကြလိမ့်မည်။ ရေနံအရင်းအမြစ်ပိုင်ရှင်များသည် မြင့်တက်လာ သော ဝယ်လိုအားကို ဖြည့်ဆည်းရောင်းချလိုသော်လည်း အခြေအနေ၊ အချိန်အခါနှင့် ဈေးနှုန်းအလားအလာများကို အကဲဖြတ်လေ့လာပြီးမှသာ ထုတ်ယူရောင်းချကြလိမ့်မည်။ ဝယ်လိုအားဖြစ်ပေါ်လာတိုင်း အလွယ်တကူအလျင်အမြန်ထုတ်ယူရောင်းချမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အလျင်အမြန်ထုတ်ယူရောင်းချမှုမှာ ကုန်ကျစရိတ်ကြီးမားသောကြောင့်ဖြစ်သည်။
"အစိမ်းရောင်ပေါ်လစီများ" ဟု ခေါ်ကြသည့် အစိုးရများ၏ သဘာဝပတ်ဝန်းကျင်မူဝါဒ ဆုံးဖြတ်ချက်များသည် ထိုသို့စဉ်းစားတွက်ချက်မှုများကို အပြောင်းအလဲဖြစ်စေသည်။ ရေနံအရင်းအမြစ်ပိုင်ရှင်များအနေဖြင့် နောင်တစ်ချိန်ချိန်၌ တရားမဝင်ရေနံထုတ်လုပ်မှုများအပေါ် သက်ရောက်လာမည့် ပေါ်လစီတစ်ရပ်ရပ် ပေါ်လာနိုင်ကြောင်း သို့မဟုတ် ဈေးနှုန်းမြင့်တက်လာနိုင်သည့်အလားအလာများ ရှိလာနိုင်ကြောင်း ကြိုတင်တွေးဆထားခဲ့လျှင် ထိုဖြစ်နိုင်ခြေပေါ်လစီများ ချမှတ်မှုမပြီးသေးခင်မှာပင် ရေနံတူးဖော်၊ ထုတ်လုပ်မှုများပြုလုပ်ရန် စတင်ကြိုးစားကြပေလိမ့်မည်။
ပေါ်လစီရလဒ်သည် အလေးအနက်မရှိသည့် စဉ်းစားထားချက်နှင့် ဆန့်ကျင်ဘက်ဖြစ်လာနိုင်သည်။ ရေနံအရင်းအမြစ်များနှင့် ပတ်သက်၍ ထိန်းညှိ(ထိန်းချုပ်) ရန် ရည်ရွယ်ချမှတ်ထားသည့် အစိမ်းရောင်ပေါ်လစီ၊ မူဝါဒများသည် ရည်ရွယ်ထားသည့် ပစ်မှတ်ကို ကောင်းစွာမထိတော့။ ရေနံထုတ်လုပ်မှု၊ သုံးစွဲမှုအရှိန်ကိုပင် မြင့်တက်စေနိုင်သည်ဟု ဆိုခြင်းဖြစ်သည်။ ထိုအခြေအနေသည် ဂရင်းပါရာဒေါက်စ် (Green Paradox) ပင်ဖြစ်သည်ဟု ဆိုသည်။
ဖော်ပြခဲ့သည့်အတိုင်း ဝီကီပီးဒီးယားက “အငြင်းပွားဖွယ်ရာ” ဟုဆိုထားသော ထိုစာအုပ်နှင့်ပတ်သက်၍ ဇာစ်မြစ်အကိုးအကားများမတွေ့ရ။ သို့သော် ထို စာအုပ်ကြောင့် စဉ်းစားစရာများရလာသည်။ စာရေးဆရာအချို့က ဂရင်းပါရာဒေါက်စ် Green Paradox နှင့်ပတ်သက်၍ စမ်းသပ်မှုအချို့ ပြုလုပ်ခဲ့ပြီးနောက် ရလဒ်တစ်ခု ထွက်ပေါ်လာသည်ဟုလည်း ဆိုထားသည်။
၎င်းတို့သည် အမေရိကန်နိုင်ငံ လွှတ်တော်တွင်တင်သွင်းခဲ့သော ရေနံလုပ်ငန်းများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် Waxman-Markey Bill (2009-2020) ကို စစ်သပ်ဆေးမှုပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ Waxman-Markey Bill ၏ အလုပ်ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ စျေးကွက်မျှော်လင့်ချက်များနှင့်နှိုင်းယှဉ်လျက် ရေနံ အရင်းအမြစ်များ၏ အနာဂတ်စျေးနှုန်းများကို စဉ်းစားသုံးသပ်ခဲ့ကြသည်။ ဂရင်းပါရာဒေါက်စ် (Green Paradox) မှန်ကန်ခဲ့ပါက အဆိုပါ ဥပဒေကြမ်း အတည်ပြုမှု အလားအလာများ တိုးလာသည်နှင့်အမျှ ရေနံအနာဂတ်စျေးနှုန်းများ ကျဆင်းသွားမည်ဖြစ်သည်။
ရလဒ်များက ဤသို့ဆိုသည်။ သိသာထင်ရှားသော အနုတ်လက္ခဏာကိန်းကို တွေ့ရှိရသည်။ ဥပဒေကြမ်းအတည်ပြုမည့် အလားအလာမြင့်တက်လာတိုင်း ရေနံအနာဂတ်စျေးနှုန်းများ ကျဆင်းလာသည်။ အနာဂတ်အရောင်းအဝယ်စာချုပ်များအားလုံးတွင် ဆက်လက်သက်ရောက်လာနိုင်သည်။ ဈေးနှုန်းယာယီလှုပ်ခတ် ခြင်းထက် ကာလရှည်ရေနံစျေးနှုန်းလမ်းကြောင်း အပြောင်းအလဲများကို ထင်ဟပ်စေသည်။ လေ့လာသုံးသပ်ချက်တွင် (၁) Waxman-Markey Bill သည် ကမ္ဘာ့ရေနံသုံးစွဲမှုကို နှစ်ရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းအထိ တိုးလာမည်။ (၂) Waxman-Markey Bill နှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးမှု၊ စဉ်းစားလုပ်ကို င်မှုများသည် ကမ္ဘာ့ရေနံသုံးစွဲမှု တစ်ရက်မှ သုံးရက်အထိ ပမာဏနှင့်ညီမျှသော ရေနံသုံးစွဲမှု ပမာဏ မက်ထရန်တစ်ချိန် ရှစ်မီလီယံမှ ၂၇ မီလီယံအထိတိုးမြင့်လာနိုင်သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် ဥပဒေကြမ်း အတည်ပြုခဲ့လျှင် ရေနံသုံးစွဲမှု တိုးမြင့်မှုဆီသို့ ဦးတည်သွားမည်။ ရေနံအပိုသုံးစွဲမှု တန်ချိန်သန်းပေါင်းများစွာ ဖြစ်လာနိုင်သည်။ ရေနံသုံးစွဲမှုနှင့်ပတ်သက်၍ လွဲဟန်ရှိသောအယူအဆ ဂရင်းပါရာဒေါက်စ် Green Paradox သည် ဤသို့ဆက်လက်ရှိနေသည်။
ပေါ်လစီမူဝါဒများရေးဆွဲမှုနှင့်ပတ်သက်သည့် ဝေဖန်သုံးသပ်မှုများထဲတွင် မူဝါဒတွင်ပါရှိသည့် နည်းလမ်းများသည် မူဝါဒရေးဆွဲသူများ မျှော်လင့်ထားသော အဆုံးသတ်ရလဒ်များကို အကောင်အထည်ဖော်နိုင်သည့် စွမ်းဆောင်ရည် အမှန်တကယ်မရှိခြင်း ဆိုသည့်အချက် မကြာခဏ ပါဝင်လျက်ရှိနေသည်။ မူဝါဒချမှတ်သူများသည် ထိုအချက်ကို မနှစ်သက်ပေ။ အဘယ်ကြောင့်ဆိုသော် Green Paradox ကဲ့သို့ စီးပွားရေးအတွေးအခေါ်များသည် “အငြင်းပွားဖွယ်” ကဲ့သို့ အသုံးအနှုန်းများဖြင့် အထင်သေးသည့်သဘော ချိုးနှိမ်ပြောဆိုခံရသောကြောင့်ဖြစ်သည်။ အမှန်တွင် ထိုအချက်သည် အံ့ဩစရာ၊ အံ့အားသင့်စရာမဟုတ်ပေ။ ဩစတြီး ယန်းစီးပွားရေးအတွေးအခေါ် ပညာရှင် Ludwig von Mises (1881-1973) က ၁၉၄၉ ခုနှစ်က ထုတ်ဝေခဲ့သော ၎င်း၏ "Human Action: A Treatise on Economics" စာအုပ်ထဲတွင် အဆိုပါဖြစ်စဉ်ကို အောက်ပါအတိုင်း ထင်ထင်ရှားရှား မီးမောင်းထိုးပြခဲ့ပြီးဖြစ်သည်။
စီးပွားရေး (ဘောဂဗေဒ) အတွေးအခေါ်၊ အယူအဆများသည် အခွင့်အာဏာရှိသူများအတွက် စိန်ခေါ်ချက်ဖြစ်သည်ဟူသောအချက်ကို ဂရုမစိုက်၊ အလေးမထားမိပါက စီးပွားရေးအတွေးအခေါ်သမိုင်းကို နားလည်ရန်မဖြစ်နိုင်ပေ။ စီးပွားရေး (ဘောဂဗေဒ) ပညာရှင်တစ်ဦးသည် အာဏာရှင်များနှင့် လူထုအကြိုက်ကိုဆွပေးနိုင်သည့် နိုင်ငံရေးသမားများ၏ နှစ်သက်သူမဖြစ်နိုင်ပါ။ သူတို့အတွက် အကျိုးစီးပွားဖျက်ဆီးတတ်သူ၊ လူရှုပ်လူပွေတစ်ယောက် အမြဲ ဖြစ်နေတတ်သည်ဟုဆိုထားသည်။ ပညာရှင် ၏ ကန့်ကွက်မှုများသည် ကောင်းစွာ စဉ်းစားပြင်ဆင်လုပ်ဆောင်ထားကြောင်းကို ၎င်းတို့၏အတွင်းစိတ်၌ ခိုင်ခိုင်မာမာ ပို၍ယုံကြည်လာလေလေ ထိုပုဂ္ဂိုလ်များသည် စီးပွားရေးပညာရှင်ဆိုသူကို ပို၍မုန်းလေလေဖြစ်သည်။
ထို့ကြောင့် စီးပွားရေး ( ဘောဂဗေဒ) အယူအဆ အတွေးအခေါ်များနှင့် နိုင်ငံရေးသမားများ ရေးဆွဲသည့် မူဝါဒရည်မှန်းချက်များကြားတွင် မတူညီမှုများ၊ လားရာပန်းတိုင်ကွဲလွဲမှုများ၊ ဘုံရည်မှန်းချက်လွဲချော်မှုများ ရှိနေသည်မှာ သဘာဝပင်ဖြစ်ပေသည်။ ထို့ကြောင့် ရေနံသုံးစွဲမှု ကျဆင်းရေး အားထုတ်မှုနှင့် သက်ရောက်မှုများကြားတွင် အယူအဆ၊ အတွေးအခေါ်အမျိုးမျိုး ဖြစ်ပေါ်လျက် အချေအတင် ငြင်းခုံပြောဆိုနေကြပေဦးမည်ဖြစ်သည်။