ရွေးကောက်ပွဲသည် အရေးကြီးသကဲ့သို့ ကပ်ရောဂါသည်လည်း ပိုပြင်းထန်လာသဖြင့် အစိုးရအနေဖြင့် ဖြစ်ချင်သည့်ဆန္ဒ တစ်ခုတည်းအပေါ် မဆုံးဖြတ်ဘဲ အပြန်အလှန်သုံးသပ်ရန် လိုကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးခင်ရီ ပြောကြား

ရွေးကောက်ပွဲသည် အရေးကြီးသကဲ့သို့ ကပ်ရောဂါသည်လည်း ပိုပြင်းထန်လာသဖြင့် အစိုးရအနေဖြင့် ဖြစ်ချင်သည့်ဆန္ဒ တစ်ခုတည်းအပေါ် မဆုံးဖြတ်ဘဲ အပြန်အလှန်သုံးသပ်ရန် လိုကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးခင်ရီ ပြောကြား
Published 11 September 2020
ပြည့်ဖြိုးအောင်

ရွေးကောက်ပွဲသည် တိုင်းပြည်အတွက် အရေးကြီးသကဲ့သို့ ကပ်ရောဂါမှာလည်း ပိုပြင်းထန်လာသဖြင့် အစိုးရအနေဖြင့် ဖြစ်ချင်သည့်ဆန္ဒ တစ်ခုတည်းအပေါ် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ အပြန်အလှန်သုံးသပ်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ကြံခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (၂)ဦးခင်ရီက ပြောကြားသည်။

စက်တင်ဘာ ၁၁ ရက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ Facebook စာမျက်နှာမှတဆင့် ၂၀၂၀ ရွေးကောက်ပွဲနှင့် လက်ရှိ COVID အခြေအနေအပေါ် အတွေးပုံရိပ် ခေါင်းစဉ်ဖြင့် ပြောကြားရာတွင် ဒုတိယဥက္ကဋ္ဌ (၂) ဦးခင်ရီက ယင်းကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးဟာ တိုင်းပြည်တစ်ခုအတွက် အင်မတန်အရေးကြီးတဲ့ ကိစ္စကြီးတစ်ခု ဖြစ်သလို တစ်ဖက်ကလည်း အားလုံးသိကြတဲ့အတိုင်းပဲ COVID-19 ဆိုတဲ့ ကမ္ဘာကပ်ရောဂါကြီးက ဒီကနေ့ဆိုရင် ပိုပြီးပြင်းထန်လာပြီ။ ကျွန်တော်သတင်းထဲမှာ တွေ့လိုက်တယ်။ ရန်ကုန်မြို့ဆိုရင် ၂၈ မြို့နယ် Stay at Home ဖြစ်သွားပြီ။ အဲဒီတော့ ဒီလိုအခြေအနေမျိုးမှာ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ကျန်းမာရေးကို အထူးစိုးရိမ်တယ်။ တစ်ဖက်ကလည်း အလှည့်အပြောင်းအတွက် ရွေးကောက်ပွဲကြီး အရေးကြီးသလို တစ်ဖက်ကလည်း မဲဆန္ဒနယ်ရှင် ပြည်သူတွေရဲ့ ကျန်းမာရေး လျော့တွက်ထားလို့ မရဘူး။ အဲဒီတော့ နိုင်ငံတော် အစိုးရအနေနဲ့က ဖြစ်ချင်တဲ့ဆန္ဒ တစ်ခုတည်းအပေါ် ဆုံးဖြတ်တာ မဟုတ်ဘဲနဲ့ လက်ရှိအခြေအနေ အပေါ်မှာ အပြန်အလှန်သုံးသပ် ဖြစ်သင့်တာတွေ ဖြစ်ချင်တာတွေကို အကျအန စီမံသုံးသပ်ဖို့လိုတယ်’’ ဟု ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။

ထို့ပြင် နိုင်ငံအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် သမိုင်းပေးတာဝန်များကို အကောင်အထည် ဖော်နိုင်ရန်အတွက် ပညာ၊ သမ္ဘာ၊ သစ္စာ၊ သတ္တိ၊ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံနှင့် တိုင်းချစ်၊ ပြည်ချစ်စိတ်ရှိသော ပုဂ္ဂိုလ်များကို တာဝန်အပ်နှံ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ သမိုင်းပေး တာဝန်များကို ထမ်းဆောင်ရန် ပြည်ခိုင်ဖြိုးပါတီတွင် အပြည့်ရှိပြီး ပြည်သူများက ယုံယုံကြည်ကြည် မဲပေးပါက တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်မည်ကို ကတိပေးကြောင်း ဦးခင်ရီက ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မဲဆန္ဒနယ် နေရာများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent