လီဗာပူးလ်အသင်းသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရန် သီယာဂို ဆန္ဒရှိနေပြီး ဘိုင်ယန်မြူးနစ်နှင့် ပြန်လည်မပူးပေါင်းမီ အပြီးသတ်နိုင်ရန် လိုလားနေ

လီဗာပူးလ်အသင်းသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရန် သီယာဂို ဆန္ဒရှိနေပြီး ဘိုင်ယန်မြူးနစ်နှင့် ပြန်လည်မပူးပေါင်းမီ အပြီးသတ်နိုင်ရန် လိုလားနေ
Photos: Getty Images
Photos: Getty Images
Published 11 September 2020

ဘိုင်ယန်မြူးနစ်အသင်းမှ စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်လ်ကန်တာရာသည် လီဗာပူးလ်အသင်းသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရန် ဆန္ဒရှိနေပြီး ဘိုင်ယန်မြူးနစ်နှင့် ပြန်လည်မပူးပေါင်းမီ အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်နိုင်ရန် လိုလားနေကြောင်း သိရသည်။



သီယာဂိုသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေသလို၊ ဘိုင်ယန်မြူးနစ်အသင်းကလည်း ပြောင်းရွှေ့ကြေးရရှိချိန်တွင် ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။ 

သီယာဂို၏ အဆိုအရ လီဗာပူးလ်အသင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိထားပြီဟု သိရှိရသော်လည်း ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းရန် လိုအပ်နေသေးကြောင်း သိရသည်။ 

ဘိုင်ယန်မြူးနစ်က ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)ဝန်းကျင် ရရှိမှသာ ရောင်းထုတ်လိုသည့်အတွက် အပြောင်းအရွှေ့ကြန့်ကြာနေခြင်းဖြစ်သလို၊ လီဗာပူးလ်အသင်းက နယ်သာလန်ကွင်းလယ်ကစားသမား ဝိုင်နယ်လ်ဒမ်းကို ရောင်းထုတ်ပြီးမှသာ သီယာဂိုကို ခေါ်ယူရန် စီစဉ်ဖွယ်ရှိသည်ဟုလည်း ဗြိတိန်မီဒီယာများက သုံးသပ်ထားကြသည်။ 

လီဗာပူးလ်အသင်းသည် ဝိုင်နယ်လ်ဒမ်းကို ဘာစီလိုနာအသင်းထံ ယူရိုသန်း (၂၀) ဝန်းကျင်ဖြင့် ရောင်းထုတ်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ရရှိသည့်ငွေကြေးဖြင့် သီယာဂိုကို ကမ်းလှမ်းဖွယ်ရှိသည်ဟု သိရသည်။



သီယာဂို(၂၉)နှစ်သည် လက်ရှိအချိန်၌ စပိန်နိုင်ငံတွင် မိသားစုနှင့်အတူ ရှိနေပြီး စပိန်လက်ရွေးစင်အသင်းနှင့် UEFA Nations League ပြိုင်ပွဲ ယှဉ်ပြိုင်ကစားထားရသောကြောင့် နားရက်ပိုမိုရရှိထားသည်။  ထို့ကြောင့် သီယာဂိုသည် လာမည့် အင်္ဂါနေ့မှသာ ဘိုင်ယန်မြူးနစ်အသင်းနှင့် ပြန်လည်ပူးပေါင်းရမည်ဟုလည်း သိရသည်။ 

ယင်းအတွက် သီယာဂိုသည် လီဗာပူးလ်အသင်းနှင့် အပြောင်းအရွှေ့ကိစ္စအား လာမည့်ရက်ပိုင်းအတွင်း အပြီးသတ်နိုင်ရန် အေးဂျင့်ဖြစ်သူကို တိုက်တွန်းထားကြောင်းလည်း သိရသည်။  ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဂရိနောက်ခံလူ ဆီမီကက်စ်တစ်ဦးတည်းကိုသာ ခေါ်ယူထားရသေးသည်။ 

ထို့ပြင် နည်းပြ ယာဂန်ကလော့ပ်က ငွေကြေး စိတ်ကြိုက်သုံးစွဲနိုင်ခြင်းမရှိဟု ဝန်ခံထားပြီး ထွက်ခွာမည့် ကစားသမားအပေါ် မူတည်ပြီးသာ လှုပ်ရှားဖွယ်ရှိကြောင်း မီဒီယာများက သုံးသပ်ဖော်ပြခဲ့ကြသည်။

Most Read

Most Recent