ဖိုဒန်နှင့်ဂရင်းဝုဒ်တို့၏လုပ်ရပ်မှာ ဘယ်တော့မဆို အိမ်ပြန်ပို့ရမည့်လုပ်ရပ်ဟု ဆောက်ဂိတ်ဆို

ဖိုဒန်နှင့်ဂရင်းဝုဒ်တို့၏လုပ်ရပ်မှာ ဘယ်တော့မဆို အိမ်ပြန်ပို့ရမည့်လုပ်ရပ်ဟု ဆောက်ဂိတ်ဆို
Photos : The Top10 News, Daily Mail
Photos : The Top10 News, Daily Mail
Published 10 September 2020

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က အသင်း၏ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြသော မန်စီးတီးကွင်းလယ်လူ ဖိုဒန်နှင့် မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်တို့၏လုပ်ရပ်မျိုးမှာ ဘယ်တော့မဆို နေအိမ်သို့ ပြန်ပို့ခံရမည့်လုပ်ရပ်မျိုးဖြစ်သည်ဟု သတိပေးပြောကြားခဲ့သည်။

ဖိုဒန်(၂၀ နှစ်)နှင့် ဂရင်းဝုဒ်(၁၈ နှစ်)တို့သည် အိုက်စလန်၊ ဒိန်းမတ်အသင်းတို့နှင့်ကစားခဲ့သော အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်း၌ ပထမဦးဆုံးအကြိမ်အဖြစ် ရွေးချယ်ခံခဲ့ရသော်လည်း (၂)ဦးစလုံး အိုက်စလန်နိုင်ငံတွင် အသင်း၏စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။ 

၎င်းတို့ (၂)ဦးသည် အင်္ဂလန်အသင်းတည်းခိုရာဟိုတယ်သို့ အိုက်စလန်လူမျိုး မိန်းမငယ်(၂)ဦးအား တိတ်တဆိတ်ခေါ်ဆောင်ခဲ့သဖြင့် ဆောက်ဂိတ်က ၎င်းတို့အား ဒိန်းမတ်နှင့်ကစားခဲ့သည့် အသင်းလူစာရင်းမှ ဖယ်ထုတ်ကာ အင်္ဂလန်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ 

၎င်းတို့ (၂)ဦးသည် ဟိုတယ်ဝန်ထမ်းတစ်ဦးအား လျှို့ဝှက်ငွေပေးကာ ယင်းမိန်းမငယ်(၂)ဦးကို ခေါ်ဆောင်ခဲ့ပြီး ယင်းမိန်းမငယ်များက Snapchat၌ ဗီဒီယိုများတင်ခဲ့သဖြင့် ၎င်းတို့ (၂)ဦး၏ ဟိုတယ်ခန်းအတွင်း ရောက်ရှိခဲ့သည်ကို အများသိရှိခဲ့ခြင်းဖြစ်သည်။

အိုက်စလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် အစိုးရက စည်းမျဉ်းများထုတ်ပြန်ထားရာ ၎င်းတို့ (၂)ဦး၏လုပ်ရပ်မှာ ယင်းစည်းမျဉ်းများကို ချိုးဖောက်ရာလည်း ကျရောက်ခဲ့သည်။ 

သို့ဖြစ်ရာ အိုက်စလန်ရဲများက ၎င်းတို့ (၂)ဦးကို ဒဏ်ငွေပေါင် (၁၃၀၀)စီ တပ်ရိုက်ခဲ့ပြီး ဆောက်ဂိတ်ကလည်း ၎င်းတို့၏ အနာဂတ်အပြုအမူများနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်အသိပေးခဲ့သည်။ 

ဆောက်ဂိတ်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြဿနာမရှိခဲ့လျှင်လည်း ၎င်းတို့၏လုပ်ရပ်အတွက် အိမ်ပြန်ပို့ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဆောက်ဂိတ်သည် ရှေ့လာမည့် အင်္ဂလန်အသင်း၏ နိုင်ငံတကာပွဲစဉ် (၄)ပွဲတွင် ဖိုဒန်နှင့် ဂရင်းဝုဒ်တို့ကို မရွေးချယ်ဘဲ ချန်လှပ်သွားဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဖိုဒန်နှင့် ဂရင်းဝုဒ်တို့သည် အိုက်စလန် နှင့် အင်္ဂလန်အသင်းတို့ကစားခဲ့သော UEFA Nations League ပွဲစဉ်တွင် အင်္ဂလန်လက်ရွေးစင်များအဖြစ် ပထမဆုံးအကြိမ်ကစားခွင့်ရရှိခဲ့ပြီး ပထမဆုံးပွဲအပြီးမှာပင် ယင်းပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်သည်။

၎င်းတို့ (၂)ဦးစလုံးက ယင်းလုပ်ရပ်အတွက် သူတို့၏ Twitter စာမျက်နှာများမှတစ်ဆင့် အသီးသီးတောင်းပန်ခဲ့ကြသည်။ 

Most Read

Most Recent