စီးပွားရေး ပြန်လည်ကောင်းမွန်ရေး စီမံချက်များ

စီးပွားရေး ပြန်လည်ကောင်းမွန်ရေး စီမံချက်များ
Published 7 September 2020
မြတ်သစ်

ပြင်သစ်ဝန်ကြီးချုပ် ဂျောန်ကက်စ်တက်က ၂၀၂၁ ခုနှစ်တွင် ပြည်သူများအတွက် အလုပ်အကိုင်သစ်များ ဖန်တီးနိုင်ရေး အပါအဝင် စီးပွားရေးလုပ်ငန်းများ ပြန်လည် ဦးမော့လာစေရေးအတွက် ကြိုးပမ်းချက် တစ်ရပ်အနေဖြင့် ပြင်သစ်အစိုးရက ယူရို ဘီလျံတစ်ရာ အသုံးပြုမည်ဟု စက်တင်ဘာ ၃ ရက်က ပြောကြားလိုက်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသည့်နောက်တွင် ပြင်သစ် နိုင်ငံသည် စီးပွားရေးကျဆင်းမည့် ဒဏ်ကို ပြင်းထန်စွာ ခံနေရသည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့ အရွယ်အစား ပမာဏကြီးမားတဲ့ ဒီစီမံကိန်းဟာ သမိုင်းဝင်မှာဖြစ်ပါတယ်” ဟု ဂျောန်ကက်စ်တက်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ကက်ဘိနက်အဖွဲ့က လည်း အစိုးရက တင်ပြထားသည့် စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရေး စီမံကိန်းကို အတည်ပြုခဲ့သည်။

“ပြင်သစ်နိုင်ငံ မူလအတိုင်း ပြန်ဖြစ်ရေး” စီမံကိန်းတွင် ပြင်သစ်စက်ရုံများအနေဖြင့် ဆေးဝါးများ ပြန်လည်ထုတ်နိုင်ရေး၊ ဟိုက်ဒရိုဂျင် စွမ်းအင်ထုတ်လုပ်ရေး ၂၁ ရာစုနှင့် လျော်ညီသော အလုပ်အကိုင်များ အတွက် လူငယ်များကို သင်တန်းပေးရေးနှင့် ဝန်ထမ်းမလုံလောက်သော ရုံးများတွင် ဝန်ထမ်းများ ခန့်နိုင်ရေးတို့အတွက် ငွေကြေးများကို အစိုးရက ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

“ဒီ စီမံကိန်းက အတော်ကြီးပါတယ်။ နေရာအတော်များများကို ငွေကြေးတွေ ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ပြင်သစ်အစိုးရက ခေါင်းစဉ် သုံးခုထုတ်ပြ ထားပါတယ်။ တစ်ခုက အလုပ်အကိုင်တွေ ဖော်ဆောင်ပေးခြင်း ဖြစ်ပါတယ်။ ဒီအထဲမှာ လူမှုရေးစီမံကိန်းတွေနဲ့ ကျန်းမာရေးတွေ ပါဝင်နေပါတယ်။ အဲဒီကဏ္ဍအတွက် ယူရို ၃၅ ဘီလျံအသုံးပြုသွားမှာဖြစ်ပါတယ်။ နောက်တစ်ခုက စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ဖြစ်ပြီး လျာထားငွေက ယူရို ၃၅ ဘီလျံဖြစ်ပါတယ်။  နောက်ဆုံးတစ်ခုကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမယ့် ကာဗွန်ထုတ်လွှတ်မှု လျှော့ပြီး ခေတ်မီနည်းပညာသုံး ဓာတ်အား ထုတ်လုပ်ဖို့အတွက် ယူရို ၃၀ ဘီလျံ အသုံး ပြုမှာ ဖြစ်ပါတယ်”ဟု စတီဖန်ကာရိုးလ်က ပြောကြားခဲ့သည်။ သူက France 24 မှ စီးပွားရေးဆိုင်ရာ အယ်ဒီတာဖြစ်သည်။

ဤငွေကြေး ပမာဏသည် ပြင်သစ်နိုင်ငံ၏ ဂျီပီဒီ လေးရာခိုင်နှုန်းနှင့် ညီမျှနေ ခြင်းကြောင့် ကျန်ဥရောပတိုက်နိုင်ငံများထက် ပို၍ သုံးစွဲလိုက်ခြင်းဟု ဆိုရမည်ဖြစ် သည်။ တကယ်တမ်းကျတော့ ပြင်သစ်နိုင်ငံ ၏ စီးပွားရေးက သိသိသာသာ ကျဆင်းနေ သည်။ ဤကြားထဲတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားခဲ့ခြင်းကြောင့် စီးပွားရေးက ပို၍ ဆိုးရွားလာခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် စီးပွားရေးကျဆင်းမှုသည် ၁၁ ရာခိုင်နှုန်းရှိလာသည်။

ပြင်သစ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ကျားကန်ပေးရေးအစီအစဉ်သည် အခြားသော ဥရောပနိုင်ငံများနှင့် မတူဘဲ ကွဲပြားခြားနားနေသည်က စီးပွားရေးကို ဦးစားပေးထားခြင်းကြောင့်ဖြစ်သည်။ စီးပွာရေး တိုးတက်ရေးဆိုသည်မှာ ပြည်သူလူထု အလုပ်အကိုင်ရရှိရေး၊ ပြည်သူများ ဝင်ငွေရရှိရေးနှင့် စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းများကို ဝယ်ယူအသုံးပြုနိုင်ရးဖြစ်သည်။ စားသုံးသူများသည် စီးပွားရေးကို အဓိက မောင်းနှင်နေကြသူများဖြစ်ကြောင်း စတီဖန်ကာရိုးလ်က သုံးသပ်ခဲ့သည်။

ဝန်ကြီးချုပ် ဂျောန်ကက်စ်တက်က အခွန်အကောက်များကို တိုးကောက်မည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။ ပြင်သစ်အစိုးရက ပြည်သူလူထုများအနေဖြင့် အလုပ်လက်မဲ့ ဘဝရောက်နေမှုကို ယာယီ အားဖြင့် ဖယ်ရှားပြီး အလုပ်အကိုင်တွေ ဖော်ဆောင်ပေးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက်သာ ဖြစ်ခဲ့ခြင်းကြောင့် မကြာမီကာလတွင် အများစုအလုပ်လက်မဲ့ဖြစ်နေခြင်းမှ ကယ်တင်နိုင်လိမ့်မည်ဟု ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ဘရူနိုကီမာရီက ပြောကြားခဲ့သည်။

မိမိတို့၏ စီမံကိန်းသည် ရည်မှန်းချက်ကြီးမားသော်လည်း မိမိတို့အနေဖြင့် လက်လှမ်းမီကြောင်း ဝန်ကြီးချုပ် ဂျောန်ကက်စ်တက်က ပြောကြားလိုက်သည်။ ပြင်သစ်အစိုးရအနေဖြင့် ဘတ်ဂျက်အသုံးစရိတ် တိုး မြှင့်ခဲ့သည်မှာ လေးကြိမ်ရှိခဲ့ပြီဖြစ်သည်။ နိုင်ငံတကာ စီးပွားရေး အကျပ်အတည်း ရင်ဆိုင်ခဲ့ရသော လွန်ခဲ့သည့် ဆယ်စုခေတ် တစ်ခေတ်တည်း ဘတ်ဂျက် အသုံးစရိတ်တိုး ခဲ့ရသည်။ ကိုရိုနာဗိုင်းရပ်စ် နှိမ်နင်းရေးအတွက် ဘီလျံနှင့် ချီပြီး အသုံးပြုခဲ့ရသည်။

စီးပွားရေးပြန်လည် ကောင်းမွန်လာရေး အစီအစဉ်သည် ပြင်သစ်သမ္မတ မက်ခရွန်၏ စီးပွားရေးဆန်ဆန် လုပ်ဆောင်ရမည့် မူဝါဒများပေါ်တွင် အခြေတည်ထား ခြင်းဖြစ်သည်။ စီးပွားရေးလုပ်ငန်းများမှ ကောက်ခံရသော အခွန်ငွေမှာ နှစ်စဉ် ယူရို ၁၀ ဘီလျံရရှိနေသည်။ ထိုငွေများဖြင့် စက်မှုလုပ်ငန်း၊ တည်ဆောက်ရေး လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။

ယခုအစီအစဉ်သည် စီးပွားရေးလုပ်ငန်းများ တိုးတက်ရေးအတွက် အဓိကထား လုပ်ဆောင်ခြင်းဖြစ်သည်။ သို့သော် ပြင်သစ်နိုင်ငံအလုပ်သမား သမဂ္ဂ CGT ၏ ဥက္ကဋ္ဌ ဖီးလစ်မာတီနက်ဇ်ကမူ အစိုးရအနေဖြင့် ကုမ္ပဏီများတွင် အမှုထမ်းနေသော အလုပ် သမားများ အလုပ်မှ ထုတ်ခံရမှုများနှင့် ပတ် သက်၍ ဘာတစ်ခုမှ အာမခံချက်ပေးမထား ကြောင်း၊ အလုပ်သမားများ အလုပ်ပြန်လည် ရရှိစေရေး လုပ်ပေးဖို့ တာဝန်ရှိကြောင်း ဝေ ဖန်ခဲ့သည်။

“ပြင်သစ် အစိုးရက လေကြောင်း ကုမ္ပဏီဖြစ်တဲ့ ပြင်သစ်လေကြောင်းနှင့်ရော နှောကာ ကုမ္ပဏီတွေကို ငွေကြေးထောက်ပံ့ မှုတွေ ပြုလုပ်ခဲ့တယ်။ ကုမ္ပဏီတွေက အလုပ်သမားတွေကို အလုပ်ထုတ်ပစ်တယ်။ လုပ်ငန်းတွေ လျှော့ချတယ်။ ပြည်သူလူထုရဲ့ ငွေတွေက ဘာအတွက်လဲဆိုတဲ့ မေးခွန်း ထုတ်စရာရှိလာတယ်”ဟု ဖီးလစ်မာတီ နက်စ်က ဝေဖန်လိုက်သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ယူရို ၃၀ ဘီလျံ လျာထားမှုအပေါ် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွ လှုပ်ရှားသူများက ဤပမာဏမှာ နည်းပါးကြောင်း နှင့် ကုမ္ပဏီကြီးများသည် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ဖို့ လိုအပ်ကြောင်း သတိပေး စကားပြောကြားခဲ့ကြသည်။

“အစိုးရက ပြီးခဲ့သည့် အတိတ်ကာလတုန်းက စီမံကိန်းကို ပြန်လည်မွမ်းမံနေတာပဲဖြစ်တယ်။ ဒီအခန်းထဲမှာ လမ်းတွေ၊ ယာဉ် တွေ လျှော့ချဖို့ဆိုတာ မပါဘူး။ အသားတွေ၊ ဥတွေ၊ နို့ထုတ်လုပ်ရေးတွေ မပါဘူး။ ဖန်လုံ ဓာတ်ငွေ့ကနေ ကာဗွန်ထုတ်လုပ်မှုတွေ လျှော့ချဖို့ အရေးကြီးတယ်”ဟု ပြင်သစ်နိုင်ငံ စိမ်းလန်းစိုပြည်ရေးအဖွဲ့မှ ခေါင်းဆောင် ဂျောန်ဖန်ဆွာဂျူးလီးယာ့ဒ်က ပြောကြား လိုက်သည်။

ဝေဖန်မှုများ မည်သို့ပင် ရင်ဆိုင်နေရစေကာမူ ပြင်သစ်အစိုးရက စီးပွားရေးပြန်လည်ကောင်းမွန်စေရေး စီမံကိန်းသည် ကိုရို နာဗိုင်းရပ်စ်ရောဂါကြောင့် စီးပွားရေးကျ ဆင်းနေရမှု ဒဏ်ရာ၊ ဒဏ်ချက်တွေကို ကုစားရုံသက်သက်မျှသာ မဟုတ်ဘဲ၊ နောင် အနာဂတ်ကိုပါ ရည်ရွယ်၍ လုပ်ဆောင်ထား ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျောန်ကက်စ် တက်က ပြောကြားခဲ့သည်။ ပြင်သစ်သမ္မတ မက်ခရွန်က အနာဂတ်ကာလတွင် ပြင်သစ် သည် ကာဗွန်ထုတ်လွှတ်မှုမရှိသည့် နိုင်ငံ အဖြစ် မျှော်မှန်းထားသည်။ စီးပွားရေးလုပ် ငန်းများ တိုးတက်လာရေး၊ အလုပ်အကိုင် များ ဖန်တီးနိုင်ရေးတို့ပေါ် အခြေခံပြီး “၂၀၃၀ ပြည့်နှစ် ပြင်သစ်နိုင်ငံ” အဖြစ် တည်ထောင် ရန် ရည်ရွယ်ထားသည်။

အလုပ်အကိုင်များ ဖော်ဆောင်ရေး အတွက် အထူးကော်မရှင်အဖွဲ့တစ်ခု ဖွဲ့စည်း မည်ဖြစ်ပြီး ယင်းအဖွဲ့သည် စီးပွားရေး မူဝါဒ များနှင့် စီမံကိန်းများကို ဆောင်ရွက်ရမည် ဖြစ်သည်။ ဤအဖွဲ့သည် လွန်ခဲ့သော ဆယ်စု နှစ်တစ်ခု အချိန်ကတည်းက ချောင်ထိုးထား  ခံခဲ့ရသည်။ ဤကော်မရှင်သည် လာမည့် ဆယ်စုခေတ်တစ်ခုအတွက် အစိုးရ၏ စီးပွား ရေးဆိုင်ရာ မဟာဗျူဟာများ ချမှတ်ရေးကို အထောက်အကူပြုပေးရမည် ဖြစ်သည်။

ဤတာဝန်ကို အစိုးရအဖွဲ့ဝင်ကြီး ဟောင်းလည်းဖြစ်၊ သမ္မတလောင်းလည်း ဖြစ်သူ အလယ်ဗဟိုဝါဒီ ဖရန်ဆွာဘေရူးက တာဝန်ယူမည်ဖြစ်သည်။

ပြင်သစ်အစိုးရက စားသုံးသူများ၏ သုံးစွဲမှုတွေ မြင့်တက်အောင်ပြုလုပ်ဖို့ ရည် ရွယ်ထားသည်။ သို့ပေမဲ့ စားသုံးသူများ၏ ဝယ်လိုအား မြင့်တက်ဖို့ဆိုသည်က  ပြည်သူ တွေ အလုပ်အကိုင်ရှိဖို့ လိုအပ်သည်။ ပြည်သူတွေ အလုပ်လက်မဲ့ဘဝ ရောက်နေ လျှင် ဝယ်လိုအားလည်း ကျဆင်းနေမည်သာ ဖြစ်သည်။

“ပြည်သူလူထုရဲ့ လက်ထဲ ငွေတွေရှိဖို့ လိုတယ်။ အစိုးရရဲ့ စီးပွားရေးဖွံ့ဖြိုးရေး စီမံ ကိန်းကို နွေရာသီမကုန်ခင်မှာ အကောင် အထည်ဖော်ဖို့ လိုတယ်”ဟု ဗဟိုလက်ယာ ရီပက်ဘလီကင် ခေါင်းဆောင် ခရစ္စတီယန် ဂျက်ကော့က ပြောကြားလိုက်သည်။ အစိုးရ က ထောက်ပံ့မည့် ငွေကြေးသည် လုပ်ငန်း ရှင်များ၊ ကုမ္ပဏီများလက်ထဲ အချိန်မီမရောက် ရှိပါက ရပ်တန့်နိုင်မည် မဟုတ်တော့ပေ။

ဥရောပတိုက်ရှိ စတော့စျေးကွက်များက ပြင်သစ်အစိုးရ၏ စီးပွားရေး နာလန်ထရေး အစီအစဉ်များကို ကြိုဆိုခဲ့ကြသည်။ ဤ အစီအစဉ်သည် “ရည်ရွယ်ချက် ကြီးမားသော ဆုံးဖြတ်ချက်” တစ်ခုအဖြစ် ကနေဒါ အခြေစိုက် Oanda ကုန်သွယ်ရေးကုမ္ပဏီကြီး မှ စီးပွားရေး ပညာရှင် ခရေ့ချ်အာလမ်က မှတ်ချက်ချလိုက်သည်။

ဂျာမနီနိုင်ငံက ဇွန်လတွင် စီးပွားရေး ပြန်လည်ကောင်းမွန်စေရန်အတွက် ယူရို ၁၃၀ ဘီလျံ သုံးစွဲစနစ်ဟု ပြောကြားထားခဲ့ သည်။

 

Most Read

Most Recent