ကိုဗစ်ဒုတိယလှိုင်း၊ တစ်ကျော့ပြန်အထိနာနိုင်မည့် မြန်မာ့စီးပွားရေးနှင့် အကျပ်အတည်းကြားမှပြည်သူများ

ကိုဗစ်ဒုတိယလှိုင်း၊ တစ်ကျော့ပြန်အထိနာနိုင်မည့် မြန်မာ့စီးပွားရေးနှင့် အကျပ်အတည်းကြားမှပြည်သူများ
COVID-19 ရောဂါပိုးကူးစက်မှုကြောင့် မန္တလေးကုန်စည်ဒိုင်တွင် အရောင်းအဝယ်အေးစက်နေသည်ကို စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မင်းလတ်)
COVID-19 ရောဂါပိုးကူးစက်မှုကြောင့် မန္တလေးကုန်စည်ဒိုင်တွင် အရောင်းအဝယ်အေးစက်နေသည်ကို စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မင်းလတ်)
Published 6 September 2020
နီလာ

စိုးရိမ်စရာဖြစ်လာသည့် ကိုဗစ်ဒုတိယလှိုင်း

မြန်မာနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်းအသွင်ဖြင့် ရောဂါပိုးကူးစက်ပျံ့နှံ့မှု လျင်မြန်လာခြင်းအပေါ် စိုးရိမ်စရာ ဖြစ်လာသည်။ 

မတ်လနှောင်းပိုင်းမှစ၍ မြန်မာတွင် ကိုဗစ်ရောဂါပိုး စတင်ကူးစက်မှုတွေ့ခဲ့ပြီး ငါးလကျော်အကြာတွင် ကိုဗစ်ဒုတိယလှိုင်းကဲ့သို့ ဖြစ်လာခြင်းမှာ လူမှုစီးပွားရေးပြဿနာများနှင့် ယင်း၏ နောက်ဆက်တွဲဂယက်များနှင့် ရင်ဆိုင်ရတော့မည်ဆိုသည့် အချက်ပေးခေါင်းလောင်းသံလည်း ဖြစ်ခဲ့သည်။ 

သေချာသည်ကတော့ ကိုဗစ်သည် လူအများကို ကြီးစွာသောဖိအားများနှင့် ရင်ဆိုင်ရစေသည်။ အထူးသဖြင့် လူမှုစီးပွားပြဿနာများမှာ ​ရေရှည်အတွက် စိုးရိမ်စရာ ဖြစ်စေသည်။

“ အခြေအနေတွေကတော့ ရှုပ်ထွေးလာနိုင်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကုန်လုံးပဲ။ အထူးသဖြင့် စီးပွားရေးပေါ့။ ဘယ်လောက်ခြေအနေ ဆိုး မဆိုး ဆိုတာကတော့ဘယ်လောက်အထိ ဖြစ်လာမလဲဆိုတဲ့ အပေါ်မူတည်တယ်။ အခုက သေဆုံးမှု သိပ်မတွေ့ရတော့ လူတွေသိပ်မကြောက်ကြသေးဘူး။ သေဆုံးမှုတွေဖြစ်လာတယ်ဆို သိပ်ကြောက်သွားမယ်။ အဲဒီနောက်ပိုင်းမှာ စက်ရုံတွေပိတ်၊ အလုပ်တွေ၊ ရုံးဌာနတွေ ပိတ်မယ်ဆိုရင် စီးပွားရေးဂယက်တွေအများကြီး ရိုက်ခတ်လာမယ်” ဟု မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

ကုလသမဂ္ဂက ထုတ်ပြန်သည့် COVID-19 အကျပ်အတည်းကို လူမှုစီးပွားဆိုင်ရာ ချက်ချင်းတုံ့ပြန်မှု ဆိုင်ရာမူဘောင်ကလည်း COVID-19 သည် ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းတစ်ရပ်ထက် များစွာပိုကြောင်းနှင့် ယင်းသည် လူ့အဖွဲ့အစည်းများနှင့် စီးပွားရေးများ၏ မဏ္ဍိုင်အပေါ် သက်ရောက်မှုရှိကြောင်း သတိပေးခဲ့သည်။

ရောဂါကူးစက်ပျံ့နှံ့မှု၏ ရိုက်ခတ်ချက်သည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားခြားနားမည်ဖြစ်သော်လည်း ယင်းသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဆင်းရဲမွဲတေမှုနှင့် လူတန်းစားမညီမျှမှုကို မြင့်တက်နိုင်ခြေ အများဆုံးဖြစ်စေနိုင်သည်။

လူ့အဖွဲ့အစည်းများ၊ စီးပွားရေးများနှင့် အားနည်းသော အုပ်စုများအပေါ် COVID-19 အကျပ်အတည်းနှင့် ပတ်သက်သော ရိုက်ခတ်ချက်ကို သုံးသပ်ခြင်းသည် အချက်အလက်ပေးရန်၊ အကျပ်အတည်းမှနေ၍ ပြန်လည်နာလန်ထရေးအတွက် တုံ့ပြန်မှုများကို အံဝင်ခွင်ကျ လုပ်ဆောင်ရန်နှင့် အားထုတ်မှုတစ်ရပ်၌ မည်သူမျှနောက်ကျကျန်ရစ်ခြင်း မရှိစေရန်တို့အတွက် အခြေခံကျသည်ဟု ဆိုထားသည်။

လူမှုစီးပွားဆိုင်ရာ အရေးပေါ် တုံ့ပြန်မှုများမရှိပါက တစ်ကမ္ဘာလုံး ထိခိုက်ခံစားရမှုသည် တစ်ဟုန်ထိုး မြင့်တက်လာပြီး လာမည့်နှစ်များအတွင်း သေကျေပျက်စီးမှုများ ဖြစ်ပေါ်ကာ လူနေမှုဘဝများလည်း ထိခိုက်ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။ ယခုအကျပ်အတည်းအတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ ချက်ချင်းတုံ့ပြန်မှုများကို အနာဂတ်ကို လှမ်းမျှော်ကြည့်ရှုလျက် လုပ်ဆောင်ရမည်ဖြစ်သည်။ ရေရှည်၌ ဖွံ့ဖြိုးရေးဆိုင်ရာ အလားအလာများအပေါ် နိုင်ငံများ၏ ယခုရွေးချယ်မှုများနှင့် ၎င်းတို့ရရှိသည့် အထောက်အပံ့များက သက်ရောက်လိမ့်မည်မှာ သေချာနေပေသည်။

 

အကျပ်အတည်းကြားမှ ပြည်သူ့ဘဝများ

လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ့စီးပွားရေးကျု့ံသွားပြီး စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေမည်ဆိုလျှင် မြန်မာနိုင်ငံအနေဖြင့် လတ်တလော အောင်မြင်မှုများ ရရှိလျက်ရှိသည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ တိုးတက်မှုများကို ထိခိုက်စေမည်ဖြစ်ပြီး ဆင်းရဲသော အိမ်ထောင်စုများအား ပိုမိုဆင်းရဲတွင်းနက်စေမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူဦးရေ ၁၁ ဒသမ ၈ သန်း၊ နိုင်ငံ့လူဦးရေ၏ ၂၄ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းလာသော်လည်း လူဦးရေအများအပြား ဆင်းရဲတွင်းသို့ ပြန်ဆင်းနိုင်သည့် ထိခိုက်လွယ်သော အခြေအနေ ဆက်ရှိနေကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် UNDP တို့ ပူးတွဲပြုစုသည့် မြန်မာနေထိုင်မှု အခြေအနေစစ်တမ်း ၂၀၁၇- ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာအရ သိရသည်။

မမျှော်လင့်ဘဲ ကျရောက်လာသည့် ဘေးအန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်ကြုံတွေ့ရခြင်းကြောင့် မြန်မာနိုင်ငံရှိ လူဦးရေအများအပြားသည် ဆင်းရဲနွမ်းပါးသည့်အုပ်စုသို့ ပြန်လည်ရောက်ရှိသွားနိုင်သည့်အခြေအနေတွင် ရှိနေဆဲဖြစ်ပြီး လက်ရှိဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးတိုးတက်မှု နှေးကွေးနေပါက ဆင်းရဲသော အိမ်ထောင်စုများအား ပိုမိုဆင်းရဲတွင်းနက်စေမည်ဟု ကမ္ဘာ့ဘဏ်က သတိပေးထားသည်။

ကိုဗစ်ဒုတိယလှိုင်းသည် ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးကူးစက်ပြန့်နှံ့မှု လျင်မြန်သကဲ့သို့ ရန်ကုန်တိုင်းအတွင်း၌လည်း ပျံ့နှံ့ကူးစက်မှု လျင်မြန်လာနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

“ ကျွန်မတို့က သင်္ဃန်းကျွန်းမှာ ညနေဘက် ထမင်း၊ ဟင်း ရောင်းပါတယ်။ ဆိုင်တောင် မဖွင့်နိုင်လို့ စျေးလမ်းထဲမှာ တွန်းလှည်းခုံနဲ့တင်ပြီး ရောင်းရတာပါ။ အခုရောဂါပိုး ကူးခံရတဲ့လူတွေ တဖြည်းဖြည်း ပိုများလာတယ်။ ကျွန်မတို့လည်း ပိုးကူးခံရမှာ ကြောက်တယ်။ ဒါပေမဲ့ စားဝတ်နေရေးကလည်း ရှိသေးတယ်။ ဒီနေ့ စျေးမရောင်းရင် ဒီနေ့မစားရတော့တဲ့ဘဝ။ စျေးရောင်းလို့ရတဲ့အမြတ်နဲ့မှ အကြွေးဆပ်တန်ဆပ်၊ ကိုယ်စားတာစားပေါ့။ အခုတော့ သင်္ဃန်းကျွန်းက Stay Home ဆိုတော့ စျေးလေးဘာလေးထွက်လို့ ရသေးတယ်။ Lockdown အထိ ဖြစ်လာလို့ စျေးမထွက်ရတဲ့နေ့ ကျွန်မတို့ ငတ်ပြီပဲ” ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ မရင်အေးက ပြောကြားသည်။

စည်းကမ်းချက်များမှာ ပြည်သူများအနေဖြင့် Stay at Home ကာလအတွင်း (က) မိမိနေအိမ်၌သာ နေထိုင်ရန် (အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါ)၊ (ခ) မဖြစ်မနေ စျေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ (ဂ) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊ (ဃ) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ရန်၊ (င) တာဝန်ထမ်းဆောင်ရန် သွားရောက်၊ ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုရန်၊ (စ) ရပ်ကွက်အတွင်း စျေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်တစ်ဦး၊ ဆေးရုံ၊ ဆေးခန်း သွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန် စသည့် စည်းကမ်းချက်များကို လိုက်နာကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

“ ကိုဗစ်ရောဂါပိုး စတွေ့တယ်ဆိုတော့ လူတွေ အပြင်မထွက်ကြတော့ဘူး။ ကျွန်မလည်း ဆိုင်ပိတ်ထားရတော့မလို ဖြစ်သွားတယ်။ အခြေအနေတွေ နည်းနည်းငြိမ်သွားလောက်တဲ့အချိန်မှာ လူတွေအပြင် ပြန်ထွက်လာကြတယ်။ ခေါင်းလျှော်တဲ့သူ၊ ဆံပင်ညှပ်တဲ့သူ၊ ခြေသည်း လက်သည်းလုပ်တဲ့သူတွေလည်း ရှိလာတယ်။ ကျွန်မဆိုင်လေးလည်း နည်းနည်းပြန်စည်ကားလာတယ်။ ဝင်ငွေလေးလည်း အထိုက်အလျောက် ပြန်ရလာတယ်ပေါ့။ ဒါတောင် ကိုဗစ်စဖြစ်တုန်းက လျော့ထားတဲ့ ဝင်ငွေနဲ့ တင်နေတဲ့ အကြွေး မကျေသေးဘူး။ အခုထပ်ပြီး ကိုဗစ်ဖြစ်တာက အရင်တစ်ခါထက် ပိုဆိုးတယ်။ တစ်နေ့တစ်နေ့ ပိုးတွေ့လူနာတွေမှာ ရန်ကုန်ကပိုများလာတယ်။ လမ်းပေါ်မှာ သူ့ကိစ္စနဲ့သူ သွားလာနေကြတဲ့သူတွေရှိပေမဲ့ ကျွန်မတို့ ဆိုင်တွေကို မလာကြတော့ပြန်ဘူး။ ဒီအတိုင်းသာ ဆက်သွားနေရင် နောက်ထပ်သုံးလလောက်အထိ ကျွန်မဆိုင် တောင့်ခံနိုင်ပါ့မလား စိုးရိမ်နေရပြီ” ဟု ပုဇွန်တောင်မြို့နယ်အတွင်း အလှပြင်ဆိုင် ဖွင့်လှစ်ထားသူ မထားထားက ဆိုသည်။

အခြားတစ်ဖက်တွင် လုပ်သားအင်အားအများအပြားဖြင့် လုပ်ကိုင်ရသည့် အထည်ချုပ်လုပ်ငန်းများတွင် COVID-19 ကပ်ရောဂါကြောင့် အထည်ချုပ်လုပ်ငန်းများတွင် အော်ဒါမရရှိတော့သဖြင့်ဟု ဆိုကာ လုပ်သားအင်အား လျှော့ချမှုများ ပြုလုပ်ခဲ့သည်။

ယင်းသို့လုပ်သားအင်အား လျှော့ချမှုတွင် ပါဝင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ လာရောက်၍ လှိုင်သာယာမြို့နယ်အတွင်းရှိ အထည်ချုပ်စက်ရုံ တစ်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သူ မဝါ၀ါထွန်းက “ ညီမတို့ စက်ရုံကအသစ်ဖွင့်တာ မကြာသေးဘူး။ COVID ကာလမှာ စစ်ဆေးရေးဝင်ပြီးတော့ အခြားစက်ရုံခွဲတစ်ရုံက မအောင်တော့ ညီမတို့စက်ရုံကို လာပေါင်းတယ်။ အဲဒီလိုပေါင်းလိုက်တဲ့အချိန်မှာ လူအင်အားက ၆၀၀ ကျော်လောက် ဖြစ်သွားပြီးတော့ လူအင်အားများသွားတဲ့အခါမှာ ညီမတို့ လူသစ်သမားတွေ၊ သမဂ္ဂအဖွဲ့အစည်းလည်း ဖွဲ့တယ်ပေါ့နော်။ သမဂ္ဂခေါင်းဆောင်တွေကို အရင်ထုတ်လိုက်တာ။ အဲဒီလိုအဖွဲ့အစည်းဖွဲ့တဲ့သူတွေကို ရွေးပြီးတော့ အရင်ထုတ်လိုက်တယ်။ ဘယ်လိုလဲဆိုတော့ ကိုဗစ်ကာလမှာ လူအင်အားလျှော့တယ်ပဲ ပြောတယ်” ဟု ပြောကြားခဲ့သည်။

“ မြန်မာနိုင်ငံမှာ ဧပြီ ၂၉ ရက်အထိ Industry Sector ကနေ လူဦးရေ ၆၀၀၀၀ အလုပ်လက်မဲ့ဖြစ်သွားတယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်။ အဲဒီဥစ္စာက တခြားကဏ္ဍတွေ မပါသေးပါဘူး။ အလုပ်ချိန် လျှော့ချလိုက်တဲ့အတွက် ဝင်ငွေကျဆင်းသွားတာတွေ မပါသေးပါဘူး။ အလားတူပဲ ရွှေ့ပြောင်းလုပ်သားတွေ မြန်မာပြည်ကို ပြန်လာတဲ့ဥစ္စာမှာလည်း မပါသေးဘူး။ ဒါကြောင့်မို့ Unemploment နဲ့ Under employment သည် မြန်မာပြည်မှာ တော်တော်လေးရိုက်ခတ်သွားမယ့်အခြေအနေရှိတယ်လို့ တွေ့ရှိရပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးက ပြောကြားသည်။

ထို့ပြင် လုပ်သားအင်အား လျှော့ချမှုကြောင့် အလုပ်ထုတ်ခံခဲ့ရသည့်အတွက် စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေပြီး လက်ရှိအချိန်အထိ အလုပ်ပြန်မရသေးသည့် အလုပ်သမား များစွာရှိနေကြောင်း အထည်ချုပ်အလုပ်သမတစ်ဦးဖြစ်သူ မသန်းဌေးက ပြောကြားသည်။

“ စက်ရုံသူဋ္ဌေးက အမေရိကန်မှာ ဆိုင်ပေါင်း ၃၀၀ လောက်ရှိတယ် ပြောတယ်။ ဒါပေမဲ့ ဒီ COVID ရောဂါကြောင့်မို့လို့ သူတို့ရဲ့ဆိုင်ပေါင်း ၃၀၀ ကျော်က အကုန်ပိတ်လိုက်ပြီးတော့မှ ဆိုင် ၂၀ လောက်ပဲဖွင့်တော့ တယ်ပေါ့။ အဲဒီမှာ ဒီမှာဝန်ထမ်းက လူဦးရေကများပြီးတော့ အော်ဒါက မရှိဘူး။ မရှိတဲ့အခါကျတော့ စက်ရုံမှူးက ပြောတာကျတော့ ဒီဝန်ထမ်းနဲ့ ဒီမှာဝင်နေတဲ့အော်ဒါနဲ့ မနိုင်တော့တဲ့အခါမှာ လုပ်သက်အနည်းဆုံး လူတွေကို ဝန်ထမ်းလျှော့ချတယ်။ ဒါပေမဲ့ သူတို့ဘက်က လျော်ကြေးပေးတယ်ပေါ့။ ဒါပေမဲ့ အဖြုတ်ခံရတဲ့သူတွေက လျော်ကြေးပေးတော့ သူတို့နဲ့ ပြောစရာသိပ်တော့မရှိဘူးပေါ့။ အဲဒီလိုရလိုက်တယ်ဆိုပေမဲ့ အချို့လူတွေကကျတော့ အလုပ်မရှိဘူး။ ဒီအချိန်မှာ အလုပ်တော်တော်များများက အင်တာဗျူးမရှိဘူး။ အဲဒီအခါမှာ ဖြုတ်လိုက်တဲ့ဝန်ထမ်းအချို့က အလုပ်မရှိတဲ့အခါကျတော့ အခက်အခဲတွေဖြစ်တယ်။ စားဝတ်နေရေး၊ အခန်းဖိုး၊ အဆောင်ဖိုးအဲဒါတွေ အခက်အခဲရှိနေတယ်။ အလုပ်ထုတ်ခံရပေမဲ့၊ ကျွန်မ အလုပ်ရပေမဲ့ အချို့စက်မချုပ်နိုင်တဲ့သူတွေက များတယ်။ အဲဒီလူတွေအတွက်ကတော့ အလုပ်ရှာဖို့က တော်တော်လေးအဆင်မပြေဘူး။ အခက်အခဲတွေရှိတယ်” ဟု မသန်းဋ္ဌေးက ဆိုသည်။

ကိုဗစ်ရောဂါကူးစက်မှု မြန်ဆန်လာသည်ကတစ်ဖက် ချွတ်ခြုံကျနေသည့် စီးပွားရေးလုပ်ငန်းများနှင့် အလုပ်လက်မဲ့ဖြစ်သွားနိုင်ခြေများကတစ်ဖက်ဖြင့် အုပ်ချုပ်ရေးအပိုင်းက ဖြေရှင်းရန် ပြဿနာများစွာ ရှိနေသည်။

“ ဘယ်လိုကာကွယ်မလဲဆိုတာတော့ ပြောရခက်တယ်။ အစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ဆိုင်သလို လူတစ်ဦးချင်းရဲ့ တုံ့ပြန်ပုံနဲ့လည်း ဆိုင်မယ်။ ပြည်သူလူထုကတော့ ဘယ်လောက် အသိစိတ်ရှိရှိနဲ့ ပူးပေါင်းပါဝင်မလဲပေါ့။ နဂိုကတည်းက စီးပွားရေးက မကောင်းသေးဘူးလေ။ စီးပွားရေး မကောင်းလို့ မဖြေရှင်းဘဲထားလို့လည်း မရဘူး။ အစိုးရအနေနဲ့ ပိုက်ဆံလည်း သုံးစွဲလို့လိုလာတယ်။ အခုလောလောဆယ်အနေအထားအရဆို မြန်မာငွေက မာတောင်မာနေသေးတယ်။ ရိုက်ထုတ်သင့်ရင် ရိုက်ထုတ်ရမှာပဲ။ အဲဒါသိပ်ကြောက်နေစရာ မလိုဘူး ဒါကအကျင့်ပျက်ခြစားတာမဟုတ်ဘူး။ တိုင်းပြည်အတွက် တကယ်လိုအပ်နေလို့ လုပ်ရတာ” ဟု လုပ်ငန်းရှင်တစ်ဦးက ထောက်ပြခဲ့သည်။

“ ဥပမာ အလုပ်သမားကိစ္စဆိုရင် တကယ်တမ်းကျတော့ ပြီးခဲ့တဲ့အသုတ်က လူမှုဖူလုံကြေးပေးတယ် ဆိုတာလည်း လူမှုဖူလုံကြေးသွင်းထားတဲ့ လူတွေလောက်ပဲ။ ဒီ Process ရဲ့ အပြင်ဘက်မှာရှိနေတဲ့ လူတွေအများကြီးပဲ။ နောက်ပြီး မြန်မာနိုင်ငံရဲ့ လူမှုဖူလုံရေးဥပဒေက အလုပ်လက်မဲ့ အကျိုးခံစားခွင့် မရှိဘူး။ အဲဒီတော့ လူတွေအနည်းနဲ့ အများ အကျပ်အတည်းတွေ့မှာပဲ။ အဲဒီတော့ ခေါင်းဆောင်မှုအပိုင်းမှာ ဆုံးဖြတ်ချက်ရဲဖို့ လိုတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လှိုင်သာယာစက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံတစ်ရုံ ယာယီပိတ်သိမ်းလိုက်သဖြင့် နစ်နာကြေးပေးနေသည်ကို မတ်လကုန်ခန့်က တွေ့ရစဉ်

တစ်ကျော့ပြန် အထိနာနိုင်မည့် အခြေအနေအတွက် ဘယ်လိုကျားကန်ထားမလဲ

COVID-19 ကပ်ရောဂါကူးစက်နေမှုက စိုးရိမ်စရာအခြေအနေ ဖြစ်လာသဖြင့် လုပ်သားအင်အား အများအပြားဖြင့် လုပ်ကိုင်လည်ပတ်နေရသည့် လုပ်ငန်းခွင်များ ဆက်လက်လည်ပတ်မည်လား၊ ရပ်ထားမလားဆိုသည့်ကိစ္စအပေါ် အစိုးရအနေဖြင့် ဆုံးဖြတ်ရတော့မည်ဖြစ်သည်။

သို့သော် ယင်းသို့ စက်ရုံအလုပ်ရုံများ ရပ်လိုက်ပါ အလုပ်သမားများကို ဝင်ငွေ ရပေါက်ရလမ်းအတွက် မည်သူကပေးမည်ဆိုသည်မှာ ပြဿနာတစ်ရပ်ဖြစ်လာသည်။ အခြားတစ်ဖက်တွင် စက်ရုံများမရပ်ပါကလည်း  ရောဂါကူးစက်မှု ပိုများလာမည်လားဆိုသည်မှာလည်း ပြဿနာတစ်ရပ် ဖြစ်နေပြန်သည်။

“ ဒါဆိုရင် ဘယ်လိုလုပ်မလဲဆိုတာရှိလာတယ်။ အနည်းနဲ့ အများတော့ လုပ်ငန်းတွေက ပိတ်ကြလိမ့်မယ်။ ဒါက သေချာသလောက်ရှိတယ်။ ပထမလှိုင်းမှာတင် တော်တော်ဖြစ်မယ်ပေါ့နော်။ အခုကြည့်လိုက်တဲ့အခါကျတော့ စီးပွားရေးက ငြိမ်နေတယ်လို့ ထင်ရတယ်။ ဥပမာ ဒေါ်လာစျေးဆိုရင် ၁၃၀၀ လောက်ပဲရှိတယ်။ တကယ်တော့ အဲဒီလောက်အထိ ၁၅၀၀ ကနေ ၁၃၀၀ အထိ ကျသွားတယ်ဆိုတာက တကယ်တမ်းကျ မြန်မာငွေ မာသွားတာလေ။ ဥပမာ ဆင်းရဲသားပြည်သူလူထုကတော့ မသိဘူးပေါ့။ သူက ဒေါ်လာကို သုံးနေတဲ့သူမဟုတ်ဘူးပေါ့နော်။ အဲဒီတော့ ဒေါ်လာကျတာက သူတို့နဲ့ ဘာဆိုင်လို့လဲပေါ့နော်။ ဒါက သူဌေးတွေနဲ့ပဲဆိုင်တယ်လို့ ထင်လိမ့်မယ်။ သူ့ကိုလစာပေးမယ့်သူက နိုင်ငံခြားငွေကို မြန်မာငွေ ပြန်ဖော်ရမှာလေ။ သူကနေပြီး ဒီကနေ Export လုပ်မယ်။ ဟိုကနေ ပြန်ဝင်လာတဲ့ပိုက်ဆံက ဒေါ်လာ ဝင်လာမယ်။ ဒီပိုက်ဆံကို သူကနေ ပြန်ဖော်မယ်ဆိုရင် အရင်တုန်းက ဒေါ်လာ ၁၀၀ ရောင်းလိုက်လို့ အလုပ်သမားနှစ်ယောက်ကို လစာပေးလို့ရတယ်ဆိုရင် အခုဒေါ်လာ ၁၀၀ ရောင်းလိုက်လို့ အလုပ်သမား နှစ်ယောက်ကို လစာပေးလို့မရတော့ဘူး။ ဟုတ်တယ်မဟုတ်လား။ အဲဒါကို လူတွေက သေချာသဘော မပေါက်ဘူး” ဟု ရန်ကုန်မြို့ရှိ စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ငွေကြေးစျေးကွက်အတွင်း မြန်မာငွေကြေး မာနေခြင်းက မကောင်းသကဲ့သို့ လွန်စွာပျော့သွားခြင်းကလည်း မကောင်းသဖြင့် ငွေကြေးစျေးကွက်တည်ငြိမ်ရန် လိုအပ်သည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။

“ အခုလို ၁၅၀၀ ကနေ ၁၃၀၀ ကျသွားတယ်ဆိုတာက မြန်မာငွေ မာလာတယ်ဆိုတဲ့သဘောရှိတဲ့အတွက် ဒါက မြန်မာငွေမာတယ်ဆိုရင် တစ်နည်းအားဖြင့် ကုန်စျေးနှုန်းတွေက စျေးကြီးတာပဲလေ။ အဲဒါက ၁၃၀၀ လောက်မှာမကဘဲ ၁၃၀၀ ထက် ပိုပြီးဆင်းလာရင် စီးပွားရေး လုပ်ငန်းတွေက ပိုပြီးတော့ မကိုက်ဖြစ်တော့မယ်။ မကိုက်ရင် ဒီစီးပွားရေးလုပ်ငန်းတွေ ဒီလုပ်ငန်းတွေ မလည်ပတ်နိုင်ရင် Domino Effect သွားမှာပေါ့။ ဒီလုပ်ငန်းတွေမှာ အလုပ်လုပ်နေရတဲ့သူတွေကို သူတို့ပေးနိုင်မှာ မဟုတ်တော့ဘူး။ အခါတိုင်းဆိုရင် တစ်နည်းနည်းနဲ့ပေါ့။ ဥပမာ အလုပ်နားမယ်ဆိုရင် သုံးလစာပေးလိုက်တာမျိုးရှိတယ်။ နှစ်လစာမျိုး ပေးလိုက်တာရှိမယ်။သူတို့ မကိုက်တော့ဘူးဆိုရင် အဲဒီ Procedure တွေ လုပ်ချင်မှလုပ်တော့မှာ။ သူတို့ ဒေဝါလီခံပစ်လိုက်မယ်ဆိုရင် ဘယ်သူနစ်နာမလဲပေါ့။ အဲဒါမျိုးတွေဖြစ်နေတဲ့အခါ အဲဒီကိစ္စတွေလည်း နည်းနည်းကြည့်ဖို့လိုတယ်။ ဆိုလိုတာက ဝန်ကြီးဌာနတွေက အလုပ်လုပ်ဖို့လိုတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါသည် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအပေါ် ပြင်းထန်သည့် ထိုးနှက်ချက်တစ်ရပ်ဖြစ်ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သုညဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

“ လောလောဆယ်တော့ ကျွန်တော်တို့ဆီမှာ ကိုဗစ်ဖြစ်တဲ့အတွက် လုပ်ငန်းတွေရပ်တဲ့အခါ ကျွန်တော်တို့က ပိုပြီးဆိုးတာပေါ့နော်။ ကိုဗစ်ကြောင့် သေ မသေတော့မသိဘူး။ လုပ်ငန်းတွေရပ်တော့ စီးပွားရေးတွေ ထိခိုက်တာပေါ့။ အဲဒါဟာက ပြဿနာပိုကြီးမားမယ် ထင်တယ်။ ပြီးခဲ့တဲ့လပိုင်းက နည်းနည်းလေး  ကိုဗစ်ကတည်ငြိမ်လာတော့ ကျောင်းတွေ ပြန်ဖွင့်တယ်။ ဆိုင်တွေပြန်ဖွင့်ကြတယ်။ အခုကတော့ ကိုဗစ်ပြန်ဖြစ်တယ်ဆိုပြီး ပြန်ပြီးတင်းကျပ်တယ်။ အသွားအလာတွေ ပိတ်ဆို့ထားတဲ့အတွက်ကြောင့်မို့လို့ စီးပွားရေးအရတော့ လုပ်ရကိုင်ရပိုခက်တာပေါ့နော်။ ဒီအတိုင်းသွားမယ်ဆိုရင် စီးပွားရေးအရ ဝင်ငွေမရှိတဲ့အတွက် ဘယ်လိုတွေရပ်တည်မလဲ။ ကျွန်တော်တို့ဆီက အစိုးရရဲ့အထောက်အပံ့က ကျန်တဲ့တိုင်းပြည်နဲ့ စာရင်တော့  အများကြီးမရှိဘူး။ လူတိုင်းလည်း ထောက်ပံ့ပေးနိုင်တာ မဟုတ်ဘူး။ တစ်ဖက်မှာ ကိုဗစ်ကာကွယ်တာကတစ်ပိုင်း၊ နောက်တစ်ပိုင်းကတော့ အလုပ်လုပ်တဲ့ဟာတွေကို ပြန်ပြီးတော့ လုပ်နိုင်အောင် ဘယ်လိုဆောင်ရွက်ရမလဲပေါ့။ ဒါလေးတော့ စဉ်းစားပေးဖို့အကြံပြုချင်တယ်” ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်းရောင်းချသူများအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၁၁၀၀ ကျော် ရှိလာပြီဖြစ်သည်။ ထို့ကြောင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေးနှင့် စီးပွားရေး ပြန်လည်ဖွင့်လှစ်ရေးတို့ကြားမှ မျှခြေကို ပြန်လည်တွက်ဆရန် လိုအပ်လာသည်။

လက်ရှိအနေအထားအရ ကြည့်လျှင် နေ့စဉ်ဘဝပျက်သုဉ်းလောက်အောင် သို့မဟုတ် နဂိုကတည်းက ချွတ်ခြုံကျနေသည့် စီးပွားရေး ဘုန်းဘုန်းလဲအောင် Lockdown ချထားမှုများနှင့် ပြင်းထန်သည့် အခြားကန့်သတ်ထိန်းချုပ်မှုများ မလိုအပ်ဟု ဆိုနိုင်သေးသည်။

မည်သို့ပင်ဆိုစေကာမူ COVID-19 နှင့်အတူ ယှဉ်တွဲနေထိုင်ခြင်းကိုသာ မဖြစ်မနေ ရွေးချယ်ရတော့မည် ဖြစ်သောကြောင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေးနှင့် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးတို့အကြား တိကျသည့် မျှခြေတစ်ရပ်ကို ပြန်လည်ချမှတ် ဖော်ဆောင်ရတော့မည်ဖြစ်သည်။

“ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ရေးတို့ ဘာတို့ ပြန်လုပ်တာပေါ့နော်။ ရောဂါဖြစ်လာတော့ အုပ်ချုပ်ရေးပိုင်းကတော့ အလွယ်ဆုံးကတော့ ပိတ်ဆို့လိုက်တာတော့ အလွယ်ဆုံးပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကြည့်ရမှာက တကယ်ရော ပိတ်ဆို့တာက ထိရောက်လား။ ပိတ်ဆို့မှုကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာနဲ့ ကိုဗစ်ကြောင့် ဖြစ်လာမယ့်ပြဿနာပေါ့နော်။ ဒါတွေကို ချိန်ထိုးဖို့လိုတယ်။ ခုနကပြောတဲ့ ကန့်သတ်ချက် ကြိုတင်ကာကွယ်ရေးကတော့ လုပ်သင့်တယ်။ လိုက်နာရမယ်။ ဒါပေမဲ့ လုပ်ငန်းတွေ အားလုံးပိတ်တဲ့ဟာမျိုးကတော့ ရေရှည်က မဖြစ်နိုင်ဘူး” ဟု ဒေါက်တာစိုးထွန်းက သုံးသပ်ပြောကြားခဲ့သည်။

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ယင်းနှင့်ဆက်စပ်နေသော စီးပွားရေးအကျပ်အတည်းသည် ကြီးမားသော စိန်ခေါ်မှုများနှင့် မသိနိုင်မှုများစွာတို့ကို ထွက်ပေါ်လာစေခဲ့ပြီး ကုန်သွယ်ရေးကဏ္ဍကို ထိခိုက်ပျက်စီးစေလျက် ရှိနေပေသည်။

ယင်းအကျပ်အတည်းများကို တုံ့ပြန်ရန် မူဝါဒများအနေဖြင့် အလွန်လျင်မြန်ရန်လည်း လိုအပ်နေသည်။ အစိုးရအဖွဲ့များအနေဖြင့် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမှ ပိုမိုလျင်မြန်စွာ နာလန်ထူနိုင်ရေး အထောက်အကူပြုစေရန် မူဝါဒများ အလုံးစုံပြောင်းလဲရေးကို ထိထိရောက်ရောက် လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးလှုံ့ဆော်မှုနှင့် လူမှုလုံခြုံရေးကွန်ရက်တို့အတွက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ COVID-19 အကျပ်အတည်းက လူမှုစီးပွားအနေအထားအပေါ် သက်ရောက်မှုများအား မှန်မှန်ကန်ကန်လေ့လာ သုံးသပ်လျက် အနာဂတ်ကို လှမ်းမျှော်ကြည့်ကာ တုံ့ပြန်မှုများ မလုပ်ဆောင်နိုင်ပါက ကြီးစွားသော ဖိစီးမှုများနှင့် ရင်ဆိုင်ရနိုင်ပေသည်။

Most Read

Most Recent