ကယားပြည်နယ်ဝန်ကြီးချုပ်အား တာဝန်ဆက်လက်ထမ်းရွက်ရန် မသင့်ကြောင်း စွပ်စွဲပြစ်တင်မှု ပြည်နယ်လွှတ်တော် အတည်ပြု

ကယားပြည်နယ်ဝန်ကြီးချုပ်အား တာဝန်ဆက်လက်ထမ်းရွက်ရန် မသင့်ကြောင်း စွပ်စွဲပြစ်တင်မှု ပြည်နယ်လွှတ်တော် အတည်ပြု
Published 1 September 2020

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ရန် တိုင်ကြားထားမှုအပေါ် စက်တင်ဘာ ၁ ရက်တွင် ပြုလုပ်သည့် ကယားပြည်နယ်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲများသဖြင့် ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သည်။ 

ကယားပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပရာတွင် ပြည်နယ်ဝန်ကြီးချုပ် အယ်ဖောင်းရှိုက လွှတ်တော်၌ မိန့်ခွန်းပြောကြားခဲ့ပြီး ၎င်းအပေါ် စွပ်စွဲပြစ်တင်သည့် အချက်နှစ်ချက်နှင့်ပတ်သက်၍ ထည့်သွင်း ရှင်းလင်းပြောကြားခဲ့သည်။ 

စွပ်စွဲပြစ်တင်ရာတွင် ပထမအချက်ဖြစ်သည့် စက်ယန္တရားကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးချုပ်က “စွပ်စွဲအပြစ်တင်တဲ့ အချက်နှစ်ချက်ကို ကြည့်မယ်ဆိုရင် ပထမအချက်ကတော့ စက်ယန္တရားကိစ္စပါ။ ယခင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကတည်းက ဝယ်ယူထားတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် ရည်မှန်းတဲ့ ရည်ရွယ်ချက်ကောင်းတစ်ခု ဖြစ်ပါတယ်။ ခရိုင်၊ မြို့နယ်ဒေသဖွံ့ဖြိုးရေးအတွက် ရည်မှန်းခဲ့တာ ဖြစ်ပါတယ်။ ဖော်ဆောင်အသုံးပြုမှုအပေါ် မူတည်ပြီး အားနည်းချက် အားသာချက်များ ရှိခဲ့ပါလိမ့်မယ်။ အားနည်းချက်များကို အချိန်မီသိရှိပြီးရင် ချက်ချင်းပြင်နိုင်မှသာ ကောင်းမွန်မှန်ကန်တဲ့ အကျိုးတရားနဲ့ ရလဒ်တစ်ခုရနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုကောင်းမွန်မှန်ကန်တဲ့ရလဒ် အကျိုးတရားတစ်ခုခု ရရှိဖို့ကို ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ တည်ဆဲမူဝါဒ၊ နည်းလမ်းများနဲ့အညီသာ ဖော်ဆောင်နိုင်ဖို့ အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေတွေကို ပြည်နယ်ဒေသဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေးမူဘောင်တွေနဲ့အညီသာ သုံးစွဲဖို့ အမြဲပြင်ဆင် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ဘဏ္ဍာငွေသုံးစွဲမှုနဲ့ပတ်သက်ရင်တော့ မလွဲမှားရလေအောင် ကျွန်တော်တို့ ကယားပြည်နယ်မှာဆိုရင် ပြည်နယ်စာရင်းစစ်ချုပ်ကြီးကိုယ်တိုင်ကို ကတ်ဘိနက်အခန်းမှာ ဖိတ်ခေါ်ပြီး အကြံပြုချက် သဘောတူညီချက်တွေ ရယူဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုရယူဆောင်ရွက်ထားတဲ့ အနေအထား ကိစ္စတစ်ခုတစ်လေကိုလည်းပဲ ပြည်နယ်စာရင်းစစ်ချုပ်ကြီးရဲ့ အစီရင်ခံစာ၊ ပြည်နယ် စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာတွေအပေါ် မူတည်ပြီး အကောင်းဆုံးလိုက်နာ ဖော်ဆောင်ပြီးပြတ်ခဲ့တဲ့ ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ စက်ယန္တရားနဲ့ပတ်သက်ပြီး စာရင်းစစ်ဆေးမှု ခံယူထားပြီးဖြစ်တဲ့အတွက် စာရင်းစစ်အစီရင်ခံစာ ထွက်ရှိပြီးတဲ့ကိစ္စတစ်ခုဖြစ်တယ် ဆိုတာကို ဒီနေ့လွှတ်တော်မှာ တင်ပြလိုပါတယ်။ စာရင်းစစ်အစီရင်ခံစာပါ အချက်များအပေါ်မှာ မူတည်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အလေးထားလိုက်နာဆောင်ရွက်ပြီး ပြီးပြတ်ခဲ့ပြီးတဲ့ကိစ္စ ဖြစ်တယ်ဆိုတာကိုလည်း ထပ်လောင်းပြောကြားလိုပါတယ်။ ဒါ့အပြင် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အတည်ပြုခဲ့တဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ပိုင် ယာဉ်၊ ယန္တရားများ လေလံစနစ်ဖြင့် အမြန်ဆုံးရောင်းချ၍ ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ထည့်သွင်းပေးရန်အဆိုပေါ်တွင်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးရဲ့ ခွင့်ပြုချက်အရ နိုင်ငံတော်သမ္မတရုံး၏ ၁/၂၀၁၇ ညွှန်ကြားချက်နဲ့အညီ တင်ဒါခေါ်ယူဆောင်ရွက်ပြီး ရောင်းချရငွေအားလုံးကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ပြီးပြတ်ခဲ့ပြီးတဲ့ ကိစ္စဖြစ်တယ်ဆိုတာကိုလည်းပဲ ပြောကြားလိုပါတယ်” ဟု ဆိုသည်။ 

ဆက်လက်၍ ဝန်ကြီးချုပ်က “ ဒုတိယအချက်အနေနဲ့ကတော့ မြို့မြေနဲ့ ကျေးရွာမြေ စီမံခန့်ခွဲရေးကိစ္စဆိုတာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၁) ထဲမှာပါတဲ့ကိစ္စ ဖြစ်ပါတယ်။ အစိုးရစီမံခန့်ခွဲမှုဆိုတာ ပြည်နယ်အစိုးရအဖွဲ့ကို ဆိုလိုခြင်းမဟုတ်ဘဲ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆိုလိုရည်ညွှန်းခြင်း ဖြစ်တယ်ဆိုတာကိုလည်းပဲ သတိပြုဖို့လိုမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ ကိစ္စရပ်တစ်ခုဟာ ပြည်နယ်လွှတ်တော်က အဆိုပြုရမယ့် ကိစ္စရပ်လား။ ပြည်ထောင်စုလွှတ်တော်က အဆိုပြုရမယ့်ကိစ္စရပ်လား ဆိုတာကိုလည်းပဲ သဲသဲကွဲကွဲ ကွဲကွဲပြားပြား သိမြင်အောင်လုပ်ပြီး ပြည်နယ်ပြည်သူများအတွက် အဆိုတို့၊ ဥပဒေတို့ကို မှန်မှန်ကန်ကန် ဆောင်ရွက်စေချင်ပါတယ်။ ယခုလို လွဲမှားတင်သွင်းခဲ့တဲ့ အဆိုတွင် ပါဝင်ခဲ့တဲ့အချက်တွေနဲ့ပတ်သက်ပြီး လွှတ်တော်အစည်းအဝေးများမှာသာမက သက်ဆိုင်ရာဌာနများမှာလည်း အထောက်အထားခိုင်လုံစွာနဲ့ ရှင်းလင်းတင်ပြထားပြီးသား ဖြစ်ပါတယ်။ အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုဖြစ်ရင်တော့ ပြည်ထောင်စုအစိုးရက ဖြေရှင်းပေးခြင်း၊ ဆုံးဖြတ်ပေးခြင်းကို ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လိုက်နာရပါတယ်။ အဆိုတွင်ပါဝင်ခဲ့တဲ့ ကယားဒေးမြေနေရာအတွင်းရှိ မြေနေရာကို စီမံခန့်ခွဲခြင်းသည် မြို့မြေအတွင်းကျရောက်လျက်ရှိပြီး ဇယား (၁) မှာ ပါတဲ့အတွက် ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြလမ်းညွှန်မှုခံယူခဲ့ပြီး နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်ရရှိချိန်မှစပြီး လမ်းညွှန်ချက်အတိုင်း အလေးအနက်ထား လိုက်နာဆောင်ရွက်ထားပြီးဖြစ်ကြောင်းကိုလည်းပဲ ဒီကနေ့လွှတ်တော်မှာ တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်များအားလုံး သိရှိနိုင်ရေး ထပ်မံတင်ပြအပ်ပါတယ်” ဟု ရှင်းလင်းခဲ့သည်။ 

ယခုလို စွပ်စွဲပြစ်တင်ခြင်းနှင့်ပတ်သက်၍ လွှတ်တော်တွင် ကိုယ်စားလှယ်များအနေဖြင့် သမာသမတ်ရှိရှိ ဆုံးဖြတ်ပေးရန် ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ် ငါးဦးက တိုင်ကြားထားမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့သည်။ 

ထိုသို့ စုံစမ်းစစ်ရေးအဖွဲ့၏ အစီရင်ခံစာအား ဖတ်ကြားတင်ပြရာတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက “ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဝယ်ယူထားသော စက်ယန္တရားများကို နိုင်ငံတော်ပိုင်စာရင်းမှ ဖျောက်ဖျက်ကာ မိမိတစ်ဦးတည်း အကျိုးစီးပွားအတွက် သီးခြားရန်ပုံငွေ ဖွင့်လှစ်သုံးစွဲခြင်း၊ နိုင်ငံတော်မှချမှတ်ထားသော ဘတ်ဂျက်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၃ က ၅ ပါ ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း၊ ကယားပြည်နယ်လွှတ်တော်မှ အတည်ပြုပြီး အဆိုဖြစ်သော နှစ်စဉ် ကယားပြည်နယ်နေ့ကျင်းပရာ မြေနေရာအား ကယားပြည်နယ်နေ့ကျင်းပရေးအတွက် အများပြည်သူပိုင်မြေနေရာအဖြစ် ထားရှိရေးတိုက်တွန်းကြောင်း အဆိုနှင့်ပတ်သက်၍ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်မှု မရှိခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၄၂ က ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် လွှတ်တော်က အခါအားလျော်စွာ ချမှတ်ထားသည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။ မိမိ၏ အရေးယူဆောင်ရွက်ချက်များကို လွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်ဟူသော ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်မှု မရှိခြင်းဟူ၍ စွဲချက်များဖြင့် တင်ပြလာသဖြင့် ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့သည် သက်သေများ၊ သက်ဆိုင်ရာ အချက်အလက်၊ အထောက်အထားများအား စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးတွေ့ရှိချက်များအရ ကယားပြည်နယ် ဝန်ကြီးချုပ်အနေဖြင့် တာဝန်ထမ်းဆောင်နေသော ဦအယ်လ်ဖောင်းရှိုသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အကြိမ်ကြိမ်ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း ခြုံငုံသုံးသပ်ရှိပါသည်” ဟု ပြောကြားခဲ့သည်။ 

ထို့နောက် ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်ရာ မဲပေးပိုင်ခွင့်ရှိသူ ကိုယ်စားလှယ် ၂၀ အနက် ၁၆ ဦးက ထောက်ခံပြီး လေးဦးက ကန့်ကွက်ခဲ့သဖြင့် ထောက်ခံမဲများသောကြောင့် ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်မှုကို အတည်ပြုခဲ့သည်။ 

ထိုသို့ ပြည်နယ်လွှတ်တော်၏ ဆုံးဖြတ်မှုနှင့်ပတ်သက်၍ ဥပဒေအကြောင်းအရ ဆက်လက်ဆောင်ရွက်မည်ဟု ကယားပြည်နယ် ဝန်ကြီးချုပ်က လွှတ်တော်အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ (င) (၁) တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တင်ပြလာလျှင် လွှတ်တော်ဥက္ကဋ္ဌသည် သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်။ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ အနည်းဆုံး သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် ဥက္ကဋ္ဌသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်ဟု လည်းကောင်း၊ ပုဒ်မခွဲငယ် (၂) တွင် နိုင်ငံတော်သမ္မတသည် တင်ပြချက်ရရှိလျှင် စွပ်စွဲပြစ်တင်ခြင်းခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှ ရပ်စဲရမည်ဟု ပြဋ္ဌာန်းထားသည်။

အများပြည်သူပိုင်မြေနေရာဖြစ်သော ကယားဒေးကွင်းအတွင်းရှိ ဟိုတယ်နှင့် ရေလွှာလျှောစီးလုပ်ငန်း စီမံကိန်းအား ဖယ်ရှားရန် လွှတ်တော်တွင် အဆိုတင်သွင်းမှု အောင်မြင်သဖြင့် ယင်းလုပ်ငန်းစီမံကိန်းကို ဖယ်ရှားခဲ့သော်လည်း အဆိုပါမြေနေရာကို စည်ပင်ပိုင်မြေနေရာအဖြစ်ပြောင်းပြီး ယခင်ကုမ္ပဏီများကပင် အမည်ပြောင်း၍ ပန်းခြံနှင့် ဆိုင်ခန်းများ တည်ဆောက်နေသည်ဟူ၍လည်းကောင်း၊ စက်ယန္တရားငှားရမ်းခငွေများကို သီးခြားရန်ပုံငွေထားရှိခြင်းကြောင့်ဟူ၍ လည်းကောင်း ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ်ငါးဦးက တင်ပြခဲ့သဖြင့် ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် တိုင်တန်းထားမှုနှင့်ပတ်သက်၍ ကယားပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့က သြဂုတ် ၂၅ ရက်မှ ၂၆ ရက်အထိ ဝန်ကြီးချုပ်အား လေးကြိမ်တိုင်တိုင် ခေါ်ယူမှုအပေါ် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်းရေးမှူး ဦးအံ့မော်သာ လာရောက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် လူမစုံခြင်းနှင့် အဖွဲ့ဝင်များချိန်းပေးရန် တောင်းဆိုခြင်းပြုလုပ်ခဲ့ကာ တစ်စုံတစ်ရာ ဖြေဆိုခြင်းမရှိကြောင်းနှင့် သြဂုတ် ၂၈ ရက်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့က အစီရင်ခံစာအား လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့သည်။

သို့ရာတွင် ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် တိုင်တန်းတင်ပြမှုတွင် ပါဝင်သည့် ငါးဦးအနက်တစ်ဦးက ၎င်းအနေဖြင့် ဝန်ကြီးချုပ်အားစွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးမှုမှ နုတ်ထွက်ကြောင်း ကယားပြည်နယ်လွှတ်တော်သို့ စာပြန်လည်ပေးပို့ထားသည်။

Most Read

Most Recent