၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ တစ်ဦးကျဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁၃၉၀ ရှိခဲ့ခြင်းကြောင့် ဝင်ငွေနိမ့် နိုင်ငံအဆင့်မှ ဝင်ငွေအလယ်အလတ်နိမ့်နိုင်ငံအဆင့်သို့ တိုးမြှင့်ရောက်ရှိခဲ့ဟုဆို

၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ တစ်ဦးကျဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁၃၉၀ ရှိခဲ့ခြင်းကြောင့် ဝင်ငွေနိမ့် နိုင်ငံအဆင့်မှ ဝင်ငွေအလယ်အလတ်နိမ့်နိုင်ငံအဆင့်သို့ တိုးမြှင့်ရောက်ရှိခဲ့ဟုဆို
Published 7 August 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ တစ်ဦးကျဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁၃၉၀ ရှိခဲ့ခြင်းကြောင့် ဝင်ငွေနိမ့်နိုင်ငံအဆင့်မှ ဝင်ငွေ အလယ်အလတ်နိမ့် နိုင်ငံအဆင့်သို့ တိုးမြှင့်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

သြဂုတ် ၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၀/ ၂၀၂၀) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အထက်ပါကဲ့သို့ ပြန်လည်ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကမ္ဘာ့ဘဏ်အနေနဲ့ နိုင်ငံများရဲ့ ဝင်ငွေအဆင့်အတန်းကို တစ်ဦးကျဝင်ငွေနဲ့ တိုင်းတာတွက်ချက်ပြီးတော့ ဝင်ငွေနိမ့်တဲ့နိုင်ငံ (Low Income Country)၊ ဝင်ငွေအလယ်အ လတ်နိမ့်သောနိုင်ငံ (Lower Middle Income Country)၊ ဝင်ငွေအလယ်အလတ်မြင့်တဲ့နိုင်ငံ (Upper Middle Income Country)နဲ့ ဝင်ငွေမြင့်တဲ့နိုင်ငံ (Higher Income Country) ဆိုပြီးတော့ အုပ်စုလေးခုခွဲပြီးတော့ တင်ပြပါဇယားအတိုင်း သတ်မှတ်ထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ တစ်ဦးကျဝင်ငွေ(Gross National Income GNI Per Capita) ဟာ အမေရိကန်ဒေါ်လာ ၁၃၉၀ ရှိခဲ့ပါတယ်။ ထို့ကြောင့် ဝင်ငွေနိမ့် နိုင်ငံအဆင့်ကနေပြီးတော့ ဝင်ငွေအလယ်အလတ်နိမ့်တဲ့နိုင်ငံအဆင့်သို့ တိုးမြှင့်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်တင်ပြအပ်ပါတယ်” ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ကမ္ဘာ့ဘဏ်က နိုင်ငံများအတွက် ထုတ်ပြန်ထားသည့် ဝင်ငွေအဆင့်သတ်မှတ်ချက်တွင် ၂၀၁၉ ခုနှစ်တွင် တစ်ဦးကျဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၂၅ အထိကို ဝင်ငွေနိမ့်နိုင်ငံ၊ တစ်ဦးကျဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၂၆ မှ ၃၉၉၅ အထိရရှိပါက ဝင်ငွေအလယ်အလတ်နိမ့်သောနိုင်ငံ၊ တစ်ဦးကျဝင် ငွေအမေရိကန်ဒေါ်လာ ၃၉၉၆ မှ ၁၂၃၇၅ အထိရရှိပါက ဝင်ငွေအလယ်အလတ်မြင့်သောနိုင်ငံ၊ တစ်ဦးကျဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၃၇၆ နှင့်အထက် ရရှိပါက ဝင်ငွေမြင့်သောနိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

 

Most Read

Most Recent