ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ပအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအပါအဝင် မဲဆန္ဒနယ်မြေသုံးခု၌ ဝင်ရောက်အရွေးချယ်ခံမည်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ပအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအပါအဝင် မဲဆန္ဒနယ်မြေသုံးခု၌ ဝင်ရောက်အရွေးချယ်ခံမည်
Published 7 August 2020
ဘိုဘိုမြင့်

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက မွန်ပြည်နယ်အတွင်း ပအိုဝ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် (ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနေရာ) အပါအဝင် မဲဆန္ဒနယ်မြေသုံးခု၌ ဝင်ရောက်အရွေးချယ် ခံမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ (PNO) ပါတီက ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်လောင်းတစ်နေရာ၊ သထုံမြို့နယ်အမျိုးသား လွှတ်တော်မဲဆန္ဒနယ်မြေ (၁၂) ရယ်၊ သထုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) တွေမှာ ဝင်ရောက်အရွေးချယ်ခံသွားမှာ ဖြစ်ပါတယ်” ဟု မွန်ပြည်နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအတွင်းရေးမှူး ခွန်တေဇက ပြောကြားသည်။

လက်ရှိ ပါတီစည်းရုံးရေးကာလအတွင်း ကျေးရွာများသို့ကွင်းဆင်းပြီး ကျေးရွာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ ပါတီ၏ မူဝါဒရေးရာအပိုင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခြင်း၊ အကြံဉာဏ်များရယူခြင်း၊ ပါတီဝင်အသစ်များအတွက် ပါတီဝင်ကတ်ထုတ်ပေးခြင်း စသည်ဖြင့် ဆောင်ရွက်နေကြောင်း မွန်ပြည်နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအတွင်းရေးမှူး ခွန်တေဇက ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ ပတ်သက်လို့ မဟာဗျူဟာရေးဆွဲထားတာ ရှိပါတယ်။ မဲဆွယ်စည်းရုံးရေးကာလ ရောက်လာလို့ရှိရင် လုပ်ဆောင်ရမယ့် Campaign တွေ၊ Voter Education ကိစ္စတွေ၊ အဓိကက ကျေးရွာနေ ပြည်သူတွေအနေနဲ့က Voter Education တွေ အများကြီးလိုအပ်နေသေးတယ်။ အဲဒါတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ တစ်ဖက်ကလည်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတုန်းက ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ပြုပြင်ပြီးတော့ အားနည်းချက်တွေကို အားသာချက်ပြန်ဖြစ်အောင် ကြိုးစားဆောင်ရွက် သွားကြမှာဖြစ်ပါတယ်” ဟု မွန်ပြည်နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအတွင်းရေးမှူး ခွန်တေဇက ပြောကြားသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီအနေ ဖြင့် ၂၀၁၂ ခုနှစ်အတွင်း မွန်ပြည်နယ်၌ ပါတီရုံးဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ် သထုံမြို့နယ်တွင် မဲဆန္ဒနယ်မြေလေးနေရာ၊ ဘီးလင်းမြို့နယ်တွင် တစ်နေရာနှင့် ပအိုဝ်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်တစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ပအိုဝ်းတိုင်းရင်းသားလူမျိုးများ အများအပြားနေထိုင်ကြသော ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အမျိုးသားလွှတ်တော် ငါးနေရာ၊ ပြည်သူ့လွှတ်တော် ကိုးနေရာ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ၁၈ နေရာ၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်နှစ်နေရာ စုစုပေါင်း မဲဆန္ဒနယ်မြေ ၃၄ နေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည်ဖြစ်ကြောင်း ယင်းပါတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

Most Read

Most Recent