ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနေရာအပါအဝင် မန္တလေးတိုင်းဒေသကြီး၊ ရှမ်း၊ ကယားနှင့် ကချင်ပြည်နယ်တို့တွင် ၁၃၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနေရာအပါအဝင် မန္တလေးတိုင်းဒေသကြီး၊ ရှမ်း၊ ကယားနှင့် ကချင်ပြည်နယ်တို့တွင် ၁၃၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်
ဇူလိုင်လကုန်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် SNLD ပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်နေစဉ်
ဇူလိုင်လကုန်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် SNLD ပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်နေစဉ်
Published 7 August 2020
စည်သာ (တောင်ကြီး)

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအ ဖွဲ့ချုပ် (SNLD) ပါတီက ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနေရာအပါအဝင် မန္တလေးတိုင်းဒေသကြီး၊ ရှမ်း၊ ကယားနှင့် ကချင်ပြည်နယ်တို့တွင် ၁၃၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သြဂုတ် ၇ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ယှဉ်ပြိုင်ရာတွင် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် (တိုင်းရင်းသားရေးရာဝန်ကြီး) သုံးနေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၃၈ နေရာနှင့် ပြည်နယ်လွှတ်တော် ၇၉ နေရာ၊ စုစုပေါင်း ၁၃၂ နေရာဖြစ်သည်။

“အခုဟာ ၁၃၂ ဦးမှာ အမျိုးသမီးပါဝင်မှုနှုန်း ၂၈ ရာခိုင်နှုန်းလောက်ရှိမယ်။ လောလောဆယ် ၃၇ ယောက်ရှိတယ်လေ။ လူငယ်လည်းများတယ်။ ၃၅ နှစ်အောက် လူငယ်နဲ့ အမျိုးသမီးပါဝင်မှုနှုန်း လုပ်ထားတယ်။ ရည်ရွယ်ချက် ပါတီမူဝါဒတွေလည်း ထွက်လာလိမ့်မယ်။ ရာနှုန်းပြည့်အောင်မြင်ချင်တာပေ့ါ။ ၂၀၁၅၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲထက်မနည်းအောင် ကြိုးစားဆောင်ရွက်ရမှာပေါ့။ ပြည်သူကိုပြောချင်တာက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ရှမ်းတွေကိုပဲ ကိုယ်စားပြုတာမဟုတ်ဘူးပေ့ါ။ ဌာနေတိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ်။ အခုဆိုရင် ပါတီကိုယ်စားပြုပြီးတော့ ရှမ်းပြည်နယ်မှာ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီးဝင်မယ်။ အခြားတိုင်းရင်းသားတွေဆိုရင် ဌာနေတိုင်းရင်းသားတွေရှိတယ်။ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးပဲ ဝင်ပြိုင်မယ်။ ရှမ်းပြည်နယ်မှာ နေထိုင်တဲ့ ဗမာတိုင်း ရင်းသားတွေလည်း SNLD ပါတီကို အားပေးနိုင်အောင် ဗမာတိုင်းရင်းသားတွေကိုလည်း သတင်းပေးချင်တာပေ့ါ။ မဲဆန္ဒအလိုက် နိုင်လာရင်လည်း ပြီးခဲ့တဲ့သက်တမ်းထက်မက ပြည်သူတွေအတွက် ပိုလုပ်နိုင်အောင် ကြိုးစားဆောင်ရွက်သွားဖို့ သတင်းပေးချင်ပါတယ်။ အဓိကတော့ ကဏ္ဍတွေကအများကြီးပေ့ါ။ အရေးကြီးတာ အခြေခံဥပဒေ ပြောင်းလဲရေးပေ့ါ။ လုပ်ဖို့ မလွယ်ဘူး။ အဓိကတော့ ငြိမ်းချမ်းရေးနဲ့ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး ရသွားရင် တော်တော်များများ အဆင်ပြေသွားဖို့များတယ်လို့ ရည်မှန်းချက်ရှိတယ်။ ငြိမ်းချမ်းရင် ဘာမဆိုလုပ်လို့ရမှာလေ။ အခုချိန်မှာ အခက်အခဲဖြစ်နေတာ တစ်ခုက သာသနာရေးဆိုင်ရာအဆောက်အအုံတွေမှာ စည်းရုံးဟောပြောခွင့် မပြုတော့ဘူးဆိုတဲ့ ကိစ္စက တော်တော်လေးကို အခက်အခဲဖြစ်လာနိုင်စရာရှိတယ်လို့မြင်ပါတယ်” ဟု SNLD ပါတီဒုတိယဥက္ကဋ္ဌ (၁) ဦးစိုင်းခမ်းပိုင်ဖက ပြောကြားသည်။

SNLD ပါတီ လွှတ်တော်ကိုယ်စားလှယ်စာရင်းတွင် ၃၅ နှစ်အောက် လူငယ် ၃၁ ဦး၊ ၃၆ မှ ၅၅ နှစ်အထိ ၈၂ ဦး၊ ၅၅ နှစ်အထက် ၁၉ ဦး ပါဝင်ပြီး အမျိုးသမီး ၃၇ ဦး၊ ဘွဲ့ရ ၈၂ ဦးပါဝင်ကြောင်း သိရသည်။

SNLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် ၁၃၂ နေရာတွင် ရှမ်းပြည်နယ်၌ လွှတ်တော်ကိုယ်စားလှယ် နေရာအများဆုံးဖြစ်ပြီး ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနေရာအပါအဝင် အမျိုးသားလွှတ်တော် ခုနစ်နေရာ၊ ပြည်သူ့လွှတ်တော် ၃၃ နေရာနှင့် ပြည်နယ်လွှတ်တော် ၆၉ နေရာ စုစုပေါင်းနေရာ ၁၁၀ ဖြစ်သည်။

သို့ရာတွင် ရှမ်းပြည်နယ်ရှိ အခြားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာများကိုမူ SNLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘဲ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ရှိ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နေရာများကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မံစီမြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် ကယားပြည်နယ် မယ်စဲ့မြို့နယ်၊ လွိုင်ကော်မြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။ 

 

Most Read

Most Recent