မြန်အောင်မြို့နယ်ရှိ ကျေးရွာတစ်ခုတွင် NLD ပါတီက လူစုလူဝေးဖြင့် ဆိုင်းဘုတ်တင်ပွဲပြုလုပ်မှုအပေါ် COVID-19 ညွှန်ကြားချက်များကို ကျော်လွန်သည်ဟုဆိုကာ ဝေဖန်မှုများရှိနေ

မြန်အောင်မြို့နယ်ရှိ ကျေးရွာတစ်ခုတွင် NLD ပါတီက လူစုလူဝေးဖြင့် ဆိုင်းဘုတ်တင်ပွဲပြုလုပ်မှုအပေါ် COVID-19 ညွှန်ကြားချက်များကို ကျော်လွန်သည်ဟုဆိုကာ ဝေဖန်မှုများရှိနေ
ရွာသစ်ကုန်းကျေးရွာတွင် NLD ပါတီ ဆိုင်းဘုတ်တင်အခမ်းအနားပြုလုပ်နေမှုကို တွေ့ရစဉ်
ရွာသစ်ကုန်းကျေးရွာတွင် NLD ပါတီ ဆိုင်းဘုတ်တင်အခမ်းအနားပြုလုပ်နေမှုကို တွေ့ရစဉ်
Published 7 August 2020
မင်းသူဝင်းထွဋ်

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် တောင်ရိုးတိုက်နယ် မရွေးကုန်းအုပ်စု ရွာသစ်ကုန်းကျေးရွာတွင် သြဂုတ် ၅ ရက်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လူစုလူဝေးဖြင့် ပါတီဆိုင်းဘုတ်တင်ပွဲ ပြုလုပ်မှုအပေါ် COVID-19 ညွှန်ကြားချက်များကို ကျော်လွန်သည်ဆိုကာ ဝေဖန်မှုများ ရှိနေသည်။

ရွာသစ်ကုန်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျေးရွာပါတီရုံးဆိုင်းဘုတ်တင်ပွဲသို့ ပါတီမြို့နယ်အဆင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ပြီး ဆိုင်းဘုတ်တင်အခမ်းအနားတွင် လူစုလူဝေးဖြင့် ပြုလုပ်နေပုံများ Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ပြီးနောက် ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ဥပဒေများ၊ COVID-19 ညွှန်ကြားချက်များကြောင့် မိမိတို့သာ ယခုကဲ့သို့ လုပ်ဆောင်ပါက အရေးယူခံရနိုင်သည့် အခြေအနေပိုများကြောင်း၊ COVID-19  ညွှန်ကြားချက်များသည် ကျန်းမာရေးဌာနမှ ထုတ်ခြင်းဖြစ်ပြီး ကျန်းမာရေးဌာနသည် အစိုးရအဖွဲ့ထဲတွင် ပါဝင်ကာ အစိုးရအဖွဲ့သည် NLD ပါတီက ဖွဲ့စည်းထားနိုင်ခြင်းကြောင့် NLD ပါတီ၏ အစိုးရသာဖြစ်ပြီး မိမိထုတ်ထားသည့်ဥပဒေကို မိမိ၏မိသားစုများက မလိုက်နာခြင်းကို ခေါင်းဆောင်များက တားမြစ်ရန်လိုကြောင်း ပြည်သူ့ပါတီ ဧရာဝတီတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးသီဟက ပြောကြားသည်။

“ဒီဥပဒေတွေက ကျွန်တော်တို့ တစ်ပါတီတည်း လိုက်နာရမှာမဟုတ်ဘူး။ ကျန်တဲ့ပါတီတွေရော၊ အာဏာရပါတီတွေရော အကုန်လုံး လိုက်နာရမှာ။ ဥပဒေတစ်ခု ထုတ်တိုင်း ထုတ်တိုင်းမှာ ငါတို့တော့ လိုက်နာရမယ်။ သူတို့တော့ မလိုက်နာရဘူးဆိုတာမျိုး မဖြစ်စေရဘူး။ အားလုံးလိုက်နာရမယ်။ အခု COVID ညွှန်ကြားချက်တွေလည်း လိုက်နာရမယ်၊ ရွေးကောက်ပွဲဥပဒေကိုလည်း လိုက်နာရမယ်။ တိုတိုပြတ်ပြတ်ပြောရမယ်ဆိုရင် လုံးဝမလုပ်သင့်တဲ့ကိစ္စပဲ။ ကျွန်တော်တို့ မလုပ်ဘူး။ ကျွန်တော်တို့တောင် လိုက်နာနေနိုင်ရင် အာဏာရပါတီက ပိုပြီးလိုက်နာနိုင်ရမယ် လိုက်နာသင့်တယ်” ဟု ပြည်သူ့ပါတီ ဧရာဝတီတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးသီဟက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မြန်အောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအောင်ဝင်းက “ဆိုင်းဘုတ်အဟောင်းနဲ့ အသစ်နဲ့လဲတာပါ။ ကျွန်တော်တို့ ဒီကတာဝန်ရှိတဲ့သူတွေ သွားဖွင့်တဲ့အချိန်မှာတော့ ၁၅ ယောက်တည်း သွားဖွင့်တာပါ။ ဖွင့်ပြီး ကျွန်တော်တို့က နောက်အုပ်စုကူးတော့ သူတို့ဘက်က အလှူအတန်းပုံစံမျိုးတွေလုပ်တာ ထင်ပါရဲ့။ ကျွန်တော်တို့ အဲဒါတော့ သိပ်မသိဘူးခင်ဗျ။ ကျွန်တော်တို့က ၁၅ ယောက်နဲ့ပဲ ဖွင့်ခဲ့တာပါ။ ကျွန်တော်တို့မှာ မှတ်တမ်းဓာတ်ပုံရှိပါတယ်” ဟု ဖြေကြားသည်။

ဝေဖန်နေမှုများနှင့်ပတ်သက်၍ ပါတီဘက်မှ သဘောထားကို သိရှိနိုင်ရန် ဆက်လက်မေးမြန်းခဲ့ရာတွင် ၎င်းက ဖြေကြားခြင်း မပြုတော့ဘဲ ဖုန်းချသွားခဲ့သဖြင့် ပြန်လည်ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံဖြေကြား ခြင်းမရှိခဲ့ပေ။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဧရာဝတီတိုင်းဒေသကြီး ဦးဝင်းကိုကိုက “ဒီကာလတွေမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို လိုက်နာကြရင်တော့ ကောင်းတာပေါ့။ ဒါကိုလည်း ပြိုင်ဘက်ပါတီတစ်ဖွဲ့အနေနဲ့ ကော်မရှင်ကိုတင်ဖို့အထိတော့ သိပ်မစဉ်းစားဖြစ်ဘူး။ အားလုံးအားလုံးက ဆန္ဒစောပြီး လုပ်ကြတဲ့အတွက်၊ နိုင်လိုဇောနဲ့ လုပ်ကြတဲ့အတွက် ကိုယ့်အချင်းချင်း ပြန်လည်ထိန်းကျောင်းပေါ့နော်။ သူ့ပါတီ ကိုယ့်ပါတီ အဆင့်ဆင့်က တာဝန်ရှိတဲ့သူတွေက ထိန်းကျောင်းကြပ်မတ်ပေးပြီးတော့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရင်တော့ ကောင်းမယ်လို့။ အဲဒီလိုပဲ ယူဆပါတယ်။ ကျွန်တော်တို့သာ လုပ်မယ်ဆိုရင် ကော်မရှင်ရဲ့ကန့်ကွက်ခြင်းတွေ သက်ဆိုင်ရာ ဥပဒေတွေအရ စီမံဖော်ဆောင်မှုတွေ ကြုံကောင်းကြုံရနိုင်တာပေါ့။ ကိုယ်တွေလည်း ဒီညွှန်ကြားချက်တွေကို လိုက်နာပြီးတော့ တစ်နေရာရာမှာတွေ့မယ်။ တွေ့မယ်ဆိုရင် လူတွေခွဲခွဲတွေ့နေရတော့ အချိန်တွေအများ ကြီးသုံးရတာပေါ့နော်။ COVID နဲ့ပတ်သက်တဲ့ ဖြေလျော့မှုတွေ၊ ရွေးကောက်ပွဲကာလနီးတဲ့အချိန်မှာ အမြန်ဆုံးပြန်လည်ပြီးတော့ ဖြေလျှော့ပေးနိုင်ပါစေလို့ပဲ ဆုတောင်းရတာပေါ့” ဟု ပြောကြားသည်။

နိုင်ငံရေးပါတီအသစ်များအနေဖြင့် ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ကျေးရွာအလိုက် ပါတီရုံးခွဲများ ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်နေရာတွင် လူစုလူဝေးများ ပြုလုပ်ခြင်းမရှိရဆိုသည့် ကန့်သတ်ချက်များကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

 

Most Read

Most Recent