ရွေးကောက်ပွဲတွင် ခြောက်ပေအကွာဖြင့် မဲထည့်နှုန်းသတ်မှတ်ရာ တစ်ဦးလျှင် မဲပေးချိန် ခုနစ်မိနစ်နှုန်း ကြာမြင့်နိုင်ပြီး မဲရုံတစ်ရုံလျှင် မဲဆန္ဒရှင် ၇၀၀ ထက်မပိုပါက အဆင်ပြေမည်ဟုယူဆကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား

ရွေးကောက်ပွဲတွင် ခြောက်ပေအကွာဖြင့် မဲထည့်နှုန်းသတ်မှတ်ရာ တစ်ဦးလျှင် မဲပေးချိန် ခုနစ်မိနစ်နှုန်း ကြာမြင့်နိုင်ပြီး မဲရုံတစ်ရုံလျှင် မဲဆန္ဒရှင် ၇၀၀ ထက်မပိုပါက အဆင်ပြေမည်ဟုယူဆကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တာမွေ မြို့နယ် တာမွေကြီး (ခ) ရပ်ကွက်ရှိ မဲရုံအမှတ် (၄) ၌ မဲပေးရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တာမွေ မြို့နယ် တာမွေကြီး (ခ) ရပ်ကွက်ရှိ မဲရုံအမှတ် (၄) ၌ မဲပေးရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
Published 6 August 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ခြောက်ပေအကွာဖြင့် မဲထည့်နှုန်းသတ်မှတ်ရာ မဲဆန္ဒရှင်တစ်ဦးလျှင် မဲပေးချိန် ခုနစ်မိနစ်ခန့် ကြာမြင့်နိုင်၍ မဲရုံတစ်ရုံလျှင် လူ ၇၀၀ ထက်မပိုပါက အဆင်ပြေမည်ဟု ယူဆကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

COVID-19 ထိန်းချုပ်ရေးကာလတွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲအောင်မြင် စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများနှင့် ပတ်သက်၍ သြဂုတ် ၅ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြုလုပ်သည့် အွန်လိုင်းစကားဝိုင်းတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

“မဲဆန္ဒရှင်များတဲ့ မြို့နယ်တွေက မဲရုံတွေမှာ နှစ်ဆိုင်း၊ သုံးဆိုင်းခွဲမယ်။ ဒီဘက်တန်းကတော့ တစ်ကနေ ၆၀၀ အထိ ဒီဘက်တန်းက ၆၀၁ ကနေ ၁၂၀၀ ကျော်အထိ။ ၆၀၀၊ ၇၀၀ အဲဒီလို နှစ်ဆိုင်း၊ သုံးဆိုင်း နေရာထိုင်ခင်းတွေကြည့်ပြီးတော့ ခွဲသွားဖို့စီစဉ်ပါတယ်။ မဲဆန္ဒရှင်တစ်ယောက်ကို အဲဒီလို ခြောက်ပေအကွာနဲ့ မဲထည့်နှုန်းကို သတ်မှတ်လိုက်တဲ့အခါကျတော့ တစ်ယောက်ကို ခုနစ်မိနစ်နှုန်း ကြာပါတယ်။ ခုနစ်မိနစ်ထက်ကြာတော့ အဲဒါကိုမနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ တွက်လိုက်တဲ့အခါကျတော့ မဲရုံတစ်ရုံမှာ ၇၀၀ ထက် မပိုရင်တော့ အဆင်ပြေမယ်လို့ ယူဆတဲ့အတွက် မဲဆန္ဒရှင်တွေကို အဆိုင်းလိုက် အဲဒီလိုလေးလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် မဲရုံတွေကို တချို့အားကစားကွင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန်ဖြစ်အောင် ပြန်ရွေးပြီး ဆောင်ရွက်သွားပါမယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ကပ်ရောဂါဖြစ်ပွားခြင်းမရှိသေးသည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်ပင် မဲရုံပိတ်ချိန် ညနေ ၄ နာရီအထိ အချို့သောမဲရုံများတွင် မဲပေးချိန် လုံလောက်မှုမရှိသည့် အခြေအနေနှင့် ကြုံတွေ့ရကြောင်း ဦးမြင့်နိုင်၏ ပြောကြားချက်အရ သိရသည်။

“တချို့နေရာတွေတော့ လေးနာရီထက်ကျော်ပါတယ်။ မလုံလောက်ပါဘူး။ ငါးနာရီ ခြောက်နာရီလောက်မှ ပြီးတဲ့ဟာတွေ ရှိပါတယ်။ လေးနာရီအတွင်း ရောက်လာတဲ့သူတွေကို မဲရုံပရိဝုဏ်ထဲမှာ စာရင်းမှတ်ပြီးတော့ သူတို့ကုန်တဲ့အထိ၊ ပြီးတဲ့အထိ လုပ်တဲ့အခါကျတော့ တချို့မဲရုံတွေမှာတော့ ခြောက်နာရီလောက်မှ ပြီးတဲ့မဲရုံတွေရှိပါတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် လိုအပ်ပါက အချိန်ပိုပေးရန် ရှိ မရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အား ပြန်လည်ဆွေးနွေးသည်။

ယင်းအပေါ် ကော်မရှင်အဖွဲ့ဝင်က မဲရုံပိတ်ချိန်ဖြစ်သည့် ညနေ ၄ နာရီတွင် မဲရုံပရိဝုဏ်အတွင်း ရောက်ရှိသည့် မဲဆန္ဒရှင်များ မဲပေးခွင့်ရရှိရေး ဆောင်ရွက်မည်ဖြစ်ပြီး မဲပေးချိန်တိုးပေးရန် ရှိ မရှိနှင့် စပ်လျဉ်း၍ ထည့်သွင်းပြောကြားမှုမရှိပေ။

“အဓိကကတော့ ၄ နာရီအတွင်း ရောက်လာရင်တော့ သူတို့ပြီးတဲ့အချိန်အထိ မဲပေးဖို့လုပ်သွားမှာပါ။ ၄ နာရီမထိုးခင်တော့ မဲရုံ ပုရိဝုဏ်ထဲကို အရောက်လာဖို့လိုပါတယ်” ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

သို့သော် အချို့သောမဲရုံများအနေအထားအရ လူတစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာစီဖြစ်လျှင် မဲရုံပရိဝုဏ်အတွင်း ရောက်ရှိနိုင်ပါ့မလားဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဆွေးနွေးသည်။

အဲဒါလေးတော့ နည်းနည်းစဉ်းစားပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကတော့ ကပ်ပြီးနေလို့ရတာကိုး။ ပျမ်းမျှအားဖြင့် တစ်ပေလောက်ကွာပြီး ရပ်ကြတာကိုး။ အခုက ခြောက်ပေဆိုတော့ ခြောက်ဆဖြစ်သွားတာပေါ့။ ခြောက်ဆဖြစ်သွားတော့ မဲရုံကိုတန်းစီတဲ့နေရာမှာ နေရာလောက်ပါ့ မလားပေါ့နော်။ အဲဒီတော့ နေရာလောက်ပါ့မလားဆိုတော့ မဲရုံအတွင်းကို မဝင်နိုင်ဘူးပေါ့။ ၄ နာရီကျော်သွားတဲ့အခါမှာ တန်းစီရတာ ခြားနေတော့ မဲရုံအတွင်းထဲကိုမရောက်ဘူးဆိုရင် သူတို့မှာ မဲပေးပိုင်ခွင့် မရှိတော့ဘူးလား” ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထိုသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် အချက်နှင့်ပတ်သက်၍ စဉ်းစားသုံးသပ်သွားမည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြန်လည်ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံစွာဆန္ဒမဲပေးနိုင်ရေးအတွက် ပြည်သူများ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးထားသလို သရုပ်ပြမဲရုံများ စီစဉ်၍ လေ့ကျင့်မှုများလည်း ပြုလုပ်ထားကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

 

Most Read

Most Recent