တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲစာရင်းမှားယွင်းမှု အများအပြားတွေ့ရပြီး  မဲစာရင်းမှားယွင်းမှုသည် အလေးထားရမည့် ကိစ္စဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲစာရင်းမှားယွင်းမှု အများအပြားတွေ့ရပြီး  မဲစာရင်းမှားယွင်းမှုသည် အလေးထားရမည့် ကိစ္စဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရွေးကောက်ပွဲဆိုင်ရာတာဝန်ရှိသူများ သြဂုတ် ၅ ရက်က အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်စဉ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရွေးကောက်ပွဲဆိုင်ရာတာဝန်ရှိသူများ သြဂုတ် ၅ ရက်က အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်စဉ်
Published 5 August 2020
ဉာဏ်လင်းထွန်း

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲစာရင်းမှားယွင်းမှုများကို အများအပြားတွေ့ရပြီး မဲစာရင်းမှားယွင်းမှုသည် အလေးထားရမည့်ကိစ္စဖြစ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလတွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများနှင့်စပ်လျဉ်း၍ မဲစာရင်းကောက်ယူရာတွင် ပါဝင်ခဲ့သည့် လူဝင်မှုကြီးကြပ်ရေး၊ အထွေထွေအုပ်ချုပ်ရေး၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်တို့မှ တာဝန်ရှိသူတို့နှင့် သြဂုတ် ၅ ရက်က အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးမှုတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“မဲသွားပေးဖို့ဆိုတာဟာ မဲစာရင်းတွေက မှန်ဖို့လိုတယ်။ အခု ကျွန်မဒီအခါမှာပြောရမယ်ဆိုရင် တစ်ပတ်နှစ်ပတ်အတွင်းမှာ မဲစာရင်းတွေ မမှန်တဲ့အကြောင်း မဲဆန္ဒရှင်စာရင်းတွေ မှားတဲ့အကြောင်း မပြည့်စုံတဲ့အကြောင်း သတင်းတွေအများကြီးထွက်ပါတယ်။ တစ်တိုင်းပြည်လုံးမှာ  တော်တော်လည်း များပါတယ်။ အဲဒီတော့ ဒီဟာကလည်း ကျွန်မတို့အတွက် အင်မတန်မှ အလေးထားရမယ့် ကိစ္စတစ်ခုဖြစ်တယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

လာမည့် ရွေးကောက်ပွဲတွင် နိုင်ငံသူ၊ နိုင်ငံသားများ ကျန်းမာရေးမထိခိုက်ဘဲ မဲရုံသို့ မဲသွားပေးနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မည်သို့ဆောင်ရွက်ထားသည်က ဒုတိယအဆင့်ဖြစ်ပြီး ပြည်သူများ မဲပေးနိုင်ရန် မဲစာရင်းမှန်ကန်မှုရှိရေးသည် ပထမအဆင့် လိုအပ်ချက်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

နိုင်ငံသူနိုင်ငံသားဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်လျှင် မဲပေးပိုင်ခွင့်ရှိသည့်အတွက် ယင်းသည် နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်ဖြစ်သလို တာဝန်လည်းဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့သို့ ပြည်သူများ ရွေးကောက်ပွဲတွင် ပါဝင်မဲပေးခွင့်ရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးဌာန၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် ရွေးကောက်ပွဲကော်မရှင် စသည့်ဌာနများသည် အဓိကကျကြောင်း  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

“မဲပေးပိုင်ခွင့်ရှိတာနဲ့အမျှ ကျွန်မရဲ့အယူအဆကတော့ တာဝန်လည်းရှိတယ်။ ကိုယ့်နိုင်ငံအတွက် ကိုယ်တာဝန်ယူချင်တဲ့စိတ်ဟာ လူတိုင်းလူတိုင်းမှာရှိရမယ်။ ကိုယ်ကြိုက်သလို မဲပေးရမယ်။  မဲမပေးဘဲနဲ့ ဒီစနစ်ကြီးကို မကြိုက်ဘူးတို့ ဟိုဟာမကြိုက်ဘူးတို့ ဒီဟာမကြိုက်ဘူးပြောတာဟာ အင်မတန် တာဝန်မဲ့တာပဲ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ၌ မဲပေးခြင်းမပြုရန် လူမှုကွန်ရက်စာမျက်နှာတွင် (No Vote) ကမ်ပိန်းလှုပ်ရှားမှုရှိနေပြီး ၎င်းတို့သည် NLD အစိုးရ၏ ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ကတိကဝတ်အချို့ မကျေပွန်မှုမှစ၍ အဆိုပါလှုပ်ရှားမှု လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ ငါးနှစ်မှ တစ်ရက်သာ အချိန်ပေးရသည့် တာဝန်ကို ကျေပွန်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပြီး  အများစုကလည်း ယင်းသို့လုပ်ဆောင်ချင်သည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ဇူလိုင် ၂၅ ရက်က ပထမအကြိမ် ကြေညာသည့် မဲဆန္ဒရှင်စာရင်းတွင် အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင် မှားယွင်းမှုများအပြင် မိသားစုလိုက် မဲစာရင်းမပါဝင်မှု၊ မှားယွင်းမှုတို့ရှိနေပြီး မဲစာရင်းမှားယွင်းမှုများတွင် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများလည်း ပါဝင်လျက် ရှိသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်း ပြုစုရေးနှစ်အဖြစ် သတ်မှတ်ပြီး မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း မဲစာရင်းတွင် ပါဝင်ရေး၊ တိကျမှန်ကန်သည့် မဲစာရင်းရရှိရေးတို့ကို ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့  ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။

၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတို့အတွက် မဲစာရင်းကောက်ယူရာတွင် အိမ်ထောင်စုစာရင်းကို အခြေခံကောက်ယူခဲ့သော်လည်း လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းကို မြေပြင်တွင်ရှိသည့်စာရင်း အခြေခံကောက်ခံခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တို့က ပြောကြားသည်။

 

Most Read

Most Recent