၂၀၂၀ ပြည့်နှစ် မတ်အထိ ရန်ကုန်စည်ပင်က ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၂၀၀ ရယူထားပြီး ချေးငွေအကုန်မသုံးနိုင်သဖြင့် နိုင်ငံတော်ဆုံးရှုံးရမည့် အတိုးပမာဏကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းစေလိုကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တောင်းဆို

၂၀၂၀ ပြည့်နှစ် မတ်အထိ ရန်ကုန်စည်ပင်က ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၂၀၀ ရယူထားပြီး ချေးငွေအကုန်မသုံးနိုင်သဖြင့် နိုင်ငံတော်ဆုံးရှုံးရမည့် အတိုးပမာဏကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းစေလိုကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တောင်းဆို
Published 22 July 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

၂၀၂၀ ပြည့်နှစ် မတ်အထိ ရန်ကုန်စည်ပင်က ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၂၀၀ ရယူထားပြီး ချေးငွေအကုန် မသုံးနိုင်သဖြင့် နိုင်ငံတော်ဆုံးရှုံးရမည့် အတိုးပမာဏကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းစေလိုကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်မင်းထွန်းက တောင်းဆိုလိုက်သည်။

ဇူလိုင် ၂၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်မြို့တော် ရေဖူလုံရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ချေးငွေရယူရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် ဗိုလ်မှူးကျော် မင်းထွန်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပတ်သတ်ပြီး ပြည်ပကြွေးမြီ အခြေအနေနဲ့ အကောင်အထည်ဖော်မှုအပိုင်းကို လေ့လာကြည့်ရာမှာ ၂၀၂၀ ပြည့်နှစ် မတ်လကုန်အထိ အမေရိကန်ဒေါ်လာ သန်း ၁၂၀၀ ထိ ရယူထားပြီး လက်ရှိချေးငွေနဲ့ဆိုရင် သန်း ၁၃၀၀ ကျော်ထိ ရှိလာတော့မှာ ဖြစ်ပါတယ်။ ချေးငွေတွေကို အကောင်အထည်ဖော်တဲ့ အပိုင်းကို လေ့လာကြည့်မယ်ဆိုရင် မူလချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၂၀၀ ထဲက အမေရိကန်ဒေါ်လာ ၁၁၈ သန်းကိုသာ သုံးစွဲထားတာ တွေ့ရှိပါတယ်။ ဒါကြောင့် ကျန်တဲ့ချေးငွေ ဘာကြောင့် အကောင်အထည် မဖော်နိုင်တာလဲဆိုတာ စီမံကိန်းတစ်ခုချင်းစီ အလိုက် အသေးစိတ် ရှင်းပြစေလိုပါတယ်။ ပြီးတော့ ချေးငွေတွေ ချေးယူပြီးတော့ခါမှ အကုန်မသုံးနိုင်တဲ့အတွက်ကြောင့် နိုင်ငံတော်က ဆုံးရှုံးသွားရမယ့် အတိုးပမာဏကို ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းပေးစေလိုပါတယ်” ဟု ဗိုလ်မှူးကျော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအရ ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၀၀၁ ဘီလျံချေးယူထားကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အမေရိကန်ဒေါ်လာ ၅၄၇ ဒသမ ၄၃၁ သန်း စုစုပေါင်း ၂ ဒသမ ၇၃ ရာခိုင်နှုန်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၅၅၆ သန်း စုစုပေါင်း ချေးငွေ ၀ ဒသမ၂၅ ရာခိုင်နှုန်းရှိကြောင်း ဗိုလ်မှူးကျော်မင်းထွန်းက ပြောကြားသည်။

“ ရန်ကုန်နဲ့ လူဦးရေး မတိမ်းမယိမ်းဘဲရှိတဲ့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောင်ရွက်မှုကို ယှဉ်ကြည့်လိုက်ရင် ချေးယူတဲ့ပမာဏ ဒေါ်လာ သန်း ၁၀၀ ပဲရှိပေမဲ့ အကောင်အထည် ဖော်နိုင်မှုကြောင့် ပြည်သူတွေ ကျေနပ်မှုရှိတဲ့အပြင် စာရင်းစစ်ချုပ်အစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့လည်း ဘယ်လိုပြဿနာမျိုးမှ မရှိဘူးလို့ သိရှိရပါတယ်” ဟု ဗိုလ်မှူး ကျော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွက် အသုံးစရိတ် လျာထားငွေ ကျပ် သန်းပေါင်း ၉၂၀ ဘီလျံ၊ မန္တလေးတိုင်းဒေသကြီးအတွက် ကျပ် ၄၂၂ ဘီလျံ ဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီးက စုစုပေါင်းသုံးငွေ၏ ၂၄ ရာခိုင်နှုန်းသုံးစွဲပြီး မန္တလေးတိုင်းဒေသကြီးက ၁၁ ဒသမ ၅ ရာခိုင်နှုန်း သုံးစွဲမည်ဖြစ်သော်လည်း ရန်ကုန်နှင့် မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်မှုကို နှိုင်းယှဉ်ကြည့်ပါက လုံးဝကွာခြားနေကြောင်း ဗိုလ်မှူး ကျော်မင်းထွန်းက ပြောကြားသည်။

ရန်ကုန်မြို့တော် ရေဖူလုံရေးစီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ဗိုလ်မှူး ကျော်မင်းထွန်းက ချေးငွေခွဲဝေခြင်းဇယားအရ စီမံကိန်းအတိုင်ပင်ခံငှားရမ်းခြင်း ကုန်ကျစရိတ်မှာ ဒေါ်လာ ၉ ဒသမ ၂၅ သန်း၊ မမျှော်မှန်းထားသည့် ကိစ္စရပ်များအတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၂၆ ဒသမ ၂၂ သန်း ခွဲဝေထားခြင်းကို တွေ့ရကြောင်း ဗိုလ်မှူး ကျော်မင်းထွန်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ယခုချေးယူမည့် စီမံကိန်းနှင့် ယခင်ချေးယူထားခဲ့သည့် စီမံကိန်းများအတွက် ပြည်ပချေးငွေများနှင့်ပတ်သက်ပြီး မျှော်မှန်ထားသည့် ရည်မှန်းချက်များကို ရာခိုင်နှုန်ပြည့် အောင်မြင်ရန် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ပြည်သူလူထုအတွက် အကျိုးခံစားမှု ပြည့်ပြည့်ဝဝရရှိအောင် ထိထိရောက်ရောက် ဆောင်ရွက်သင့်ကြောင်း ဗိုလ်မှူးကျော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent