အစိုးရဌာန၊ အဖွဲ့အစည်းများအနေဖြင့် ငွေလုံးငွေရင်း အသုံးစရိတ်များ ရေးဆွဲရာတွင် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များအား ဘတ်ဂျက်အမှာစာများနှင့်အတူ အကြောင်းကြားခဲ့သော်လည်း လိုက်နာရန် အားနည်းမှုများ ရှိနေဆဲဖြစ်သည်ကို တွေ့ရဟု ဒုတိယဝန်ကြီး ပြောကြား

အစိုးရဌာန၊ အဖွဲ့အစည်းများအနေဖြင့် ငွေလုံးငွေရင်း အသုံးစရိတ်များ ရေးဆွဲရာတွင် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များအား ဘတ်ဂျက်အမှာစာများနှင့်အတူ အကြောင်းကြားခဲ့သော်လည်း လိုက်နာရန် အားနည်းမှုများ ရှိနေဆဲဖြစ်သည်ကို တွေ့ရဟု ဒုတိယဝန်ကြီး ပြောကြား
ဇူလိုင် ၂၂ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပစဉ်
ဇူလိုင် ၂၂ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပစဉ်
Published 22 July 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

အစိုးရဌာန၊ အဖွဲ့အစည်းများအနေဖြင့် ငွေလုံးငွေရင်းအသုံးစရိတ်များ ရေးဆွဲရာတွင် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ဘတ်ဂျက်အမှာစာများနှင့်အအတူ အကြောင်းကြားခဲ့သော်လည်း လိုက်နာဆောင်ရွက်ရန် အားနည်းမှုများရှိနေဆဲ ဖြစ်သည်ကိုတွေ့ရကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဇူလိုင် ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

“ အစီရင်ခံစာရဲ့ သဘောထားမှတ်ချက် အပိုဒ် ၃၁ တွင် တည်ဆောက်ရေးလုပ်ငန်းတွေကို သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးနိုင်ရေး၊ ငွေလုံးငွေရင်း အသုံးစရိတ်များကိုအချိန်နဲ့တစ်ပြေးညီ သုံးစွဲရေးတို့အတွက် သဘောထားမှတ်ချက်ပြုထားပါတယ်။ ယခင်နှစ်များကလည်းပဲ အလားတူသဘောထား မှတ်ချက်များ ရှိခဲ့ပါတယ်။ အစိုးရဌာန၊ အဖွဲ့အစည်းများအနေနဲ့ ငွေလုံးငွေရင်းအသုံးစရိတ်တွေ ရေးဆွဲတဲ့နေရာမှာ တည်ဆောက်ရေးလုပ်ငန်းတွေအတွက်ဆိုရင် မြေပြင်အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး မြေပိုင်ဆိုင်ခွင့်ရပြီးမှ ရန်ပုံငွေတင်ပြတောင်းခံဖို့၊ ဒီဇိုင်းပုံစံတွေ ရေးဆွဲပြီးတော့ ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်းမှာ တင်ဒါခေါ်ယူပြီးတော့ ပြီးစီးအောင် ဆောင်ရွက်နိုင်မယ့် လုပ်ငန်းတွေအတွက်သာ ရန်ပုံငွေတောင်းခံဖို့၊ Project အလိုက်ကို လုပ်ငန်းဖြစ်မြောက်နိုင်စွမ်း (Feasibility Study) ကို ကြိုတင်ဆောင်ရွက်ထားဖို့ဆိုတဲ့ အချက်တွေကို ကျွန်တော်တို့ ညွှန်ကြားထားပါတယ်။ ဘတ်ဂျက်အမှာစာတွေနဲ့အတူ ညွှန်ကြားခဲ့ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက် (၁/၂၀၁၇) ကို ထုတ်ပြန်ထားပြီးဖြစ်ကာ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာန၊ အဖွဲ့အစည်းများအနေဖြင့် ယင်းညွှန်ကြားချက်ပါ တင်ဒါလုပ်ငန်းစဉ်များကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်များ အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တင်ဒါခေါ်ယူမှုများကို ဘဏ္ဍာနှစ် ပထမသုံးလပတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

အစီရင်ခံစာ အပိုင် (၃၃) ပါ ဘတ်ဂျက်ရေးဆွဲခြင်း၊ တောင်းခံခြင်း၊ ထုတ်ယူသုံးစွဲခြင်းများကို တာဝန်ယူ တာဝန်ခံစနစ်ဖြင့် ပီပီပြင်ပြင် ကျင့်သုံးဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းရေးဆွဲရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ နှစ်စဉ်ထုတ်ပြန်ဆောင်ရွက်လျက်ရှိပြီး ဘဏ္ဍာငွေ အရအသုံး လျာထားချက်များကို အမှန်အကောင်အထည်ဖော်နိုင်မှုနှင့် နီးစပ်စေရန်အတွက် လိုက်နာဆောင်ရွက်ရန် နိုင်ငံတော်သမ္မတရုံးကလည်း ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်မည်ဆိုပါက မူလခန့်မှန်းခြေ ငွေစာရင်းအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု ရာခိုင်နှုန်း နီးစပ်လာမည်ဖြစ်ပြီး ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းနှင့် ပိုလျှံငွေ ပြန်လည်အပ်နှံခြင်းများကိုလည်း လျော့ချနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံတဲ့နေရာမှာ မဖြစ်မနေပေးရမယ့် ကုန်သွယ်ခွန်တို့ ဝင်ငွေခွန်တို့၊ နိုင်ငံတော်ကို ထည့်ဝင်ငွေ၊ လစာစရိတ်၊ ချီးမြှင့်ငွေ၊ ခရီးစရိတ်၊ ပင်စင်နဲ့ အတိုးပေးပေးငွေ၊ ထပ်မံရရှိဖို့ သေချာတဲ့ ပြည်ပအကူညီရငွေနဲ့ ချေးငွေစတဲ့ အသုံးစရိတ်တွေကိုသာ တောင်းကြဖို့၊ ငွေလုံးငွေရင်း အသုံးစရိတ်များအတွက်ကို စီမံကိန်းဥပဒေမှာ ပါပြီးတော့မှ ရန်ပုံငွေ မလုံလောက်တဲ့ ကိစ္စတွေအတွက် ဘဏ္ဍာရေးနှစ်အတွင်းမှာ ပြီးမယ်ဆိုလို့ရှိရင် တောင်းကြဖို့၊ ရုံးသုံး စက်ကိရိယာ၊ ရုံးသုံးပရိဘောဂ၊ ရုံးသုံးယာဉ်ဝယ်ယူခြင်းတွေအတွက် မတောင်းကြဖို့၊ လုပ်ငန်းစီမံကိန်းအသစ်များအတွက် မတောင်းကြဖို့ကို ကြိုတင်ညွှန်ကြားချက်များ အသိပေးခဲ့ပါတယ်။ ဘတ်ဂျက်စိစစ်ရာမှာလည်း ထည့်ပြီးတော့ စိစစ်ခဲ့ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

အသုံးစရိတ်များကို အချိန်မီမသုံးစွဲနိုင်သည့်အတွက် ဖြစ်ပေါ်လာသည့် ပိုလျှံငွေများကို ဘဏ္ဍာနှစ်မကုန်ဆုံးမီ သုံးလအလိုနှင့် ဘဏ္ဍာနှစ်ကုန်ဆုံးသည့် နေ့ရက်တွင် ဌာန၊ အဖွဲ့အစည်းများက ပြန်လည်အပ်နှံစေပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက စုစည်းပေါင်းချုပ်၍ နိုင်ငံတော်သမ္မတရုံးသို့ အစီရင်ခံ တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ အထွေထွေ ပိုလျှံရန်ပုံငွေမှ လွှဲပြောင်းသုံးစွဲခြင်းနှင့်စပ်လျဉ်းပြီး လက်ရှိအခြေအနေတွင် ဌာန၊ အဖွဲ့အစည်းများအနေနှင့် သက်ဆိုင်ရာ ဘဏ္ဍာနှစ်အတွင်း မဖြစ်မနေသုံးစွဲရမည့် အသုံးစရိတ်များရှိခဲ့ပါက မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲရေးဆိုင်ရာ စည်းမျဉ်း (၃၅/၂၀၁၇) နှင့်အညီ မူလခွင့်ပြုငွေအတွင်း၌ အကြောင်းအမျိုးမျိုးကြောင့် ပိုလျှံနိုင်သော ခေါင်းစဉ်များမှ ရန်ပုံငွေကို လွှဲပြောင်းသုံးစွဲခြင်း၊ အထွေထွေ ပိုလျှံရန်ပုံငွေမှ ပြန်လည်တောင်းခံသုံးစွဲခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်ကြရန် ဖြေလျော့မှုများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent