ရခိုင်ပြည်နယ်အတွင်း လက်ရှိကောက်ယူထားသော စာရင်းများအရ မဲဆန္ဒရှင် ၁၆ သိန်းကျော်ရှိပြီး မဲရုံပေါင်း၂၅၀၀ ကျော်ရှိ

ရခိုင်ပြည်နယ်အတွင်း လက်ရှိကောက်ယူထားသော စာရင်းများအရ မဲဆန္ဒရှင် ၁၆ သိန်းကျော်ရှိပြီး မဲရုံပေါင်း၂၅၀၀ ကျော်ရှိ
စစ်တွေမြို့ မဲဆန္ဒနယ်မြေတစ်ခုတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ မဲရလဒ်စာရင်းအား လာရောက်ကြည့်ရှုသည့် မဲဆန္ဒရှင်ပြည်သူများကို တွေ့ရစဉ်
စစ်တွေမြို့ မဲဆန္ဒနယ်မြေတစ်ခုတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ မဲရလဒ်စာရင်းအား လာရောက်ကြည့်ရှုသည့် မဲဆန္ဒရှင်ပြည်သူများကို တွေ့ရစဉ်
Published 22 July 2020
သန်းလှိုင် (စစ်တွေ)

ရခိုင်ပြည်နယ်အတွင်း လက်ရှိကောက်ယူထားသော စာရင်းများအရ မဲဆန္ဒရှင် ၁၆ သိန်းကျော်ရှိပြီး မဲရုံပေါင်း၂၅၀၀ ကျော်ရှိကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သတင်းရရှိသည်။

အဆိုပါမဲပေးခွင့်ရှိသူများမှာ အသက် ၁၈ နှစ်ပြည့်ခြင်း၊ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် ပြုနိုင်ငံသား ဖြစ်ခြင်းဆိုသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ကောက်ခံထားသည့် စာရင်းများဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးမှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောကြားသည်။

“ ကျွန်တော်တို့ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လမ်းညွှန်ချက်အရ ဇူလိုင် ၂၅ ရက်မှာ အခြေခံမဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရမှာ ဖြစ်တယ်။ အဲဒီအတွက် မဲစာရင်းထုတ်တာတွေ၊ ဖြန့်ဝေတာတွေပေါ့။ စလုပ်နေပြီ။ မဲရုံမှာထားမယ့် ပစ္စည်းတွေနဲ့ ကော်မရှင်တွေ၊ ဝန်ထမ်းတွေ ထားဖို့နဲ့ အိုင်တီနည်းပညာတွေကိုလည်း ဖြန့်ဝေပေးနေပြီ။ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ မဲပေးခွင့်ရှိသူ စုစုပေါင်းက ၁၆၄၀၀၀၀ (ဆယ့်ခြောက်သိန်းလေးသောင်း) ကျော်ရှိတယ်။ မဲရုံပေါင်းက ၂၅၉၀ ကျော် ရှိတယ်။ ၁၈ နှစ်ပြည့်ရမယ်၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသားဖြစ်ရမယ်။ ထောင်သားနဲ့ လူမွဲစာရင်း ကြေညာထားသူ မပေးရဘူး။ ဒီလို အချက်အလက်တွေနဲ့ ကောက်ယူထားတာ ဖြစ်တယ်” ဟု ဦးသူရိန်ထွဋ်က ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ကျေးရွာများကို စွန့်ခွာထွက်ပြေးနေကြရသည့် တိုက်ပွဲရှောင်များရှိသည့်အတွက် မဲစာရင်းကောက်ယူရာတွင် အခက်အခဲများရှိနေပြီး တိုက်ပွဲရှောင် ပြည်သူများ မဲစာရင်းကြည့်ရှုနိုင်ရန်အတွက် ကော်မရှင်အနေဖြင့် တိုက်ပွဲရှောင်စခန်းများအထိ မဲစာရင်းများ ပို့ဆောင်ပေးရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ဒီမှာလည်း တိုက်ပွဲရှောင်တွေရယ်၊ နောက်ပြီး COVID ကလည်း ဖြစ်နေတော့ မဲစာရင်း ကပ်ထားကြေညာတဲ့အခါမှာ ကိုယ့်အမည်စာရင်း မဲစာရင်းမှာ ပါ မပါကိုတော့ သွားကြည့်စေချင်တယ်။ သွားကြည့်ပေးဖို့လည်း မေတ္တာရပ်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲစာရင်းမှာ မပါရင် မဲပေးခွင့်ဆုံးရှုံးမှာ ဖြစ်တယ်။ တချို့ကလည်း ရွာပျက်သွားပြီး တိုက်ပွဲရှောင်စခန်းမှာ ရောက်နေတာဆိုတော့ မဲစာရင်းက ရွာမှာကပ်ဖို့ ဘယ်လိုမှမရတော့ဘူး။ ဒါကြောင့် ရွာပျက်သွားတဲ့ ရွာတွေအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ကပ်ထားပေးမယ်။ တကယ်လို့ တိုက်ပွဲရှောင်စခန်းဆိုရင်လည်း အစိုးရက တရားဝင်ဖွင့်လှစ်ထားတဲ့ စခန်းတွေကိုတော့ စခန်းတာဝန်ခံတို့၊ အုပ်ချုပ်မှုအဖွဲ့တို့ဆီကို စာရင်းပေးပို့ပေးမယ်” ဟု ဦးသူရိန်ထွဋ်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒရှင် ၁၄ သိန်းကျော်သာ ရှိပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၁၆ သိန်းကျော်ရှိသည့်အတွက် မဲဆန္ဒရှင်ဦးရေ နှစ်သိန်းကျော် တိုးလာခြင်းဖြစ်သည်။

Most Read

Most Recent