ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက အထွေထွေရွေးကောက်ပွွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ရှမ်း၊ ကယားနှင့် မွန်ပြည်နယ်တို့ရှိ ၂၂ မြို့နယ်၌ ၃၄ နေရာဝင်ရောက်ယှဉ်ပြိုင်မည်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက အထွေထွေရွေးကောက်ပွွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ရှမ်း၊ ကယားနှင့် မွန်ပြည်နယ်တို့ရှိ ၂၂ မြို့နယ်၌ ၃၄ နေရာဝင်ရောက်ယှဉ်ပြိုင်မည်
Published 20 July 2020
စည်သာ (တောင်ကြီး)

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီက ပဲခူးတိုင်းဒေသကြီး၊ ရှမ်း၊ ကယား နှင့် မွန်ပြည်နယ်တို့ရှိ ၂၂ မြို့နယ်၌ မဲဆန္ဒ နယ် ၃၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

PNO ပါတီသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်အတွင်း ၁၆ မြို့နယ်၌လည်း ကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး စသည့်သုံးမြို့နယ် ၌လည်းကောင်း၊ ကယားပြည်နယ် လွိုင်ကော် မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ထန်းတစ်ပင် မြို့နယ်၊ မွန်ပြည်နယ် သထုံမြို့နယ် စသည့် မြို့နယ်စုစုပေါင်း ၂၂  မြို့နယ်တွင် လွှတ်တော် ကိုယ်စားလှယ် ၃၄ နေရာ ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၃၄ နေရာတွင်  အမျိုးသားလွှတ် တော် ငါးနေရာ၊ ပြည်သူ့လွှတ်တော် ကိုး နေရာ၊ ပြည်နယ်လွှတ်တော် ၁၈  နေရာ၊ တိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီး နှစ်နေရာ စုစုပေါင်း ၃၄ နေရာ ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

“အများကြီးစိန်ခေါ်မှုရှိတာပေ့ါ။ လက်ရှိ COVID-19 ကာလဆိုတော့ လူစုလူဝေး လုပ်မရဘူးလေ။ ရှင်းရှင်းပြောရင် လူထုနဲ့ ကိုယ်တိုင်ကိုယ်ကျတွေ့ပြီး ရွေးကောက်ပွဲအကြောင်း၊ ပြီးခဲ့တဲ့သက်တမ်းနှစ်ခုမှာ လုပ် ဆောင်ခဲ့တဲ့ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးအကြောင်းကို ပြည်သူတွေကို ချပြခွင့်မရှိဘူး။ အခက်အခဲပေ့ါ။ နောက်တစ်ခုက ၂၀၂၀ မဲဆွယ်စည်းရုံးရေးကိစ္စက ကော်မရှင်ကသာ သနာရေးဆိုင်ရာ အဆောက်အအုံတွေကို အသုံးပြုခွင့်မရှိဘူးဆိုတော့၊ အဲဒါ အခက်အခဲ၊ ဘာလို့ဆိုတော့ ပအိုဝ်းဒေသမှာ ကြီးကြီးမားမားဆိုရင် ဘုန်းကြီးကျောင်းပဲရှိတာလေ။ ဘုန်းကြီးကျောင်းဆိုတာ ပအိုဝ်းတွေအတွက် ဘာသာရေးတစ်ခုတည်းအတွက် ဆောက် လုပ်လှူဒါန်းထားတာမဟုတ်ဘူးပေါ့။ ရပ်ရေး ရွာရေး၊ ဖွံ့ဖြိုးရေး၊ လူမှုရေးအကုန်လုံး ဘုန်းကြီး ကျောင်းမှာပဲ လုပ်ကြတာကိုး။ ရွေးကောက် ပွဲစည်းရုံးရေးနဲ့ပတ်သက်လို့ ဘုန်းကြီးကျောင်း တွေမှာ လုပ်လို့မရဘူးဆိုတော့ တော်တော် လေးကိုအခက်အခဲဖြစ်တာပေါ့။ ဘုန်းကြီးကျောင်းလုပ်လို့မရရင် ဘယ်နားသွားလုပ်မလဲ၊ နေရာလည်းမရှိတော့ဘူး။ နောက် မိုးတွင်းကြီး။ ကိုးလပိုင်း၊ ၁၀ လပိုင်းဆိုတာ မိုး ကောင်းတဲ့အချိန်ကြီးလေ။ ဒါဟာ အဓိက အခက်အခဲ ဖြစ်တယ်။ ၂၀၁၅ ခုနှစ်တုန်းက ကော်မရှင်က အဲဒီလိုဥပဒေ ထုတ်ဖူးတယ်။ သို့သော်လည်းခြွင်းချက်အနေနဲ့ သက်ဆိုင်ရာ ကျောင်းထိုင်ဘုန်းကြီးခွင့်ပြုရင် လုပ်လို့ရ တယ်ပေါ့။ အဲဒီလိုဆိုတော့ ဘုန်းကြီးတွေက ဒေသအကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုး ဒီအကျိုးရှိတဲ့လုပ်ငန်းရပ်တွေဆိုရင် ဆရာတော်များက ခွင့်ပြုတယ်လေ။ ခုတော့ ၂၀၂၀ ပြည့်နှစ်က ဘုန်းကြီးကျောင်းအတွက် ပြဿနာရှိသွားပြီ။ လူထုစည်းရုံးဖို့ဆိုတာ ဘာမှ ဘယ်လိုလုပ်ရမှန်းတောင်မသိတော့ဘူး”ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ အ ထွေထွေအတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေက ပြောကြားသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီသည် ၂၀၁၀ ပြည့်နှစ် မေလတွင် ပါတီ ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ၁၀ နေရာ၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက် ပွဲတွင် ၁၀ နေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။                                  

 

 

Most Read

Most Recent