ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်စောင့်ကြည့်လေ့လာရေးကော်မတီကို နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၃၀ ဖြင့် ဖွဲ့စည်း

ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်စောင့်ကြည့်လေ့လာရေးကော်မတီကို နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၃၀ ဖြင့် ဖွဲ့စည်း
Published 18 July 2020

အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်ရာတွင် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ် (Code of Conduct-COC) ပါ အချက်များ လိုက်နာခြင်း ရှိ မရှိ စောင့်ကြည့် လေ့လာရေးကော်မတီကို နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၃၀ ဖြင့် ဇူလိုင် ၁၇ ရက်က ဖွဲ့စည်းခဲ့သည်။

အဆိုပါစောင့်ကြည့်လေ့လာရေး ကော်မတီဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၇ ရက်က ရန်ကုန်မြို့ မီလီယာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး COC လက်မှတ်ရေးထိုးသည့် နိုင်ငံရေးပါတီ ၆၄ ပါတီမှ တာဝန်ရှိသူများ တက်ရောက်ကြကာ ကော်မတီဖွဲ့စည်းခြင်းကို ကျင့်ဝတ်ရေးဆွဲရာတွင် အဓိကကူညီပံ့ပိုးသည့် ဆွစ်ဇာလန်သံရုံးက ကမကထ ပြုဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်မတို့ ပါတီအချင်းချင်း သဘောတူညီချက်နဲ့ လုပ်ထားတဲ့ Code of Conduct ဖြစ်တယ်။ အဲဒီ Code of Conduct မှာ ကျွန်မတို့ ပါတီအချင်းချင်းကပဲ လိုက်နာမှု ရှိ မရှိ ဆိုတဲ့ဟာကိုပြန်ပြီးတော့ လေ့လာစောင့်ကြည့်တဲ့အနေနဲ့ ဖွဲ့တာဖြစ်ပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နန်းထွေးမှုံက ပြောကြားသည်။

အဖွဲ့ဝင် ၃၀ ဦးဖြင့် ဖွဲ့စည်းမည့် စောင့်ကြည့်လေ့လာရေးကော်မတီ (MCOM) ကို အစုအဖွဲ့သုံးခုဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ကျင့်ဝတ်ရေးဆွဲရေးကော်မတီတွင် ပါဝင်ခဲ့သည့် နိုင်ငံရေးပါတီ ၁၅ ပါတီမှ  ကိုယ်စားလှယ် ၁၅ ဦး၊ ရွေးကောက်ပွဲအနိုင်ရနှင့် အနိုင်မရပါတီအချို့မှ ကိုယ်စားလှယ် ရှစ်ဦး၊ တိုင်းနှင့် ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ခုနစ်ဦးပါဝင်ရန် အတည်ပြုခဲ့ကြောင်း အစည်းအဝေးတက်ရောက်သည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်အချို့က ပြောကြားသည်။

စောင့်ကြည့်လေ့လာရေးကော်မတီ (MCOM) ကို နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် (COC) ပါ အခန်း (၇) အရ ဖွဲ့စည်းခြင်းဖြစ်သည်။

“ နောက်လကစပြီး MCOM အစည်းအဝေးကို ရွေးကောက်ပွဲပြီးတဲ့လအထိ တစ်လတစ်ကြိမ်လုပ်မယ်။ အဲဒီမှာ သူတို့က တစ်ခုလေးတောင်းဆိုတာက အမျိုးသမီးများများ ပါဝင်အောင် ပါတီများ အဆိုပြုပေးကြပါလို့ ပြောတယ်” ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေးက ပြောကြားသည်။

စောင့်ကြည့်လေ့လာရေးကော်မတီတွင် ပါဝင်လိုသူများအနေဖြင့် ဆွစ်ဇာလန်သံရုံးမှ ဖွဲ့စည်းပေးထားသည့် အဖွဲ့ထံ အီးမေလ်းပေးပို့ရမည်ဖြစ်ပြီး ကော်မတီတွင် ပါဝင်လိုကြောင်း အဆိုပြုသူအရေအတွက်သည် ဖွဲ့စည်းပုံပါ အရေအတွက်ထက် ကျော်လွန်နေလျှင် မည်သူပါဝင်သင့်သည်ကို အဖွဲ့အတွင်း ရွေးချယ်စေမည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

COC ပါအချက်များ ဖောက်ဖျက်လျှင် မည်သို့အရေးယူဆောင်ရွက်မည်ကို ကော်မတီတွင်း ဆွေးနွေးသွားရန် ရှိသော်လည်း ကျင့်ဝတ်ဖြစ်၍ ဥပဒေကြောင်းအရ အရေးယူနိုင်သည့် အခွင့်အာဏာမျိုးမရှိဟု COC ရေးဆွဲရာတွင် ပါဝင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ဟိုးက ဆိုသည်။

“ အရေးယူတယ်ဆိုတာက ကျွန်တော်တို့ ကျင့်ဝတ်စာအုပ်ထဲမှာလည်း ပါပြီးသားပါ။ ကျင့်ဝတ်ဖောက်ဖျက်ရင် ကော်မတီကနေ ပြောမယ်ဆိုမယ်။ ဖြောင်းဖျမယ်။ မရရင် ကြေညာချက်ထုတ်မယ်။ အဲဒီလောက်ပဲ လုပ်လို့ရတယ်။ တရားရုံးတစ်ခု၊ အာဏာပိုင်အဖွဲ့တစ်ခုကနေ အရေးယူတဲ့ သဘောမျိုးတော့ လုပ်လို့မရဘူး” ဟု ဦးကျော်ဟိုးက ပြောကြားသည်။

ကျင့်ဝတ် (COC) ရေးဆွဲရေးကော်မတီတွင် ပါဝင်ခဲ့သည့် နိုင်ငံရေးပါတီ ၁၅ ပါတီမှ ကိုယ်စားလှယ် ၁၅ ဦး နေရာမှလွဲ၍ ကျန်အစုအဖွဲ့နှစ်ခုရှိ ကိုယ်စားလှယ် ၁၅ နေရာကို COC လက်မှတ်ရေးထိုးထားပြီး ကော်မတီတွင် ပါဝင်ရန် စိတ်ဝင်စားသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အဆိုပြုနိုင်မည် ဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် (Code of Conduct-COC) ကို ပါဝင်လက်မှတ်ထိုးခြင်း မရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီအချို့ကော်မတီ (MCOM) တွင် ပါဝင်မည် မဟုတ်ပေ။

“ အဓိကက ထိုးတဲ့သူအပေါ်ပဲ မူတည်တယ်။ ထိုးတဲ့သူက သူလိုက်နာမယ်။ ကျင့်သုံးမယ်။ စောင့်ထိန်းမယ်လို့ သဘောထားပေးတာပဲ။ ထိုးတဲ့သူအချင်းချင်း စောင့်ထိန်းကြဖို့ ဒီသဘောပေါ့” ဟု ဦးကျော်ဟိုးက ဆိုသည်။

နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်သည် ၂၀၁၄ ခုနှစ်က ရေးဆွဲခဲ့သည့် ကျင့်ဝတ်ကိုအခြေခံ၍ ဖြည့်စွက်၊ ပြင်ဆင်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇွန် ၂၆  ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ဉာဏ်လင်းထွန်း

Most Read

Most Recent