နေပြည်တော်တွင် မွေးကင်းစကလေးကို သေဆုံးသည်ဟုဆိုကာ ပလတ်စတစ်အိတ်ဖြင့် ထည့်၍ သင်္ဂြိုဟ်ရန် ပြုလုပ်ပြီးနောက် ကလေးငယ် ပြန်ရှင်လာသည်ဟုဆိုသည့် ဖြစ်စဉ်အား ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီမှ စုံစမ်းမှုများ ပြုလုပ်နေ

နေပြည်တော်တွင် မွေးကင်းစကလေးကို သေဆုံးသည်ဟုဆိုကာ ပလတ်စတစ်အိတ်ဖြင့် ထည့်၍ သင်္ဂြိုဟ်ရန် ပြုလုပ်ပြီးနောက် ကလေးငယ် ပြန်ရှင်လာသည်ဟုဆိုသည့် ဖြစ်စဉ်အား ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီမှ စုံစမ်းမှုများ ပြုလုပ်နေ
Published 15 July 2020
အောင်ကိုကို

နေပြည်တော်တွင် မွေးကင်းစကလေးကို သေဆုံးသည်ဟုဆိုကာ ပလတ်စတစ်အိတ်ဖြင့် ထည့်၍ သင်္ဂြိုဟ်ရန် ပြုလုပ်ခဲ့ပြီးနောက် ကလေးငယ် ပြန်ရှင်လာသည်ဟုဆိုသည့် ဖြစ်စဉ်အား ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီမှ စုံစမ်းမှုများ ပြုလုပ်နေကြောင်း ဇူလိုင် ၁၄ ရက်တွင် စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၅ ရက်တွင် နေပြည်တော် ပုဗ္ဗသီရီမြို့နယ် ကုတင် ၃၀၀ ပြည်သူ့ ဆေးရုံတွင် လယ်သာရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်သည့် မရွှေစင်ဖြိုးမှာ ကိုယ်ဝန် လမစေ့ဘဲ ဗိုက်နာလာသည့်အတွက် ဆေးရုံတက်ခဲ့ပြီး ဆေးရုံရှိ တာဝန်ကျ ဆရာဝန်များမှ ပြုစုစောင့်ရှောက်ခဲ့ပြီးနောက် ဇွန် ၂၇ ရက် နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် သန္ဓေသားဖြစ်သည့် မိန်းကလေးငယ်ကို မွေးဖွားခဲ့ကြောင်း သိရသည်။

ယင်းသို့ မွေးဖွားပြီးချိန်တွင် ကလေးငယ်မှာ အသက်မရှင်ဟုဆိုကာ ဆေးရုံမှ တာဝန်ရှိသူများက ကျွတ်ကျွတ်အိတ်အမဲဖြင့် ထုပ်၍ထားရှိထားသည်ဟု သဗ္ဗသုခနာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းထိုက်ဦး ပြောကြားချက်အရသိရပြီး အဆိုပါ ကလေးငယ်ကို သင်္ဂြိုဟ်ရန်အတွက် ပြုလုပ်နေချိန်တွင် ကလေးငယ်၏ ကိုယ်အင်္ဂါ ပြန်လည်လှုပ်ရှားပြီး အသက်ရှင်နေသည်ကို တွေ့့့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းပြောကြားချက်အရ သိရသည်။

ယင်းသို့ သင်္ဂြိုဟ်ခါနီးတွင် ကိုယ်အင်္ဂါ ပြန်လည် လှုပ်ရှားလာသည့် ကလေးငယ်ကို ဆေးရုံမှ တာဝန်ကျ ဆရာဝန်များ၊ သူနာပြုများက ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကြောင်း၊ သက်ဆိုင်ရာ ကလေးအထူးကု ဆရာဝန်ထံသို့ လွှဲပြောင်းကုသစေခဲ့ရာ တာဝန်ရှိဆရာဝန်များက ဖန်ပေါင်းချောင်အထဲ ထည့်၍ အောက်ဆီဂျင်ပေးကာ ကုသပေးခဲ့သော်လည်း ကလေးငယ်မှာ ကုသမှုခံယူပြီး လေးရက်မြောက်နေ့တွင် ဆုံးပါးသွားခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆေးရုံမှ ကလေးငယ်ကို သေဆုံးသည်ဟုဆိုကာ ရင်ခွဲရုံသို့ ကျွတ်ကျွတ်အိတ်ဖြင့် ထုပ်ပိုးထားရှိသည့် အခြေအနေမှ ကလေးငယ် ပြန်လည်အသက်ရှင်လာမှုတွင် ဆေးရုံမှ ဆရာဝန်များ၏ ပေါ့ဆမှုဟုဆိုကာ သဗ္ဗသုခနာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းထိုက်ဦးက ကျန်းမာရေးဝန်ကြီးဌာနနှင့် ကလေးသူငယ် အခွင့်အရေးကော်မတီထံ စာဖြင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဖြစ်စဉ်ဖြစ်ခဲ့တာ ဇွန်လ ၂၇ ရက်နေ့ စဖြစ်ခဲ့တာပါ။ အဲဒီလိုဖြစ်ပြီး ဇူလိုင် ၃ ရက်နေ့မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာန ဒေါက်တာမြင့်ထွေးကို လိပ်မူပြီး ဒီဖြစ်စဉ်ကို တိုင်တန်းခဲ့ပါတယ်။ ဒီတိုင်တန်းချက်နဲ့ ပတ်သက်ပြီး ဆေးကောင်စီဘက်က စာနဲ့ အကြောင်းကြားစာ ရောက်ရှိခဲ့ပေမယ့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဘက်က အခုအထိ အကြောင်းကြားစာ မရောက်ရှိသေးပါဘူး။ လက်ရှိလည်း ကလေးသူငယ်ဆိုင်ရာ ကော်မတီကိုလည်း ထပ်တိုင်ထားပါတယ်”ဟု သဗ္ဗသုခနာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းထိုက်ဦးက ပြောကြားသည်။

ကလေးငယ် ဆုံးပါးသွားသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ နေပြည်တော် ကလေးသူငယ် အခွင့်ရေးဆိုင်ရာ ကော်မတီမှ တာဝန်ရှိသူက တစ်ဦးကလည်း ၎င်းတို့ ကော်မတီထံသို့ ဦးသိန်းထိုက်ဦးမှ ဇူလိုင် ၁၃ ရက်တွင် ယင်းကိစ္စဖြင့် ပတ်သက်၍ တိုင်စာပေးပို့ခဲ့ကြောင်း၊ ယင်းတိုင်တန်းစာပါအရ ကော်မတီ နှင့် သက်ဆိုင်သည့် ကလေးသူငယ် အသက်ရှင်သန်ရန် မွေးရာပါအခွင့်အရေးနှင့် ငြိစွန်းသည့်အတွက် အထက်အဆင့်ဆင့်ကို တင်ပြပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နေပြည်တော် ပုဗ္ဗသီရိ ခုတင် ၃၀၀ ဆေးရုံမှ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုး ဆက်သွယ်မေးမြန်းရာ ၎င်းက မရွှေစင်ဖြိုး မွေးဖွားသည့် ကလေးငယ် မိန်းကလေးမှာ မွေးဖွားချိန်တွင် နှစ်ပေါင်မပြည့်ဘဲ မွေးဖွားခဲ့ခြင်း ဖြစ်ကြောင်း၊ သန္ဓေလွယ်သည့် ရက်ပတ်မှာလည်း ၂၅ ပတ် ခြောက်လပင် မပြည့်ဘဲ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ ဆေးရုံ၏ သားဖွားနှင့် မီးယပ် အထူးကု လက်ထောက်ဆရာဝန် ဒေါက်တာ လဲ့ရည်ဝင်း အား မေးမြန်းရာ ၎င်းက “အဲဒီညက မွေးလူနာ တစ်ယောက်ရှိတယ်လို့ ကျွန်မကို တာဝန်ကျ ဆရာဝန်က ဖုန်းဆက်လာတယ်။ မွေးလူနာ ကိုယ်ဝန်လမစေ့ဘဲ ၂၆ ပတ် မပြည့်သေးဘူးလို့ သိရတယ်။ မနက်ကျတော့ အဲဒီမွေးလူနာရဲ့ ကလေးဟာ မွေးပြီး ဆုံးသွားတယ်ဆိုပြီး မွေးပေးခဲ့တဲ့ တာဝန်ကျ ဆရာဝန် ကိုယ်တိုင် ဖုန်းဆက်လာတယ်။ ဒီလိုနဲ့ အဲဒီနေ့ မနက် ၁၀ နာရီလောက်မှာ ကျွန်မ ဂျူတီ လှည့်တော့ မနက်က ကလေးက ပြန်လှုပ်လာတယ်ဆိုလို့ ချက်ချင်းပဲ အောက်ဆီဂျင် ပေးတာတွေ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေပေးပြီး ဆေးရုံက ကလေးအထူးကု ဆရာဝန်ဆီ ကျွန်မလွှဲပြောင်းပေးခဲ့တယ်”ဟု ပြောကြားသည်။

ကလေးငယ် ဆုံးပါးသည့်ဖြစ်စဉ်အား မိခင်ဖြစ်သူ မရွှေစင်ဖြိုးအား မေးမြန်းရာ “ကျွန်မ အဲဒီဖြစ်စဉ်ကို မသိပါဘူး။ ကျွန်မသိတာက ကလေးကို မွေးပြီး သုံးရက်မြောက်နေ့မှာ ကလေးဟာ ဖန်ပေါင်းချောင်ထဲမှာ အသက်ရှိသေးတယ်ဆိုတာပဲ သိတာပါ။ လေးရက်မြောက်နေ့မှ သေဆုံးသွားတယ်လို့ သိရတာပါ။ ကလေးသေဆုံးပြီးချင်း ကျွန်မအမျိုးသားက ကလေးအလောင်းကို ပြန်သယ်လာပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးပါတယ်” ဟု The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မိခင်ဖြစ်သူက အမှုဖွင့်တိုင်တန်းမှုများ ပြုလုပ်မည် မဟုတ်ဟု ဆက်လက် ပြောကြားခဲ့ပြီး သက်ဆိုင်ရာမြို့နယ် ရဲတာဝန်ရှိသူဖြစ်သည့် ဒုတိယ စခန်းမှူး ရဲအုပ်ဇော်သန်းက “ကျွန်တော်တို့စခန်းကို လာပြီးတော့ ဘယ်သူကမှ တိုင်ချက်ဖွင့်တာတွေ အမှုဖွင့်တာမျိုးတွေ အခုထိ မရှိသေးပါဘူး။ တကယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တိုင်ချက်ဖွင့်ရင်တော့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးတာတွေ ကျွန်တော်တို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဖြစ်စဉ်နှင့် ဆက်စပ်၍ နေပြည်တော် ပုဗ္ဗသီရိ ခုတင် ၃၀၀ ဆေးရုံမှ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုး ပြောကြားချက်အရ ဆေးရုံအနေဖြင့် ကလေးငယ် သေဆုံးမှုကိစ္စကို ဖြစ်လျှင်ဖြစ်ချင်း အထက်အဆင့်ဆင့် ကို သတင်းပို့ထားပြီး ဖြစ်ကြောင်း၊ နောက်နောင် ယခုကဲ့သို့ဖြစ်စဉ်မျိုး မဖြစ်ရန်အတွက် တာဝန်ကျ ဆရာဝန်များ၊ သူနာပြုများကို ခံဝန်ကတိ ယူထားပြီးဖြစ်ကြောင်း၊ နာရေးကူညီမှုအသင်းမှ နာယက ဆရာတော်ထံတွင်လည်း အကျိုးအကြောင်းပြောပြပြီး မေတ္တာခံယူ တောင်းပန်ထားကြောင်း၊ ဆရာဝန်များ၊ သူနာပြု ဆရာမများမှာလည်း ကိုဗစ်ကာလအတွင်းတွင် ပင်ပန်းခဲ့ကြပြီး နောက်နောင် ယခုကဲ့သို့မဖြစ်စေရန် သက်ဆိုင်ရာ တာဝန်ခံများကို ညွန်ကြားထားကာ ခံဝန်ကတိများ ယူထားပြီးဖြစ်ကြောင်း သိရသည်။