ကရင်လူမျိုးများသာမက အခြားလူမျိုးများလည်း မိမိတို့ပါတီ၌ လာရောက်အရွေးခံနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ ဖိတ်ခေါ်

ကရင်လူမျိုးများသာမက အခြားလူမျိုးများလည်း မိမိတို့ပါတီ၌ လာရောက်အရွေးခံနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ ဖိတ်ခေါ်
Published 8 July 2020
အောင်ကျော်မျိုး (ဟင်္သာတ)

ကရင်လူမျိုးများသာမက အခြားလူမျိုးများလည်း မိမိတို့ပါတီ၌ လာရောက်အရွေးခံနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကရင်ပြည်သူ့ပါတီ K.P.P ဥက္ကဋ္ဌ စောသောမတ်စ်က ဖိတ်ခေါ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပါတီ၏ ပြင်ဆင်မှုများနှင့်ပတ်သက်ပြီး The Daily Eleven သတင်းစာမှ ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ထိုသို့ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကရင်က ဒီနိုင်ငံမှာ လူမျိုးစုတစ်ခုထဲမှာပါတဲ့အတွက် ခေါင်းစဉ်တပ်တာကတော့ ကရင်ပြည်သူ့ပါတီဖြစ်တဲ့အတွက် နံပါတ်(၁) ကတော့ ကရင်ကို ကိုယ်စားပြုတာပေါ့။ ပြည်သူပါတဲ့အတွက် ပြည်သူတစ်ရပ်လုံးအတွက်လည်း ကျွန်တော်တို့ ကိုယ်စားပြုပါတယ်။ ဧရာဝတီတိုင်းမှာဆိုရင် ကျွန်တော်တို့သိရတဲ့ ကရင်လူဦးရေစာရင်းအရ ၁၃ သိန်းကျော်ရှိပါတယ်။ ဒါက အကြမ်းဖျဉ်းပေါ့။ ကျွန်တော်တို့ ကရင်လူမျိုးတွေပါတီထဲမှာ လာပြီး ပါဝင်မယ်ဆိုရင်လည်း ဖိတ်ခေါ်တယ်။ ကရင်ပြည်သူ့ပါတီမှာ တခြားလူမျိုးတွေလည်း လာရောက်ပြီးတော့ အရွေးခံနိုင်ပါတယ်ဆိုတာလည်း ဖိတ်ခေါ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ နည်းလမ်းအရပေါ့။ မဲရွေးတယ်ဆိုတာ အနိုင်အရှုံးတော့ရှိမှာပေါ့။ ဒါက ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် လူနဲ့ လူ့အခွင့်အရေးဆိုတာတော့ ဘယ်လိုမှ ပယ်ဖျက်လို့မရပါဘူး။  တန်းတူအခွင့်အရေးဆိုတာတော့ လူမျိုးစုတိုင်း၊ တိုင်းရင်းသားတိုင်းမှာ ညီညီမျှမျှ ရပါစေလို့ပဲ ကျွန်တော် ဒီလိုပဲ ဆုတောင်းရင်းနဲ့ ပြောလိုပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ကရင်ပြည်သူ့ပါတီ K.P.P ဥက္ကဋ္ဌ စောသောမတ်စ်က ပြောကြားသည်။

ကရင်ပြည်သူ့ပါတီအနေဖြင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်တည်ရသည့်ပါတီဖြစ်သည့်အတွက် ကရင်တိုင်းရင်းသားများက မဲပေးမှသာ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကရင်လူထုကို ပြောချင်တာက ကျွန်တော်တို့ပါတီက အမှန်အတိုင်းပြောရရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တယ်။ ဘဏ္ဍာရေးမရှိဘူး။ မဲအောင်နိုင်ရေးဆိုတာကလည်း ဒေသဆိုင်ရာတွေမှာ မြို့နယ်ဥက္ကဋ္ဌတို့  ဒါနံပါတ်(၁) အရေးအကြီးဆုံးပဲ။ အထူးသဖြင့် ကရင်တွေမဲပေးမှ ကရင်တွေ မဲနိုင်မယ်ဆိုတာလည်း ဒါသိဖို့အရေးကြီးတယ်။ နောက်တစ်ခုက အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေကလည်း အရည်အချင်းရှိမှလည်း ကျွန်တော်တို့ အောင်မြင်မှာဖြစ်တဲ့အတွက် ကရင်လူမျိုးတွေရော၊ အခြားလူမျိုးတွေရော ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့က ဒီအပတ်ကျတော့ လူကိုကြည့်ပါဆိုလို့ရှိရင်တော့ ဒီနေရာမှာ ဖြူတာ၊ မဲတာ မကြည့်ဘဲနဲ့ တော်တဲ့သူတွေကိုကြည့်ပြီး မဲပေးပါလို့ ဒီလိုပဲပြောချင်ပါတယ်။ ကျွန်တော်တို့သိတာက လူနည်းစု အခွင့်အရေးကို လူများစုက မပယ်နိုင်တဲ့ ဒီမိုကရေစီနည်းလမ်းအရ အရွေးခံမှာပါ။ နိုင်တာ ရှုံးတာအကြောင်းမဟုတ်ပါဘူး” ဟု စောသောမတ်စ်က ပြောကြားသည်။

ကရင်လူမျိုးအများစုနေထိုင်ရာ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်များ၌ ကရင်ပြည်သူ့ပါတီ K.P.P မှ ရွေးကောက်ပွဲဝင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းများလျာထားမှုကို ပါတီဗဟိုထံ ၁၅ ရက်နေ့ နောက်ဆုံးတင်ပြသွားရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဧရာဝတီတိုင်းဒေသကြီးမှာ  ကရင်လူမျိုးအများဆုံးနေထိုင်တာကို ကျွန်တော်တို့ကရင်ပြည်သူ့ပါတီက ကိုးမြို့နယ်သတ်မှတ်ထားတယ်။ အိမ်မဲ၊ ပန်းတနော်၊ ၀ါးခယ်မ၊ ညောင်တုန်း၊ ကန်ကြီးထောင့်၊ ကျုံပျော်၊ မြောင်းမြ၊ ကျောင်းကုန်း၊ ငပုတော၊ ဓနုဖြူတို့ ဖြစ်ပါတယ်။ ဒီနယ်မြေတွေမှာ ကရင်တွေများတဲ့အတွက် ဒီနေရာတွေမှာ ရွေးဖို့အစီအစဉ်ရှိတာပေ့ါ။ တစ်မြို့နယ်မှာ နှစ်ယောက်နှုန်းပေါ့။ ကျွန်တော်တို့ များများလည်း သိပ်မရွေးနိုင်ပါဘူး။ တစ်တိုင်းလုံးမှာ ၃၀ လည်း မကျော်ပါဘူး။ ကရင်ပြည်သူ့ပါတီဖြစ်တဲ့အတွက် အခြားလူမျိုးတွေကိုကျတော့ စည်းရုံးတာ နည်းနည်းလိုသေးတယ်။ အဲဒါကြောင့် ကျွန်တော်တို့က တိုင်းဒေသကြီး (၁)၊ (၂) ဒီဟာကိုပဲ အားထားပါတယ်။ ဧရာဝတီတိုင်းဒေသကြီးကတော့  အနည်းဆုံးတော့ ၁၀ ယောက်လောက် အနိုင်ရအောင် ကြိုးစားမယ်။ ဒီလိုတော့ စံနှုန်းထားထားတယ်” ဟု စောသောမတ်စ်က ပြောကြားသည်။

ကရင်တိုင်းရင်းသားများအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးရှိ ခရိုင်ခြောက်ခု စလုံးတွင် ပျံ့နှံ့နေထိုင်လျက်ရှိပြီး တိုင်းဒေသကြီးအတွင်း ဒုတိယလူဦးရေအများဆုံးတိုင်း ရင်းသားလူမျိုးလည်း ဖြစ်သည်။

 

Most Read

Most Recent