တအာင်း (ပလောင်) အမျိုးသားပါတီအနေဖြင့် ရှမ်းမြောက်ရှိ မဲဆန္ဒနယ်မြေကိုးခုတွင် အဓိကထား ဝင်ရောက်ယှဉ်ပြိုင်မည်

တအာင်း (ပလောင်) အမျိုးသားပါတီအနေဖြင့် ရှမ်းမြောက်ရှိ မဲဆန္ဒနယ်မြေကိုးခုတွင် အဓိကထား ဝင်ရောက်ယှဉ်ပြိုင်မည်
Published 8 July 2020
စည်သာ(တောင်ကြီး)

တအာင်း(ပလောင်) အမျိုးသားပါတီအနေဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ မဲဆန္ဒနယ်မြေ ကိုးခုတွင် အဓိကထား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီ၏ အထွေထွေအတွင်းရေးမှူး မိုင်းအုန်းခိုင်က ပြောကြားသည်။

တအာင်း(ပလောင်) အမျိုးသားပါတီအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင် တိုင်းရင်းသားအများအပြားရှိသော နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲ၊ မိုးကုတ်၊ မိုင်းကိုင် မဲဆန္ဒနယ်မြေများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၈ နေရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုးနေရာနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နှစ်နေရာ စုစုပေါင်း ၂၉ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွားရန် လျာထားသည်။

တအာင်း(ပလောင်) အမျိုးသားပါတီအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံသားအခွင့်အရေးများ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူခွင့်၊ စစ်မှန်သောဖက်ဒရယ် ဖွဲ့စည်းပုံပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးစသည့် မူဝါဒများ ချမှတ်ထားကြောင်း တအာင်း (ပလောင်) အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး မိုင်းအုန်းခိုင်က ပြောကြားသည်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ်ပေါက်လာဖို့ပဲ အဓိကဦးတည်တယ်။ နယ်မြေအေးချမ်း သာယာမှပဲ၊ တည်ငြိမ်မှပဲ ကျန်တဲ့ကဏ္ဍတွေ လုပ်ဆောင်လို့ရမယ်။ ကျန်တဲ့ ဖွံ့ဖြိုးကဏ္ဍတွေကို ဒေသလိုအပ်ချက်အရ လုပ်ဆောင်သွားဖို့ပဲ။ အားလုံးတော့ ၆၀၊ ၇၀ ရာခိုင်နှုန်းလောက် မျှော်လင့်ထားပါတယ်။ အရင်နှုန်းထားထက် မလျော့အောင်တော့ ကြိုးစားရမှာပါပဲ။ တအာင်း(ပလောင်) အမျိုးသားပါတီဟာ ၂၀၁၅ ခုနှစ်မှာလည်း ပါတီများအားလုံး မဲကိုယ်စားလှယ်လောင်း အဆင့် (၅) ရထားတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလည်း တတ်နိုင်သလောက် လုပ်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းတွေကိုလည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာလည်း ပါတီကိုပဲ ထောက်ခံအားပေးကြဖို့ ငြိမ်းချမ်းရေး၊ ဒေသတည်ငြိမ်အေးချမ်းသွားအောင် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာအောင် ဝိုင်းဝန်းကြပါလို့ ပြောချင်ပါတယ်။ အဓိကအားဖြင့် ငြိမ်းချမ်းရေး ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင် ရရှိရေးတွေပေါ့” ဟု မိုင်းအုန်းခိုင်က ပြောကြားသည်။

တအာင်း(ပလောင်) အမျိုးသားပါတီကို ၂၀၁၀ ပြည့်နှစ် မေလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ခြောက်နေရာ၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၂ နေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။                                

 

Most Read

Most Recent