၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် လွတ်လပ်စွာဆန္ဒမဲ ပေးနိုင်ရေး တိုက်ပွဲများ ရပ်တန့်ရန် ကချင်ပြည်နယ် ပြည်သူ့ပါတီ တိုက်တွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် လွတ်လပ်စွာဆန္ဒမဲ ပေးနိုင်ရေး တိုက်ပွဲများ ရပ်တန့်ရန် ကချင်ပြည်နယ် ပြည်သူ့ပါတီ တိုက်တွန်း
Published 2 July 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးအတွက် တိုက်ပွဲများ ရပ်တန့်စေလိုသည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) က ဇူလိုင် ၂ ရက်တွင် သဘောထားထုတ်ပြန်သည်။

ထို့အပြင် COVID-19 ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ကောင်းမွန်ချောမွေ့စွာ လက်တွဲဆောင်ရွက်နိုင်ရေး၊ စစ်ဘေးရှောင်ပြည်သူများ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးတို့အတွက်လည်း တိုက်ပွဲများရပ်တန့်ရန် KSPP ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“ဒီရွေးကောက်ပွဲဟာမလွဲမသွေ လုပ်ရမယ့်ရွေးကောက်ပွဲဖြစ်တယ်။ ဒါကြောင့်မို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တယ်။ နောက်ပြီး COVID-19 ရောဂါလည်း ဖြစ်နေတယ်။ ဒါကြောင့် ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ ကျန်းမာရေးနဲ့အညီ လုပ်သွားဖို့တော့ လိုတာပေ့ါ။ နောက်တစ်ခုကဒီ ငြိမ်းချမ်းရေးဟာ မလွဲမသွေတပ်တွေ၊ ထိုးစစ်တွေ မလုပ်ဖို့ပေါ့” ဟု KSPP ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးအောင်ခမ်းက ပြောကြားသည်။

COVID-19 ရောဂါ ကူးစက်မှု ဆက်လက်မြင့်တက်နေခြင်းနှင့် ပြည်တွင်းတိုက်ပွဲများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ပြည်သူများ၏ ဆန္ဒမဲပေးခွင့် ထိခိုက်ဆုံးရှုံးမှုမရှိရန် လိုအပ်သည်ဟု KSPP ပါတီကြေညာချက်တွင် ပါရှိသည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတ်မှတ်ထားသည့် စံငါးချက်နှင့်အညီ တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်များတွင် တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရန် လွန်စွာအရေးကြီးသည်ဟုလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီတို့ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ရရှိခဲ့သည်။

KSPP ပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၈ မြို့နယ်လုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်များ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်  ၁ ရက်တွင် ကြေညာခဲ့သည်။

ထို့အပြင် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရေးဆိုသည့် စံငါးချက်နှင့်အညီ ဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကြားတိုက် ပွဲဖြစ်ပွားမှုများ ရှိနေကြောင်း သိရသည်။

 

Most Read

Most Recent