SNLD ပါတီကိုယ်စားပြု အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာ စတင်လျှောက်ထားနိုင်

SNLD ပါတီကိုယ်စားပြု အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာ စတင်လျှောက်ထားနိုင်
Published 2 July 2020
ဉာဏ်လင်းထွန်း

အထွေထွေရွေးကောက်ပွဲဝင်ရောက်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်း အဆိုပြုလွှာများကို မြို့နယ်ကော်မတီများတွင် ဇူလိုင် ၁ ရက်မှစတင်ထုတ်ယူနိုင်ပြီး ဇူလိုင် ၁၀ ရက် နောက်ဆုံးထား တင်သွင်းရမည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLA) ပါတီက ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။

SNLD ပါတီဝင် သက်တမ်းအနည်းဆုံး ခြောက်လရှိသူ၊ အခြေခံဥပဒေပါ အသက်အရွယ်ကန့်သတ်ချက်များနှင့် ကိုက်ညီသည့် မည်သူမဆို ကိုယ်စားလှယ်လောင်း လျှောက်ထားနိုင်ပြီး ဘာသာရေးကန့်သတ်ချက်မရှိဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

“ပညာအရည်အချင်းအနေနဲ့ ပြည်ထောင်စုအဆင့်မှာဆိုရင် ဘွဲ့ရရမယ်။ ဘွဲ့မရင် ဒီပလိုမာတစ်ခုခု ရရမယ်။ ပြည်နယ်အဆင့်မှာ အခြေခံပညာအထက်တန်းအဆင့် ဒါကို အနည်းဆုံးသတ်မှတ်ထားပါတယ်။ ရွေးချယ်မှုမှာတော့ လူငယ်နဲ့ အမျိုးသမီးကို ပိုပြီးဦးစားပေးရွေးချယ်မှာဖြစ်တယ်။ အရည်အချင်းတူတယ်ဆိုရင် လူငယ်နဲ့ အမျိုးသမီးကို ဦးစားပေးမှာပေါ့” ဟု SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

ကိုယ်စားလှယ်လောင်း အဆိုပြုလွှာများအပေါ် မြို့နယ်ကော်မတီ၊ ဗဟိုဌာနချုပ်ရုံးခွဲကော်မတီနှင့် ဗဟိုဌာနချုပ်ကော်မတီတို့ကို အဆင့်ဆင့်စိစစ်ရွေးချယ်သွားမည်ဟု SNLD ပါတီက ထုတ်ပြန်သည်။

မြို့နယ်အဆင့် စိစစ်ရွေးချယ်ရေးကော်မတီက ကိုယ်စားလှယ်လောင်းများကို ဦးစားပေးအလိုက် သတ်မှတ်ရွေးချယ်ပြီး ဗဟိုဌာန ချုပ်ရုံးခွဲကော်မတီထံပေးပို့ကာ အဆိုပါကော်မတီက ပေးပို့လာသည့် ကိုယ်စားလှယ်လောင်းများအနက်မှ နှစ်ဦးကို ထပ်မံစိစစ်ကာ ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများပါဝင်သည့် ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေး ဗဟိုဌာနချုပ်ကော်မတီထံ   ပေးပို့ရမည်ဖြစ်သည်။

“အဲဒီနှစ်ယောက် ရွေးလာတဲ့အထဲကမှ ဗဟိုကနေ အသင့်တော်ဆုံးတစ်ယောက်ကို ထပ်ပြီးရွေးမှာဖြစ်တယ်။ အပြီးအပြတ်ကတော့ ဗဟိုမှာ လာပြီးမှာပေါ့နော်” ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

SNLD ပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များအပြင် ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းရှိ မဲဆန္ဒနယ်အချို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဦးစိုင်းလိတ်က ဆိုသည်။

ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တွင် တိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ်များအပြင် မဲဆန္ဒနယ်အချို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီးတွင် တိုင်းရင်းသားရေးရာဝန်ကြီး နေရာဖြစ်သည့် ရှမ်းတိုင်းရင်းသားရေးရာလူမျိုး မဲဆန္ဒနယ်တွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်း ၎င်းက ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်း ပြည်နယ်လုံး အတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း  ရှမ်းလူမျိုးအနည်းစုသာရှိသည့် မဲဆန္ဒနယ်အချို့ကို ချန်လှပ်ဖွယ်ရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကျားခေါင်းပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း ဒုတိယအများစု အနိုင်ရပါတီဖြစ်သကဲ့သို့ ပြည်ထောင်စုအဆင့် လွှတ်တော်တွင်လည်း ကိုယ်စားလှယ်အချို့ အနိုင်ရခဲ့သည်။

 

Most Read

Most Recent