အကြမ်းဖက်မှုသည် အဖွဲ့အစည်းတစ်ခုတည်း ရပ်တည်၍မရဘဲ ၎င်း၏နောက်တွင် ငွေကြေး၊ လက်နက်၊ ခဲယမ်းများ ကူညီအားပေးမှုများရှိနေပြီး ၎င်းတို့အားဖြေရှင်းရာ၌ သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

အကြမ်းဖက်မှုသည် အဖွဲ့အစည်းတစ်ခုတည်း ရပ်တည်၍မရဘဲ ၎င်း၏နောက်တွင် ငွေကြေး၊ လက်နက်၊ ခဲယမ်းများ ကူညီအားပေးမှုများရှိနေပြီး ၎င်းတို့အားဖြေရှင်းရာ၌ သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် Russia Today TV သတင်းဌာန အင်တာဗျူးပြုလုပ်စဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် Russia Today TV သတင်းဌာန အင်တာဗျူးပြုလုပ်စဉ်
Published 2 July 2020
မင်းနိုင်စိုး

အကြမ်းဖက်မှုသည် အဖွဲ့အစည်းတစ်ခုတည်း ရပ်တည်၍မရဘဲ ၎င်း၏နောက်တွင် ငွေကြေး၊ လက်နက်၊ ခဲယမ်းများ ကူညီအားပေးသော နိုင်ငံများရှိနေပြီး အဆိုပါ အကြမ်းဖက်အဖွဲ့အား ဖြေရှင်းရာ၌ သက်ဆိုင်ရာ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ ရောက်ရှိနေစဉ် Russia Today TV သတင်းဌာနနှင့် အင်တာဗျူးပြုလုပ်ခဲ့ပြီး အဆိုပါအင်တာဗျူးတွင် အကြမ်းဖက်သောင်းကျန်းသူများ ဖြေရှင်းရေးနှင့်ပတ်သက်၍ မေးမြန်းရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုသို့ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန် ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်အဖွဲ့အား ဖြေရှင်းရာတွင် နံပါတ်တစ်အချက်မှာ နိုင်ငံရေးအရ ဖြေရှင်းခြင်း၊ ဒုတိယအချက်မှာ စစ်ရေးအရ ဖြေရှင်းခြင်းတို့ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး အကြမ်းဖက်မှုဟူသည် လက်နက်ဖြင့် သတ်ဖြတ်မှုများ ပြုလုပ်ခြင်းဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် စစ်ရေးအရ ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်ကာ စစ်ရေးအရဆောင်ရွက်ပါက တစ်ဖက်လူကို အင်အားချည့်နဲ့စေရန် ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

“ကျွန်တော်တို့က သူတို့ရဲ့ခြေတွေ၊ လက်တွေကို ဖြတ်တောက်နိုင်တယ်။ အမြစ်တွေ ဖြတ်တောက်နိုင်တယ်ဆို ဘယ်လိုပဲဖြစ်ဖြစ် သူတို့အနေနဲ့ ယိမ်းယိုင်သွားမှာ ဖြစ်ပါတယ်။ အဲဒီအခါကျရင်တော့ သက်ဆိုင်ရာ ကာယကံရှင်နိုင်ငံတစ်ခု၊ Respective ဖြစ်တဲ့ နိုင်ငံတစ်ခုနဲ့ မရဘူး။ ကျန်တဲ့နိုင်ငံများကလည်း  ၀ိုင်းဝန်းကူညီမှ ရမယ်။ အကြမ်းဖက်မှုဆိုတာကလည်း အဖွဲ့အစည်းတစ်ခုတည်း၊  သူ့ရဲ့ Only ရပ်တည်ချက်ဆိုတာ ဘယ်အကြမ်းဖက်အဖွဲ့အစည်းမှာမှ မရှိဘူး။  သူတို့ရဲ့အနောက်မှာ အားပေးကူညီမှုတွေ၊  ပံ့ပိုးမှုတွေရှိတယ်။ ဘဏ္ဍာရေးအရ၊ ငွေကြေးအရ အားပေးကူညီမှုတွေရှိတယ်။ လက်နက်၊ ခဲယမ်း အားပေးကူညီမှုတွေ ရှိတယ်။ စားနပ်ရိက္ခာ အားပေးကူညီမှုတွေရှိတယ်။ ငွေကြေးအားပေးကူညီမှုတွေရှိတယ်။ လူအင်အား အားပေးကူညီမှုတွေရှိတယ်။ ဒါတွေကို ကျွန်တော်တို့ ဘယ်လိုဖြတ်တောက်မလဲ။ အကြမ်းဖက်အဖွဲ့အစည်းကို ရင်ဆိုင်နေတဲ့ သက်ဆိုင်ရာ နိုင်ငံအဖွဲ့အစည်းတွေက သူတို့နဲ့ ပူးတွဲဆောင်ရွက်နေတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်” ဟု တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

အကြမ်းဖက်အဖွဲ့အား နှိမ်နှင်းရန်အတွက် စစ်ရေးနည်းလမ်းအရ အကြမ်းဖက်သောင်းကျန်းသူများအား နှိမ်နင်းခြင်း၊ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းနှင့် သံတမန်နည်းလမ်းအရ အိမ်နီးချင်းနိုင်ငံ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ဖြေရှင်းခြင်းဟူသော နည်းလမ်းသုံးမျိုးဖြင့် ဖြေရှင်း၍ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

“မိတ်ဆွေကောင်းပီသမှုနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒီအကြမ်းဖက်မှုတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ ချေမှုန်းနိုင်ပါလိမ့်မယ်။ ဒီလိုမျိုးမဟုတ်ဘဲ နောက်ကနေပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေကို အပြည့်အဝမလုပ်ဘဲ သူတို့လည်း လှုပ်သာလူးသာဖြစ်အောင် ဒီဘက်မှာလည်း အဆင်ပြေအောင်ဆိုပြီး အဲဒီလိုလုပ်နေမယ်ဆိုရင် အကြမ်းဖက်မှု နှိမ်နင်းရေးမှာ အခက်အခဲ ရှိနေလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် ရုရှား -မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံအားလုံးနှင့် လွတ်လပ်သော ဆက်ဆံရေးရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒနှင့်အညီ ဆောင်ရွက်ကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မည်သည့်နယ်ပယ်တွင်မဆို နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိမည်ဆိုပါက ပူးပေါင်းလုပ်ဆောင်၍ရသည့် နယ်ပယ်မှန်သမျှ ပူးပေါင်းလုပ်ဆောင်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

COVID-19 ရောဂါနှင့်ပတ်သက်၍ တစ်နိုင်ငံတည်း လုပ်ဆောင်၍မရကြောင်း၊ နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ကြောင်း၊ အစိုးရ သို့မဟုတ် အုပ်ချုပ်သူအဖွဲ့အစည်းများက လုံလောက်သောပံ့ပိုးမှုများ လုပ်ပေးရန် လိုအပ်ကြောင်း၊ မိမိနှင့်မဆိုင်ဟုဆိုကာ နေ၍မရကြောင်း၊ COVID-19 နှင့်ပတ် သက်သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက အကောင်းဆုံးဖြစ်ကြောင်းနှင့် COVID-19 နှင့်ပတ်သက်၍ လက်ရှိအချိန်အထိ မည်သည့်အာမခံချက်မျှ မပေးနိုင်သေးကြောင်းလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်။

 

Most Read

Most Recent