၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာသံရုံးများ ထုတ်ပြန်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာသံရုံးများ ထုတ်ပြန်
Published 1 July 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ မြန်မာနိုင်ငံသံရုံးများက ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံပြင်ပရောက်ရှိနေသော မဲဆန္ဒရှင်များ စနစ်တကျ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် လုပ်ငန်းလမ်းညွှန်နှင့်အညီ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပါရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးအလိုက် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း၊ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်တို့အား မကြာမီထုတ်ပြန်ကြေညာသွားရန်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေသည့်အတွက် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သတ်မှတ်ထားသည့် ပုံစံ(၁၅) ကို ဖြည့်စွက်လျက် မြန်မာသံရုံးသို့ ပြန်လည်ပေးသွားရန်ရှိမည်ဖြစ်ကြောင်းနှင့် ကော်မရှင်မှ ရွေးကောက်ပွဲများ ကျင်းပမည့် နေ့ရက် ထုတ်ပြန်ပြီးသည့်အခါတွင် ပုံစံ(၁၅)များကို ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံရောက် မဲဆန္ဒရှင် မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် မြန်မာသံရုံးက အဆင်ပြေချောမောစွာ အပြန်အလှန်ဆောင်ရွက်နိုင်ရန် အမည်(အင်္ဂလိပ်/မြန်မာ)၊ အမြဲတမ်း နေရပ်လိပ်စာ (မြန်မာနိုင်ငံ)၊ လက်ရှိနေရပ်လိပ်စာ (ဂျပန်နိုင်ငံ)၊ ဆက်သွယ်နိုင်သည့် Email၊ လက်ကိုင်ဖုန်းနံပါတ်တို့ကို election [email protected] သို့ ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ ပေးပို့ကြရန် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။

ထို့ပြင် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပမည့် နေ့ရက်အား မကြာမီထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး ယင်းရွေးကောက်ပွဲတွင် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေကြသော မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၇(က)အရ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါရှိသည်။

စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားမဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသော ပုံစံ(၁၅) ဖြည့်စွက်နိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဖြည့်စွက်ပုံစံများကို မြန်မာသံရုံးသို့ပေးပို့ကြရန်နှင့် ပုံစံ(၁၅) ဖြည့်စွက်ခြင်း/ ပေးပို့ခြင်းကိစ္စများကို မြန်မာသံရုံး စင်ကာပူမြို့၏ အီးမေးလ် [email protected] ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ပရောက် မဲဆန္ဒရှင်များအားလုံး ၎င်းတို့နှင့် နီးစပ်ရနေရာတွင် မဲပေးခွင့်ရရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က မြန်မာအသံနှင့် မေးမြန်းဖြေကြားမှုတွင် ပြောကြားထားသည်။

“ပထမခြေလှမ်းအနေနဲ့က သံရုံးတို့ ကောင်စစ်ဝန်ရုံးတို့ အမြဲတမ်းကိုယ်စားလှယ်ရုံးတို့ကို လာရောက်နိုင်သူပဲ ပေးရမယ်ဆိုတော့ နည်းနေတာပေါ့။ မသွားရောက်နိုင်သော်လည်း သူတို့သွားနိုင်တဲ့ နီးတဲ့နေရာမှာ ဆောင်ရွက်ပေးမယ်ဆိုရင် အခက်အခဲကို ကျော်လွှားနိုင်တာပေါ့။ ဒုတိယခြေလှမ်းအနေနဲ့ မဲဆောက်တို့၊ ရနောင်းတို့၊ မယ်ဆိုင်တို့ကို စမ်းသပ်ပြီး ဘယ်လိုလုပ်မလဲ နောက်တစ်ဆင့် အိမ်နီးချင်းနိုင်ငံတွေ အိန္ဒိယ၊ တရုတ်၊ နောက်ဂျပန်၊ စင်ကာပူတို့မှာ အားလုံးမဲပေးနိုင်အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာ စီမံချက်တွေဆွဲပြီး ဆောင်ရွက်သွားရင် အားလုံးမဲပေးနိုင်တဲ့ အခြေအနေကို ရောက်သွားမှာပါ” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ပြည်ပရောက်တွင် ရောက်ရှိနေသော မဲဆန္ဒရှင် အရေအတွက်သည် သန်းနှင့်ချီ၍ ရှိသော်လည်း ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများက ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် ပုံစံ ၁၅ ဖြည့်စွက်တောင်းဆိုသူ ၆၀၀၀ ကျော်သာရှိပြီး မဲပေးသူအရေအတွက်သည်လည်း ၆၀၀၀ ကျော်သာဖြစ်ကြောင်းနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် စုစုပေါင်း သံရုံး ၄၀ မှ ပုံစံဖြင့် တောင်းဆိုသူ ၃၀၀၀၀ ကျော်ရှိပြီး မဲပေးသူအရေအတွက်သည် ၂၀၀၀၀ ကျော်သာရှိကြောင်း ၎င်းက ဆိုသည်။

ထိုသို့ ပြည်ပရောက် မဲဆန္ဒရှင်များ၏ မဲပေးသည့်အရေအတွက် နည်းပါးခြင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲစနစ်အရ အချို့နိုင်ငံများတွင် အွန်လိုင်းနှင့် စာတိုက်မှမဲပေးခြင်းများ ပြုလုပ်နိုင်သော်လည်း မြန်မာနိုင်ငံ၌ ယင်းကိစ္စကို ခွင့်ပြုထားခြင်းမရှိဘဲ သက်ဆိုင်ရာသံရုံး၊ ကောင်စစ်ဝန်ရုံးနှင့် အမြဲတမ်းကိုယ်စားလှယ်ရုံးများသို့ ကိုယ်တိုင်သွားရောက် မဲပေးရခြင်းဖြစ်၍ နေထိုင်ရာနေရာနှင့် ဝေးကွာခြင်းနှင့် ငွေကြေးများကြောင့် မဲပေးခွင့်မရခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

“၂၀၁၀ နဲ့ ၂၀၁၅ မှာ ကြည့်လိုက်တော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေက နည်းတာပေါ့နော်။ ကျွန်တော်တို့နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံမှာဆိုရင် ကြိုတင်ဆန္ဒမဲပေးတဲ့ ဦးရေက ထောင်ဂဏန်းတောင်မပြည့်ဘူး။ ၆၀၀ ကျော် လို့ပဲသိရတယ်။ တကယ်တမ်းကျတော့ သွားရောက်လုပ်ကိုင်သူတွေက သန်းနဲ့ချီပြီး ရှိတယ်လို့ သိရတယ်။ သူတို့မဲပေးလိုကြတယ်။ သွားပြီးတော့ မဲမပေးနိုင်ကြဘူး။ အခက်အခဲရှိတယ်။ ဒီလိုပဲ အိန္ဒိယတို့၊ တရုတ်တို့၊ ဂျပန်တို့၊ ကိုရီးယားတို့၊ မလေးရှားတို့၊ အမေရိကန်၊ အင်္ဂလန် စသည်ဖြင့် ဒီနိုင်ငံတွေမှာလည်း သွားရောက်လုပ်ကိုင်သူ အများကြီးရှိတာပေါ့။ အခက်အခဲကြောင့် သွားရောက်မဲပေးနိုင်ခြင်းမရှိတဲ့အခါကျတော့ ဥပဒေအရ မဲပေးနိုင်ခွင့်ရှိသော်လည်း ပေးကားပေး၏ မရတာပေါ့” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ်မ ၄၇(က) ၌ ရွေးကောက်ပွဲကျင်းပသော အချိန်တွင် နိုင်ငံပြင်ပသို့ ရောက်ရှိနေသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သံအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ သံရုံးအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပညာတော်သင်များနှင့် အိမ်ထောင်စုဝင်များ ကိုယ်စားလှယ်တော်များနှင့် အိမ်ထောင်စုဝင်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများနှင့် အိမ်ထောင်စုဝင်များက သက်ဆိုင်ရာမဲဆန္ဒနယ်များအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ဆောင်ရွက်ပေးရမည်ဟူ၍ အတိအလင်းဖော်ပြထားပြီး ပုဒ်မခွဲ (ခ) တွင်လည်း နိုင်ငံ့ပြင်ပသို့ ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ကြိုတင်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုတင်၍ ဆက်သွယ်ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် လက်ရှိကျင့်သုံးနေသောလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဦးမြင့်နိုင်က “နိုင်ငံပြင်ပမှာ ရောက်နေတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေ ကြိုတင်၍ ဆန္ဒမဲပေးဖို့ရာအတွက် ဆိုပြီးတော့ ရွေးကောက်ပွဲကျင်းပရက် မကြေညာခင်ကတည်းက နိုင်ငံပြင်ပမှာရောက်နေတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေ ဖြည့်သွင်းနိုင်အောင် ပုံစံ ၁၅ တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကို ကြိုပေးရတာပေါ့။ ပုံစံ ၁၅ ဆိုတာ မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်တွေ ကြိုတင်ဆန္ဒမဲပေးနိုင်အောင် ဖြည့်သွင်းပေးရတဲ့ ပုံစံပေါ့။ (ဘယ်နိုင်ငံ/ ဘယ်ဒေသကို ရောက်နေတယ်။ မူရင်းမြန်မာနိုင်ငံတွင် ဘယ်မှာနေတယ်ဆိုတာ ကြိုတင်မဲပေးဖို့ ဖြည့်သွင်းရတဲ့ပုံစံ)။ နိုင်ငံခြားရေးဝန်ကြီးဌာနက ပုံစံ ၁၅ ကိုရရှိပြီဆိုရင် သက်ဆိုင်ရာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနဲ့ ကောင်စစ်ဝန်ရုံးတို့ကို ဆက်လက်ပေးပို့ပါတယ်။ သက်ဆိုင်ရာရုံး အကြီးအမှူးတွေက မဲဆန္ဒရှင်တွေထံ ပုံစံ ၁၅ ကိုပေးပြီးတော့ ဘယ်နေ့အရောက် ပြန်လည်ပေးဖို့ နေ့ရက်သတ်မှတ်ပြီး တစ်ပါတည်း အကြောင်းအကြားပေးရတယ်။ ရရှိတဲ့ မဲဆန္ဒရှင်တွေက ဖြည့်သွင်းပြီးတော့ အကြီးအမှူးထံ အချိန်မီ ပြန်လည်ပေးပို့ရပါတယ်။ အကြီးအမှူးက စိစစ်ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ဌာနကိုပြန်ပို့မယ်။ ဌာနကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လွှဲအပ်မယ်။ ကော်မရှင်ကမှ စိစစ်ပြီး သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲကို ပေးပို့တယ်။ ပုံစံတွေကို ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွေက နေပြီးတော့ ပုံစံ ၁၅ ကို နိုင်ငံပြင်ပမှာ ရောက်ရှိနေတဲ့ ကြိုတင်ဆန္ဒမဲပေးသူများ စာရင်းဆိုပြီး ပုံစံ (၁)- ၃ ဆိုပြီး သတ်မှတ်ထားတဲ့ထဲမှာ သီးခြားရေးမှတ်ထားလိုက်တယ်” ဟု ရှင်းလင်းပြောကြားသည်။  

Most Read

Most Recent