ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များ ကြေညာ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များ ကြေညာ
Published 29 June 2020
နေမျိုးဝင်း

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များကို သတ်မှတ် ကြေညာသည့် ထုတ်ပြန်ချက်ကို ဇွန် ၂၉ ရက် ညပိုင်း၌ Union Election Commission Facebook မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (ဃ) နှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၄ တို့အရ ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ် ၃၃၀ ကို တစ်မြို့နယ်လျှင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အဖြစ် သတ်မှတ် ကြေညာကြောင်း သိရသည်။

ထိုနည်းတူ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်နှင့် ပတ်သက်၍လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (ဃ) နှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေပုဒ်မ ၄ တို့အရ ပြည်ထောင်စု တစ်ဝန်းလုံးရှိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလျှင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နယ်စီ စုစုပေါင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ် သတ်မှတ်ကြောင်း သိရသည်။

ထို့ပြင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (ဃ) နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄ တို့အရ ပြည်ထောင်စု တစ်ဝန်းလုံးရှိ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ် နှစ်နယ်စီကို မဲဆန္ဒနယ်များအဖြစ် သတ်မှတ်ခဲ့ပြီး တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် စုစုပေါင်းမှာ ၆၄၄ နယ် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (ဃ) နှင့်တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄ တို့အရ ပြည်ထောင်စု တစ်ဝန်းလုံးရှိ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များတွင် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ရွေးကောက် တင်မြှောက်ခွင့်ရှိသည့် တိုင်းရင်းသားလူမျိုး တစ်မျိုးစီအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုလုံးကို မဲဆန္ဒနယ် တစ်နယ်စီအဖြစ် သတ်မှတ်ကြေညာခဲ့ပြီး စုစုပေါင်း တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မှာ ၂၉ နယ်ဖြစ်ကြောင်း သိရသည်။

အထက်ပါ မဲဆန္ဒနယ်များ စာရင်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ website link တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

Most Read

Most Recent